နမ့်ဆန်မြို့နယ်အတွင်း လက်နက်ကြီးပစ်ခတ်မှုကြောင့် ပျက်စီးသွားသော နေအိမ်များအား နှစ်ဘက်လက်နက်ကိုင်အဖွဲ့များ ပြန်ဆောက်ပေးစေလို

By MPM 14 ဒီဇင်ဘာ, 2022 👁 8

လက်နက်ကြီး ပစ်ခတ်မှုများကြောင့် သော်လည်းကောင်း၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၍သော်လည်းကောင်း ပျက်စီးသွားသည့် နေအိမ်များကို နှစ်ဖက်လက်နက်ကိုင် အဖွဲ့အစည်းက တာဝန်ယူမှု တာဝန်ခံမှုအပြည့်နှင့် ပြန်လည် ပြုပြင်တည်ဆောက်ပေးရန် ဒေသခံများက တောင်းဆိုသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်အတွင်းတွင် စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုများနှင့် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုတို့ကြောင့် ဒေသခံ ၁ သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် နေအိမ်အများအပြားလည်း မီးလောင်ပျက်စီးသွားခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက နမ့်ဆန်မြို့နယ် ကုန်းသာကျေးရွာတွင် ဖြစ်ပွားခဲ့သည့် စစ်တပ်နှင့် တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့အကြားက တိုက်ပွဲအတွင်း စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုများနှင့် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုတို့ကြောင့် နေအိမ်အများအပြား မီးလောင်ပျက်စီးခဲ့သည်ဟု ဒေသခံများနှင့် တအာင်း အရပ်ဖက်အဖွဲ့အစည်းများက ပြောသည်။

နမ့်ဆန်မြို့သို့ စစ်ဘေးရှောင်လာသည့် ကုန်းသာကျေးရွာသားတစ်ဦးက “အိမ်ရဲ့ အခြေအနေက သူက မီးလောင်သွားတာ မီးလောင်တဲ့အိမ်က ၇ အိမ်လောင်တယ်။ အိမ်ပေါင်း ၅၀ ကျော် ပျက်စီးတယ်။ ပျက်စီးသွားတဲ့ အိမ်တွေကျတော့ သူတို့ လက်နက်ကြီးတွေလည်းထိတာလည်း ရှိတယ်။ လေယာဉ်ပျံလာပစ်တယ်။ လာပစ်တယ်ဆိုတော့ အဲသလိုမျိုး ပျက်စီးသွားတာ။ လက်နက်ကြီးကျတဲ့ အိမ်တွေဆိုရင်တော့ မီးလောင်သွားတဲ့ အိမ်လည်း အဲလိုမျိုးပါသွားတာ” ဟုပြောသည်။

တအာင်းအရပ်ဖက်အဖွဲ့အစည်းက တာဝန်ရှိသူ အမျိုးသမီးတစ်ဦးကလည်း ကုန်းသာကျေးရွာရှိ လူနေအိမ်များ ထိခိုက်ပျက်စီးသည့် အခြေအနေများနှင့် ပတ်သက်၍ ယခုလိုပြောသည်။

“တိုက်ပွဲဖြစ်ပွားတဲ့ ဧရိယာ အထူးသဖြင့် ဒီကုန်းသာ ကျေးရွာပေါ့နော ကုန်းသာ ခေါ် ဂျောင်ဘရမ်းလို့ ခေါ်တယ်။ အဲဒီမှာဆိုရင်တော့ ကျမတို့ သိရသလောက်ဆိုရင်တော့ အိမ်က လုံးဝကို ပျက်စီးသွားတာက ၄ လုံး ရှိ တယ်။ လုံးဝကို ပြာကျသွားတယ်။ ပြီးရင်ဘုန်းကြီးကျောင်းကလည်း တော်တော်များများ ထိခိုက်ထား တဲ့ဟာ တွေ ရှိတယ်။ ကျန်တဲ့ တစ်ရွာလုံးနီးပါးလိုမျိုးကတော့ ထိခိုက်မှုတွေတော့ ရှိတယ်။ ဒါပေမယ့် ခုနပြောသလို မျိုး အိမ် ၄ လုံးကျတော့ လုံးဝကို မီးလောင်ပြာကျပြီးတော့မှ ကျန်တဲ့ဟာတွေကျတော့ တစ်စွန်းတစ်စ ထိခိုက် ပျက်စီးတဲ့ဟာတွေတော့ ရှိတယ်။ တစ်ရွာလုံး နီးပါးလိုလို ထိခိုက်မှုတွေတော့ တွေ့ရတယ်။”

စစ်တပ်၏ လက်နက်ကြီး ပစ်ခတ်မှုများနှင့် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုတို့ကြောင့် လူနေအိမ်များ မီးလောင် ပျက်စီးခဲ့ရသည့်အပြင် လူထိခိုက်သေဆုံးမှုများလည်း ရှိခဲ့သည်ဟု အဆိုပါ တအာင်း အရပ်ဖက်အဖွဲ့အစည်းက တာဝန်ရှိသူ အမျိုးသမီးက ဆက်ပြောသည်။

၎င်းက “လောလောဆယ်က ကျမတို့ သတင်းရထားပုံအရဆိုရင်တော့ ဒေသခံ ၂ ယောက်ပေါ့နော ၂ ယောက်ကတော့ ဒဏ်ရာရထားတယ်။ လောလောဆယ် ဆေးကုသမှု ခံယူနေတယ်။ နောက်တစ်ယောက်ကျတော့ သေဆုံး သွားတယ်။ ကျန်တဲ့ ထိခိုက်မှုတွေကျတော့ အသေးစိတ်တော့ မသိရသေးဘူး။ ကျန်တဲ့ ဒီတိရစ္ဆာန်ပိုင်း ကျွဲ၊ နွားတွေနဲ့ ဆက်စပ်ပြီးမှ ထိခိုက်မှုတွေလည်းရှိတယ်။ အသေးစိတ်ကတော့ မရသေးဘူးရှင့်” ဟု ပြောသည်။

တိုက်ပွဲများကြောင့် လူသေဆုံးမှုများနှင့် နေအိမ်များ ပျက်စီးခဲ့ရသည့်အတွက် နှစ်ဖက်လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ပြည်သူများနေထိုင်သည့် ကျေးရွာအတွင်းတွင် တိုက်ပွဲဖော်ဆောင်မှုမလုပ်ရန် ဒေသခံများက တောင်းဆိုသည်။

ကုန်းသာရွာသားတစ်ဦးက “ကျနော်တို့က ထွက်ပြေးတိမ်းရှောင်နေရတာဆိုတော့ ကျနော်တို့ ပြန်ကြည့်တော့ ဒီနေ့ပြန်ကြည့်လိုက်တော့ အိမ်တွေကလည်း မီးလောင်သွားတယ်ဆိုတော့ စိတ်တော့မ ကောင်းဘူးပေါ့။ နောက်တစ်ကြိမ် အဲလိုမျိုး မဖြစ်အောင် ကျနော်တို့ကို သူတို့ ရှောင်ပေးသင့်တယ်ပေါ့။ အဲသလိုမျိုး ကျနော်တို့ နောက်ထပ်တစ်ခါ မဆုံးရှုံးအောင်ပေါ့” ဟု ပြောသည်။

တအာင်းအရပ်ဖက် အဖွဲ့အစည်းက တာဝန်ရှိသူတစ်ဦးကလည်း “ဒီ တိုက်ပွဲဖြစ်နေတယ်ဆိုရင်တော့ အခု ဆောင်ရွက်နေတဲ့ဟာနဲ့ ပတ်သက်ပြီးတော့ ပြန်ကြည့်မယ်ဆိုရင်တော့ ဒေသခံတွေနေထိုင်တဲ့ ဧရိယာဖြစ်တယ်။ ဆိုရင် တော့ အတတ်နိုင်ဆုံး ဒီလိုမျိုးပြည်သူလူထုတွေ နေထိုင်နေတဲ့ ဒေသမှာ အများသွားလာနေတဲ့ ဧရိယာမှာ အထူးသဖြင့် ကျေးရွာထဲမှာက မဖြစ်ဖို့ မေတ္တာရပ်ခံချင်တာပေါ့နော။ တစ်ဖက်မှာလည်း အထူးသဖြင့် ဒီစစ်ကောင်စီ တွေကလည်း လေယာဉ်တွေ ပြီးရင် အဝေးကနေ လက်နက်ကြီး အသုံးပြုတာမျိုးတွေကတော့ လုံးဝ မလုပ်သင့်တဲ့ အရာလို့တော့ ပြောချင်တာပေါ့နော” ဟုပြောသည်။

လက်ရှိ ကုန်းသာကျေးရွာတွင် နှစ်ဖက်လက်နက်ကိုင် အဖွဲ့အစည်းအကြား တိုက်ပွဲများ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားခြင်း မရှိသော်လည်း ပစ်ခတ်သံများ ကြိုးကြား ကြိုးကြား ကြားနေရဆဲဖြစ်သည်ဟု ဒေသခံများက ပြောသည်။

တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခြင်း မရှိသော်လည်း စစ်တပ်၏လေယာဉ်များ ကုန်းသာကျေးရွာအနီးတွင် ပျံဝဲနေသည်ဟု ဆိုသည်။

ကုန်းသာကျေးရွာတွင် ဖြစ်ပွားလာသည့် တိုက်ပွဲများကြောင့် ဒေသခံများမှာ နမ့်ဆန်မြို့နှင့် စစ်ဘေးလွတ်သည့် နီးစပ်ရာကျေးရွာများသို့ ထွက်ပြေး တိမ်းရှောင်နေရပြီး နေထိုင်စားသောက်ရေးအတွက် အဖက်ဖက်မှ အကူအညီများလိုအပ်နေသည်ဟု စစ်ဘေးရှောင်များကို အကူအညီပေးနေသူများက ပြောသည်။

တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA နှင့် စစ်တပ်တို့အကြား တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အချိန်အတန်အကြာ ရပ်တန့်နေရာမှာ ဒီဇင်ဘာလ ၇ ရက်နေ့မှစတင်ကာ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်အထိ နှစ်ဖက် စစ်ရေးတင်းမာမှုများ ဆက်လက်ရှိနေသည်ဟု ဒေသခံများက ပြောသည်။

NMG – ပေးပို့သည်။