ပေါင်မြို့နယ် ပြည်သူ့စစ်တပ်ဖွဲ့ဝင်ဟောင်းတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ

By MPM 13 စက်တင်ဘာ, 2023 👁

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ရင်းငြိမ်တောင်ကျေးရွာတွင် စက်တင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းက အရန်မီးသတ်နှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်ဟောင်းတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။

ရင်းငြိမ်တောင်ကျေးရွာ တောင်ပေါ်တန်းပိုင်းနေ ပြည်သူ့စစ်တပ်ဖွဲ့ဝင်ဟောင်း အသက် ၆၈ နှစ်အရွယ် ဦးကျားကြီးသည် ၎င်းနေအိမ်တွင် ရှိနေစဉ် ဆိုင်ကယ်ဖြင့် လူနှစ်ဦးရောက်ရှိလာပြီး ဦးကျားကြီးအား သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ဆိုသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးကျားကြီးသည် ညာဘက်ပေါင် ကျည်ထိမှန်ဒဏ်ရာရရှိပြီး သထုံခရိုင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူနေရသည်ဟု ဒေသခံတို့ထံမှ သိရသည်။

“ သေနတ်ပစ်ခတ်ခံရတဲ့ ဦးကျားကြီးက အသက်အန္တရာယ်တော့ မရှိဘူးလို့ သိရတယ်” ဟု ရင်းငြိမ်ဒေသခံ တစ်ဦးက ပြောသည်။ ဦးကျားကြီးကို မည်သူက မည်သည့်အကြောင်းကြောင့် ပစ်ခတ်ခဲ့သည်ကို အတည်ပြုနိုင်ခြင်း မရှိသေးပါ။

ဦးကျားကြီးသည် ရင်းငြိမ်တောင်ကျေးရွာ အရန်မီးသတ်တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သည့်အပြင် ပြည်သူ့စစ်တပ်ဖွဲ့ဝင်ဟောင်း တစ်ဦးလည်းဖြစ်ကြောင်းနှင့် လက်ရှိတွင် ကျောင်းတက်ကျောင်းဆင်းချိန် ကျောင်းသား/ကျောင်းသူများ ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်။

စက်တင်ဘာလ ၇ ရက်နေ့ကလည်း ပေါင်မြို့နယ်၊ ရင်းငြိမ်ရဲကင်းစခန်း ရှော့တိုက်မိုင်းဖြင့် တိုက်ခိုက်ခံခဲ့ရသေးကြောင်း ဒေသခံများထံမှ သိရသည်။

ပေါင်မြို့နယ်အတွင်း ရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ စစ်ကောင်စီနှင့် နီးစပ်သူများ၊ စစ်ကောင်စီ သတင်းပေးဆိုသူများ၊ ပြည်သူ့စစ် ပစ်သတ်ခံရသည့်ဖြစ်စဉ် မကြာခဏ ဖြစ်ပွားနေသည်ဟု မြို့ခံများက ပြောသည်။

IMNA ပေးပို့သည်။