ဖရူဆိုမြို့နယ်အရှေ့ဘက်ခြမ်းရှိ ကျေးရွာတရွာကို အာဏာသိမ်းစစ်တပ် ဒရုန်းနဲ့ နှစ်ကြိမ် ဗုံးကြဲ၊ နေအိမ်တလုံး ပျက်စီး

By MPM 10 စက်တင်ဘာ, 2026 👁 53

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အရှေ့ဘက်ခြမ်း (ကေးလျား) မြို့နယ်အတွင်းက ကျေးရွာတရွာကို စက်တင်ဘာလ ၈ ရက်နေ့ ညနေ ၅ နာရီကျော်အချိန်မှာ အာဏာသိမ်းစစ်တပ်က ဒရုန်းနဲ့ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူနေအိမ်တလုံး ထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။

စက်တင်ဘာလ ၈ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်မှာ တကြိမ်နဲ့ ၅ နာရီ ၄၅ မိနစ်မှာ တကြိမ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“မနေ့က ညနေ တစ်လုံးချတယ်။ ခုနလည်း ဒရုန်းဝဲနေတယ်။ လူနေအိမ်တော့ တချို့ထိခိုက်ပျက်စီးတာရှိတယ်” လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ ရက်နေ့မှာလည်း ကေးလျားမြို့နယ်အတွင်းက လူထုတွေနေထိုင်တဲ့ ကျေးရွာတရွာကို အာဏာသိမ်းစစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်နှစ်လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

“ပြီးခဲ့တဲ့ရက်ကလည်း လာကြဲတယ်လေး။ လူတော့ မထိဘူး။ ဒါပေမယ့် အိမ်တွေတော့ ထိသွားတာပေါ့နော။ နှစ်လုံးပျက်သွားတယ်” လို့ အဆိုပါ ဒေသခံအမျိုးသားက ပြောပါတယ်။

ဖရူဆိုမြို့နယ်အရှေ့ဘက်ခြမ်း (ကေးလျား) မြို့နယ်အတွင်းက လူထုနေထိုင်ရာ ကျေးရွာတွေနဲ့ တောင်ယာလုပ်ငန်းခွင်နေရာတွေကို အာဏာသိမ်းစစ်တပ်က မကြာခဏ ဒရုန်းနဲ့ ကင်းထောက်တာ၊ ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်နေတာကြောင့် အရပ်သားထိခိုက်မှုနဲ့ နေအိမ်ပျက်စီးမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကန္တာရဝတီတိုင်း (မ်)