ကရင်နီပြည် ဒီးမော့ဆိုအခြေစိုက် ခလရ ၁၀၂ တပ်မှ တပ်သား မောင်ဇင်မျိုးထက်ဟာ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် (KNDF-B 10) ထံ CDM ဝင်ရောက်ပြုလုပ်လာခဲ့ပါတယ်။
စစ်အာဏာရှင်စနစ်ကို မကြိုက်တဲ့အတွက် တပ်ထဲကနေ ခြေဦးတည်ရာကို ထွက်ပြေးလာခဲ့တာဖြစ်တယ်လို့ မောင်ဇင်မျိုးထက်က ပြောပါတယ်။
“ ကျနော် CDM မလုပ်ခင်မှာပေါ့။ ဒီတပ် ပတ်လည်မှာ မိုင်းတွေ အများကြီးပဲ သူတို့ပြောတယ်။ မိုင်းတွေ အများကြီးဆိုတော့လည်း ကျနော် ဒီစစ်ကျွန်ဘဝထဲမှာ ကျနော် မနေနိုင်ဘူးပေါ့။ ကျနော် CDM ဝင်မယ်ပါ့။ ဒီရှေ့တန်းမှာ မိုင်းနင်းလည်း ကိုယ့်ကံပဲဆိုပြီး ကျနော် ထွက်လာတာ။” လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး စစ်သားအဖြစ် တစ်နှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။
သူဟာ မကွေးတိုင်းဒေသကြီးကဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် ဆန့်ကျင်ဆန္ဒပြတဲ့သပိတ်တုန်းက စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပြီး စစ်တပ်သားအဖြစ် ဝင်ခိုင်းခဲ့တာလို့ ဆိုပါတယ်။
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့မှာ ဖွင့်လှစ်တဲ့ စစ်သင်တန်း (၆) လကို တက်ရောက်ခဲ့ရပြီး သင်တန်းအပြီး စစ်ကောင်စီတပ်မ (၆၆) လက်အောက်ခံ ခမရ (၅) အင်းမတပ်မှာ တာဝန်ထမ်းဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
၂၀၂၂ ခုနှစ် နိုဝင်ဘာလမှာ ကရင်နီပြည် ဒီးမော့ဆိုအခြေစိုက် ခလရ ၁၀၂ တပ်ကို ရောက်ရှိခဲ့တာလို့ ဆိုပါတယ်။
ခလရ ၁၀၂ တပ်တွင်းမှာ ကင်းစောင့်တာတွေပြုလုပ်ခဲ့ရပေမယ့် မြေပြင်တိုက်ပွဲတွေတော့ သွားရတာမျိုး မရှိဘူးလို့ ဆိုပါတယ်။
အခုလိုနှစ်ကုန်ခါနီး စစ်ရေးအခြေအနေ ပိုတင်းမာလာတွေ ရှိနေတာကြောင့် စစ်ကောင်စီတပ်သားကနေ CDM ဝင်ရောက်လာသူတွေကို သံသယ ဖြစ်ဖွယ်ရှိပေမယ့် လူ့အခွင့်အရေးအနေနဲ့ အကောင်းဆုံးနားလည် လက်ခံကြိုဆိုပေးတယ်လို့ KNDF B-10 တပ်ရင်းမှူး ဦးမီရယ်က ပြောပါတယ်။
“ ကျနော်တို့ ဒီကိစ္စကို CDM ဝင်လာတဲ့လူတွေက ပထမ အနေနဲ့ သူတို့ဝင်လာတာကတော့ ကျနော်တို့စိတ်ထဲမှာကတော့ သံသယ တော့ဖြစ်တာပေါ့နော်။ ဒီအခြေအနေ နှစ်ကုန်ခါနီးပြီဆိုတော့ ကျနော်တို့လည်း တွေးစရာတွေ သံသယဖြစ်တာတော့ ဖြစ်တာပေါ့။ ဒါပေမယ့် သူတို့ကိုတော့ ပထမဆုံး နွေးနွေးထွေးထွေး နဲ့ ဆက်ဆံတယ်။ ပြောဆိုတယ်။သူတို့စိတ်ကုန်ပြီ ဆိုကတည်းက ကျနော်တို့လည်း သူတို့ကို အရမ်းလျှောက်လုပ်လို့လည်း မရဘူးပေါ့နော်။ သူ့ ကဏ္ဍက စိတ်ကုန်ပြီဆိုတော့လည်း ကျနော်တို့လည်း လူ့ရဲ့ အခွင့်အရေးအနေနဲ့ နားလည်ထားပေးတယ်ပေါ့နော်။ နောက်ပြီးတော့ သူတို့ ရှေ့ဆက်ပြီးတော့မှ ကိုယ့်ယုံကြည်မှုကို တည်ဆောက်ဖို့တော့ သူတို့မှာ လိုအပ်တာပေါ့နော်။ ဒီဟာတွေက။ စစ်ကောင်စီနဲ့ ပက်သက်ပြီးတော့မှ ကျနော်တို့လည်း အခုထိမတည်မငြိမ်ဖြစ်တဲ့ ကာလမှာ ဒီနှစ်ကုန်ခါစတော့ ပိုပြီးတော့မှ ဆိုးလာမယ့် အနေအထားမှာ ရှိတာပေါ့နော်။အဲ့တာကြောင့်လည်း ကျနော်တို့က အစစအရာရာ မှာတော့သတိနဲ့ ဝိရိယ နဲ့တော့ အမြဲတမ်း မြေပြင်မှာကော ပြောဆိုဆက်ဆံတဲ့ နေရာမှာကော ကျနော်တို့ KNDF ကတော့ အဲဒီလိုမျိုးပဲ အကောင်းဆုံးပဲ ရပ်တည်ပြီးတော့မှ လက်ခံထားပေးတာပေါ့နော်။” KNDF B-10 တပ်ရင်းမှူး ဦးမီရယ်က ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက် အခုအချိန်အထိ KNDF B-10 ထံ CDM ဝင်ရောက်ခိုလှုံလာတဲ့ စစ်ကောင်စီတပ်သား ၁၀ ဦးကျော် ရှိပြီဖြစ်ပါတယ်။
CDM တပ်သား မောင်ဇင်မျိုးထက်ကတော့ ပြည့်သူ့ရင်ခွင်ထဲကို ဝင်ရောက်လာပြီး ပြည်သူနဲ့အတူ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး အဆုံးထိ တိုက်ပွဲဝင်သွားမယ်လို့ ပြောပါတယ်။
လွိုင်ကော် အခြေစိုက်တပ် ဆေးတပ် (တဆရ) တပ်မှ တပ်သား မောင်ငြိမ်းချမ်း (ခ) ဖိုးလပြည့်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၇ ရက်နေ့မှာ CDM ပြုလုပ်ခဲ့တယ်လို့ ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
နော်ဒွေးအယ်ခူ ကန္တာရဝတီတိုင်း(မ်) – ပေးပို့သည်။