တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်အရှေ့တောဒေသရှိ ဝကုန်းကျေးရွာကို စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ အကြောင်းမဲ့ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးနေတာကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
တပ်အင်အား ၆၀ လောက်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၈ ရက်နေ့ မနက် ၆ နာရီလောက်မှာ ဝကုန်းကျေးရွာထဲ ဝင်ရောက်လာပြီးနောက် ဒေသခံနေအိမ် ၁၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့တာပါ။
ဒေသခံနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီတပ်ဟာ မီးမရှို့ခင် နေအိမ်အတွင်းရှိ တန်းဖိုရှိပစ္စည်းတွေကိုလည်း ယူဆောင်သွားတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်က ဝကုန်းကျေးရွာထဲ ဝင်ရောက်လာပြီး ဒေသခံနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေပြီး အများစုက အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်ပြေးနေရတယ်လို့ ဒေသ PDF က ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက်နေ့က သင်္ကန်းတုန်းနဲ့ဝကုန်းကျေးရွာအကြားမှာ စစ်ကောင်စီတပ်နဲ့ ဒေသ PDF ပူးပေါင်းတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်က အထိနာပြီးနောက် ဝကုန်းကျေးရွာကို မီးရှို့ဖျက်ဆီးနေတာပါ။
သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Southern Monitor အဆိုအရ တနင်္သာရီတိုင်းထဲမှာ စစ်တပ်အာဏာသိမ်းတဲ့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကနေ ဒီဇင်ဘာလကုန်အထိ နေအိမ် ၁၈၈ လုံး မီးရှို့ဖျက်ဆီးခံထားရတယ်လို့ ဇန်နဝါရီ ၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
နေအိမ်မီးရှို့ဖျက်ဆီးခံရတဲ့အထဲ ပုလောမြို့နယ်မှာ အရပ်သားပြည်သူနေအိမ် စုစုပေါင်း ၁၁၅ လုံးနဲ့ အများဆုံး မီးရှို့ဖျက်ဆီးခံထားရပြီး ဒေသခံ နေအိမ်တွေကိုတော့ စစ်ကောင်စီတပ်နဲ့လက်အောက်ခံ အဖွဲ့အစည်းတွေက မီးရှို့ဖျက်ဆီးထားတာဖြစ်တယ်လို့ ဆိုထားပါတယ်။
သံလွင်တိုင်းမ်-ပေးပို့သည်။