တပ်မဟာ (၅) ဒေသအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ (၆) ဦး ထိခိုက်သေဆုံး

By MPM 9 ဇန်နဝါရီ, 2023 👁

ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ (၅) ဒေသ၊ မူတြော်ခရိုင်၊ ဒွဲလိုးမြို့နယ်၊ မဲသူကျေးရွာအုပ်စု၊ လဲထူးဖိုဒေသအတွင်း စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် ဝင်ရောက် ဗုံးကြဲ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ဒေသခံ အရပ်သား ၆ ဦး ထိခိုက် သေဆုံးသွားကြောင်း ကေအဲန်ယူ မူတြော်သတင်းစဉ်က ယမန်နေ့ နေ့စွဲဖြင့် ယနေ့ သတင်းထုတ်ပြန်ထားသည်။

ဇန်နဝါရီလ ၇ ရက်နေ့ တစ်ရက်ထဲတွင် စစ်ကောင်စီ ဘက်မှ တိုက်လေယာဉ် (၇) စင်းအသုံးပြု၍ တပ်မဟာ (၅) ဒေသအတွင်းသို့ လေကြောင်း တိုက်ခိုက်မှု အပြင်းအထန် ပြုလုပ်ခဲ့ခြင်းကြောင့် ဒွဲလိုးမြို့နယ်၊ မဲသုကျေးရွာ အုပ်စု၊ ယာထီးထ ကျေးရွာအတွင်းရှိ လူနေအိမ်အတွင်း လက်နက်ကြီး ၄လုံး ကျရောက်ပေါက်ကွဲသွားသော ကြောင့် ရွှေတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်သူ မိသာစုဝင် (၄) ဦးနှင့် ရွှေတူးလုပ်သား ၂ ဦး ထိခိုက် သေဆုံးသွား သည်ဟု မူတြော်သတင်းစဉ်က ဖော်ပြထားသည်။

အဆိုပါ ထိခိုက် သေဆုံးသွားသူများမှာ ယာထီးထကျေးရွာနေ ဒေါ်နွယ်နီနှင့် ၎င်း၏ သားဖြစ်သူနှစ်ဦး၊ ချွေးမတစ်ဦးနှင့် ရွှေလုပ်သား ၂ ဦးတို့ဖြစ်ကြောင်းနှင့် ၎င်းဗုံးကြဲတိုက်ခိုက်မှုကြောင့်လည်း ဒေသတွင်းဆေးခန်း တစ်လုံးအပါအဝင် အခြားအဆောက်အဦး ၇ လုံးထိခိုက်ပျက်စီးသွားကြောင်း KNU ဘက်ကဆိုသည်။

အလားတူ အဆိုပါနေ့တွင်ပင် KNU တပ်မဟာ (၅) ဌာနချုပ်အနီး ဒေဖိုးနို ဒေသဘက်သို့လည်း တိုက်လေယာဉ် နှစ်စင်းဖြင့် ဗုံးလေးလုံး ဝင်ရောက်ကြဲချမှုကြောင့် ဒေသခံရွာသားတစ်ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ် တစ်လုံး နှင့် မော်တော်ယာဉ်တစ်စီးထိမှန်ပျက်စီးသွားပြီး ၎င်းမတိုင်မီနံနက်ပိုင်းတွင် တိုက်လေယာဉ် ၇ စင်းဖြင့် ဗုံးသီးအလုံး ၂၀ ခန့် ဝင်ရောက်ကြဲချခဲ့ပြီး ဒေသခံများလုပ်ကိုင်စားသောက်ရာ တောင်ယာစိုက်ပျိုးခင်းများ ထိမှန်ပျက်စီးသွားကြောင်းလည်း ကေအဲန်ယူ၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ဒေသခံများအနေဖြင့် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရပြီး စိုးရိမ်ကြောက်ရွံ့မှုများ ဖြစ်ပေါ်ကာ နေထိုင် လုပ်ကိုင် စားသောက်ရေးအတွက်လည်း အခက်အခဲများ ကြုံတွေ့နေရကြောင်း ဒေသခံများကဆိုသည်။

အလားတူ ပြီးခဲ့သည့် ဇန်နဝါရီလ ၃ ရက်နေ့တွင်လည်း စစ်ကောင်စီမှ တိုက်လေယာဉ် ၄စင်းဖြင့် ဒွဲလိုးမြို့နယ်၊ မယ်ဝေကျေးရွာအုပ်စု၊ မယ်ဝေကျေးရွာ၊ တိုမဲခီးကျေးရွာ နှင့် ခလို့ခီးကျေးရွာအတွင်းရှိ ဒေသခံ လူထုများ၏ စိုက်ပျိုးမြေနေရာအတွင်းသို့ ဗုံးသီးအလုံး (၅၀) ကျော်နှင့် လေယာဉ်ပစ်သေနတ်ဖြင့် အချက်ပေါင်း နှစ်သောင်း ကျော် ပစ်ခတ်သွားသေးကြောင်း ကေအဲန်ယူဘက်က သတင်းထုတ်ပြန်ထားသည်။

ထို့အပြင် ကေအဲန်ယူ တပ်မဟာ (၅) ၏ ၂၀၂၂ ခုနှစ်အတွက် စာရင်းပြုစုထားသည့် နှစ်ချုပ်တိုက်ပွဲစာရင်းအရ တစ်နှစ်အတွင်း ၎င်းတို့ နယ်မြေတွင် တိုက်ပွဲပေါင်း (၂၇၃၇) ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ လေကြောင်း ၃၅ ကြိမ် ပြုလုပ်ပြီး ဗုံးသီး (၁၈၂) လုံး ကြဲချခဲ့သည် ဟုလည်းဖော်ပြထားသည်။

KIC – ပေးပို့သည်။