ပုလောတွင် အာဏာသိမ်းစစ်တပ်စစ်ကြောင်းက အရပ်သားနှစ်ဦး သတ်ဖြတ်၊ နေအိမ် ၉ လုံးပါ မီးရှို့ဖျက်ဆီး

By MPM 31 ဩဂုတ်, 2026 👁 63

တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင်၊ ပုလော (လယ်မူလား) မြို့နယ်တွင် စစ်ကြောင်းထိုးဝင်လာရောက်လာသည့် အာဏာသိမ်းစစ်တပ်က အရပ်သားပြည်သူနှစ်ဦးကို သတ်ဖြတ်ပြီး၊ နေအိမ် ၉ ကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်သည်။

ပုလော (လယ်မူလား) မြို့နယ်၊ မဇောကျေးရွာအုပ်စုအတွင်း ဩဂုတ်လ ၂၇ ရက်နေ့က စစ်ကြောင်းထိုးဝင်ရောက်သည့် စစ်ကော်မရှင်စစ်ကြောင်းက ငါးရပ်အင်းရွာသား နှစ်ဦးကို သတ်ဖြတ်ခဲ့သည်ဟု ဆိုသည်။

စစ်ကြောင်းသည် တုံးဗျော‌ကျေးရွာရှိ နေအိမ် ၈ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဩဂုတ်လ ၂၈ ရက်နေ့တွင် ရေခမ်းချောင်းကျေးရွာရှိ နေအိမ် တစ်လုံးကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့သည်။

မဇောကျေးရွာအုပ်စုအတွင်းရှိ ငါးရပ်အင်းကျေးရွာ၊ တုံး‌ဗျောကျေးရွာ၊ ရေခမ်းချောင်းကျေးရွာ၊ ဒူးကျိုးကျေးရွာတို့ကို စစ်တပ်က မာရှယ်လော (စစ်အုပ်ချုပ်ရေး) ကြေငြာထားသည်။

စစ်တပ်သည် နိုင်ငံတစ်၀န်းရှိ အပြစ်မဲ့ အရပ်သားပြည်သူများသို့ လေယာဉ်၊ ဒရုန်းနှင့် လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်း၊ အရပ်သားပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း စသည့် စစ်ရာဇ၀တ်မှုများကို နေ့စဉ်နှင့်အမျှ ကျူးလွန်နေသည်ဟု KNU က ဆိုသည်။

IMNA