အစုလိုက်အပြုံလိုက် မီးရှို့ခံရတဲ့ မိုဆိုကျေးရွာအနီးဖြစ်စဉ်မှာ ပါဝင်တဲ့ တပ်မ ၆၆လက်အောက်ခံ ခမရ (၁၀၈) ဓနုဖြူအခြေစိုက်တပ်ရင်းက သုံ့ပန်း ၄ ဦးကို တိုက်ပွဲအတွင်း ဖမ်းဆီးရမိထားပြီး စစ်ဆေးမေးမြန်းချက်အရ သူတို့ဟာ မိုဆိုဖြစ်စဉ်မှာ မပါဝင်ခဲ့ကြောင်း ငြင်းဆိုထားတယ်လို့ KNDF သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ကျနော်တို့ရဲ့တွေ့ရှိချက်ကတော့ ဒီအခင်းဖြစ်ပွားနေတဲ့အချိန်မှာ သူတို့မပါဘူးဆိုတာကိုပဲပြောတယ်။ သူတို့တပ်မ ၆၆ ဓနုဖြူတပ်ရင်း မပါဘူးဆိုတာကိုပဲ သူတို့ကထပ်ခါတလဲလဲ ပြောကြတယ်ပေါ့နော။ ဆိုတော့ ဒီတပ်ရင်းက နှစ်ယောက်ကိုဗျူးတဲ့အခါမှာ အဖြေက နှစ်မျိုးစီဖြစ်နေတယ်။ သူတို့ရောက်ရှိနေတဲ့နေရာတွေက မတူဘူးဖြစ်နေတယ်ပေါ့နော။ ဆိုတော့ ဒါ ဖုံးဖိထားတယ်။ လိမ်လည်ထားတဲ့ဟာ တစ်ခုဖြစ်တယ်လို့ပဲ ကျနော်တို့ယူဆရတယ်“ လို့ သူက ပြောပါတယ်။
စစ်သုံ့ပန်း လေးဦးကို ဒီဇင်ဘာလ ၃ ရက်နေ့ ဒီးမော့ဆိုမြို့နယ် ဒေါကမီးကျေးရွာ တိုက်ပွဲအတွင်း ဖမ်းမိခဲ့တာဖြစ်ပါတယ်။
တပ်ကြပ်ကြီး တစ်ဦး၊ တပ်ကြပ် ၂ ဦးနဲ့ တပ်သား ၁ ဦးတို့ဖြစ်ကြပြီး အသက် ၄၀ ကျော်နှစ်ဦးနဲ့ ၂၀ ကျော် နှစ်ဦးတို့ဖြစ်ကြပါတယ်။
သုံ့ပန်းတွေကို မေးမြန်းစစ်ဆေးရာမှာ ထွက်ဆိုချက်အရ တပ်မ ၆၆လက်အောက်ခံ ခလရ ၁၄ နဲ့ ခမရ ၁၀ တို့ မိုဆို အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်တဲ့ဖြစ်စဉ်ကို ကျူးလွန်ခဲ့တယ်လို့ ထွက်ဆိုထားတာပါ။
စစ်သုံ့ပန်းတွေရဲ့ ထွက်ဆိုချက်တွေဟာ အရေးကြီးပြီး နောင်တချိန်မှာ နိုင်ငံတကာစစ်ခုံတရားရုံးကို တင်သွင်းနိုင်ဖို့အတွက် လက်ရှိမှာ သူတို့ကို ဆေးကုသမှု ပေးထားပါတယ်။
“ဒီသက်သေအနေနဲ့ လိုချင်တဲ့ အကြောင်းအရင်းပေါ့။ နိုင်ငံစစ်ခုံရုံးကို တင်လိုက်ပေါ့။ ဒီမိုဆိုကိစ္စမှာ ဒီတပ်ရင်းက ကျူးလွန်ခဲ့တဲ့ စစ်တပ်ကကျူးလွန်ခဲ့တဲ့ တပ်ကမိထားတဲ့ စစ်သုံ့ပန်းတွေသည်လည်း သက်သေအနေနဲ့ လူသက်သေအနေနဲ့ ပါနိုင်အောင်လို့ ကျနော်တို့က ဒီဟာကို ကုသပေးခြင်းဖြစ်တယ်ပေါ့နော” လို့ တိုက်ပွဲအတွင်း ဒဏ်ရာရရှိထားတဲ့ စစ်သုံ့ပန်းတွေကို ဆေးကုသမှု ဆောင်ရွက်ပေးနေတဲ့ ဒေါက်တာတစ်ဦးက ပြောပါတယ်။
ဖမ်းဆီးမိထားတဲ့ စစ်သုံ့ပန်းလေးဦးကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) နဲ့ ကရင်နီပြည်ရဲဌာန (KSP) တို့ကနေပြီး ပူးပေါင်းစစ်ဆေးမေးမြန်းဆောင်ရွက်နေပါတယ်။
လူဦးရေ ၄၀ ကျော်ပါဝင်ခဲ့တဲ့ မိုဆို အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခံရမှုဟာ ကရင်နီပြည်မှာ အဆိုးဝါးဆုံး လူ့အခွင့်အရေးချိုးဖောက်မှုတစ်ခုဖြစ်ပြီး ကျူးလွန်ခဲ့တဲ့ စစ်ကောင်စီတပ်ကိုလည်း နိုင်ငံတကာခုံရုံး (ICC) မှာ တရားစွဲဆိုမှု ပြင်ဆင်လျက်ရှိနေသလို အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ (IIMM) ထံ သက်သေအထောက်အထား ပေးပို့ထားတယ်လို့ သိရပါတယ်။
နော်ဒွေးအယ်ခူ ကန္တာရဝတီတိုင်း(မ်) – ပေးပို့သည်။