ရခိုင်ရိုးမသို့ စစ်ကြောင်းထိုးရန် မင်းတုန်းတွင် စစ်တပ်က အင်အားရာချီ ဖြည့်တင်းနေ

By MPM 26 ဩဂုတ်, 2026 👁 58

ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်သို့ ထိုးစစ်ဆင်နိုင်ရန်အတွက် အာဏာသိမ်းစစ်တပ်က ယခုရက်ပိုင်းအတွင်း မင်းတုန်မြို့နယ်ကို အင်အား ရာနှင့်ချီ ဖြည့်တင်းမှုများကို ပြုလုပ်နေသည်ဟု စစ်ရေးသတင်းရင်းမြစ်များမှ သိရသည်။

တပ်မ ၅၅ လက်အောက်ခံတပ်သားများနှင့် ပြည်သူ့စစ်ပူးပေါင်း အင်အား ၂,၀၀၀ ဝန်းကျင်သည် သရက်မြို့နယ်ရှိ ကပစ – ၁၂ သို့ ဩဂုတ် ၂၂ ရက်တွင် ရောက်ရှိနေပြီး ယင်းထဲမှ အင်အား ၃၀၀ ခန့်ပါ စစ်ယာဉ်တန်းတစ်ခု မင်းတုန်းမြို့သို့ ဩဂုတ် ၂၃ ရက်က ရောက်ရှိနေကြောင်း သိရသည်။

မင်းတုန်းအခြေစိုက် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “မင်းတုန်းကို စစ်တပ်က အင်အားရာချီ ဖြည့်တင်းနေတာရှိတာ။ အထူးသဖြင့် ရခိုင်ရိုးမ မင်းတုန်း-မအီ လမ်းကြောင်းကို ပြန်ထိုးစစ်ဆင်လာနိုင်တယ်။ အရင်ဇွန်လနဲ့ ဇူလိုင်လ အစောပိုင်းကလည်း စစ်ကြောင်းတွေထိုးခဲ့ပေမယ့် AA နဲ့ ပူးပေါင်းတပ်တွေက ချေမှုန်းထားနိုင်တာကြောင့် စစ်တပ်က တပ်လန်ပြီး မင်းတုန်မြို့ကို ပြန်ဆုတ်ခဲ့ရတာ။ အခုတစ်ဖန် အင်အားစုဆောင်းပြီး ပြန်တက်ဖို့ လုပ်လာနေတာ” ဟု ပြောသည်။

အာဏာသိမ်းစစ်တပ်သည် ရခိုင်ပြည်သို့ ထိုးဖောက်ဝင်ရောက်နိုင်ရန်အတွက် မကွေး၊ ပဲခူး၊ ဧရာဝတီနှင့် ချင်းပြည်နယ်တို့က ကြိုးပမ်းနေခြင်းဖြစ်ပြီး မကွေးတိုင်းအတွင်းက နတ်ရေကန်နှင့် မင်းတုန်းဘက် စစ်ကြောင်းနှစ်ခုနှင့် ထိုးဖောက်ရန် ကြိုးပမ်းလာနေခြင်းလည်းဖြစ်သည်။

မင်းတုန်းသည် တောင်ကုတ်မြို့နှင့်နယ်နိမိတ်ချင်း ထိစပ်နေသည့် မြို့နယ်တစ်ခုဖြစ်ပြီး အာဏာသိမ်းစစ်တပ်က တောင်ကြား လမ်းများကို အသုံးပြု၍ ရခိုင်သို့ဝင်ရောက်ရန် ကြိုးပမ်းနေသည်။

“စစ်တပ်ရဲ့ ရခိုင်ပြည်ကို ထိုးဖောက်ဝင်ရောက်နိုင်ဖို့ နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးစားလာနေတာကို တွေရှိတယ်။ ဒီလို ကြိုးပမ်းမှုနဲ့အတူ စစ်တပ်နဲ့ AA အကြား ထိတွေ့တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်သေးတယ်။ စစ်တပ်ကတော့ ရခိုင်ဖက်မှာ ရှုံးနိမ့်ထားမှုတွေကို ပြန်ရနိုင်ဖို့ ရှိသမျှ အင်အားနဲ့ ပုံအောပြီး ကြိုးပမ်းလာတဲ့ ပုံစံမျိုးပဲ” ဟု ရခိုင်စစ်ရေးလေ့လာစောင့်ကြည့်သူတစ်ဦးက ပြောသည်။

ရခိုင်ပြည်သို့ ဝင်ရောက်နိုင်ရေးအတွက် အာဏာသိမ်းစစ်တပ်သည် နည်းလမ်းပေါင်းစုံအသုံးပြုနေပြီး AA တန်ပြန်စစ်ကြောင့် ထိုးဖောက်နိုင်စွမ်းမရှိပေ။

ထိုသို့မြေပြင်တွင် အကျအဆုံးနှင့် ရင်ဆိုင်နေရသော စစ်တပ်သည် လေကြောင်းအသုံးပြု၍ ရခိုင်ပြည်အတွင်း အရပ်သားနေထိုင်ရာများကို ဦးတည်တိုက်ခိုက်နေသည်။

DMG