မကွေးတိုင်း ပခုက္ကူမြို့မှာ လူသတ်မှု၊ မူးယစ်ဆေးဝါးမှုတွေနဲ့ ထောက်ထွက်တွေကို စစ်ကောင်စီက လစာ တစ်သိန်းရှစ်သောင်းပေးပြီး စစ်တပ်လက်အောက်ခံ ပျူစောထီးလုပ်ဖို့ ခေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပျူစောထီးအဖြစ် ခေါ်ယူသူတွေဟာ စစ်ကောင်စီလွတ်ငြိမ်းနဲ့ ပါလာတဲ့ မူးယစ်ဆေးဝါးမှု၊ လူသတ်မှု၊ခိုးမှုနဲ့ ထောင်ကထွက်လာသူတွေကို ဦးစားပေးခေါ်ယူနေတာပါ။
ပြည်သူနဲ့ မပူးပေါင်းဘဲ စစ်တပ်လက်အောက်ခံလုပ်နေတဲ့ ပျူစောထီးတွေကို အပြစ်ပေး အရေးယူပြီး သုတ်သင်ရှင်းလင်းသွားမယ်လို့ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
“ မြို့နယ်ကာကွယ်ရေးအဖွဲ့အနေနဲ့ပြောရမယ်ဆိုရင်တော့ တတ်နိုင်သမျှပြည်သူနဲ့ မပူးပေါင်းဘဲနဲ့ စစ်ကောင်စီလက်အောက်ကိုဝင်တဲ့ပျူစောထီးတွေကို အပြစ်ပေးအရေးယူတာနဲ့ သုတ်သင်ရှင်း လင်းခြင်းကိုခံရမယ်လို့ အသိပေးချင်တယ်” လို့ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။
ပျူစောထီးဝင်ခါစသူတွေဟာ ပြည်သူတွေရဲ့ ပစ္စည်းတွေ ခိုးယူတာတွေ ပြုလုပ်ကြပြီး ပျူစောထီး သက်တမ်းကြာမြင့်သူတွေကတော့ မူးယစ်ဆေးဝါးရောင်းဝယ်တာနဲ့ ရပ်ကွက်၊ ကျေးရွာတွေအတွင်း မူးယစ်ရမ်းကားတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
စစ်ကောင်စီရဲ့ တပ်သားစုဆောင်းရေးတွေမှာ ဝင်ရောက်မယ့်သူမရှိတော့တဲ့အတွက် ပျူစောထီးအမည်တပ်ပြီး ၂၀၂၂ ခုနှစ်တည်းက တပ်သားသစ်လက်ခံ စစ်ပညာသင်ကြား ပေးနေတာဖြစ်ပါတယ်။
အရင်က ပျူစောထီးတွေဟာ စစ်ကောင်စီတပ်သားတွေရဲ့ အနီးအနားမှာပဲ အမြဲလိုလိုနေကြပေမယ့် လက်ရှိအချိန်မှာတော့ ပြည်သူတွေကြားထဲမှာ လက်နက်ကိုင်ရမ်းကားတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
မကွေးတိုင်းမှာ စစ်တပ်လက်အောက်ခံ ပျူစောထီး (၅၀၀၀) ဝန်းကျင်ရှိနေပြီး ပခုက္ကူမြို့မှာတော့ အင်အား (၃၀၀) ဝန်းကျင်အထိရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သံလွင်တိုင်းမ် – ပေးပို့သည်။