စစ်တွေတိုက်ပွဲကြောင့် ပုဏ္ဏားကျွန်း၊ ရသေ့တောင်ဒေသခံ ထောင်နှင့်ချီ ဘေးလွတ်ရာ တိမ်းရှောင်

By MPM 6 စက်တင်ဘာ, 2026 👁 45

စစ်တွေတိုက်ပွဲကြောင့် စစ်တွေအစပ် ပုဏ္ဏားကျွန်း၊ ရသ့တောင်မြို့နယ်တို့မှ ဒေသခံ ထောင်နှင့်ချီမှာ ဘေးလွတ်ရာ နေရာများသို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း ဒေသခံများထံမှ သိရသည်။

တိုက်ပွဲပြင်းထန်မှုနှင့်အတူ အာဏာသိမ်းစစ်တပ်၏ လက်နက်ကြီး၊ လေကြောင်းနှင့် အတွဲလိုက်ဒုံးတို့ဖြင့် တိုက်ခိုက်နေမှုကြောင့် ကျေးရွာအချို့ ကျရောက်ကာ ထိခိုက်ဒဏ်ရာရရှိမှုရှိလာ၍ ထွက်ပြေးတိမ်းရှောင်လာခြင်းဟု ပုဏ္ဏားကျွန်းဒေသခံများက ပြောသည်။

“ကွမ်းတောင်၊ ပဒေသာ၊ ယာချောင်း၊ ပုဏ္ဏားကျွန်မြို့ပေါ်တွေမှာလည်း လက်နက်ကြီးတွေ ကျတာရှိတယ်။ ယာချောင်းဖက်မှာဆို ဒေသခံတွေ ထိခိုက်ဒဏ်ရာရရှိတာတွေ ရှိတယ်။ လက်နက်ကြီးကျတဲ့ ယာချောင်း၊ ရေဖြူကန်၊ ပုဏ္ဏားကျွန်းမြို့ပေါ် ဝင်နေသူတွေ ဘေးလွတ်ရာ ရွာတွေကို တိမ်းရှောင်မှုတွေ ပြုလုပ်နေကြရပြီ” ဟု ပုဏ္ဏားကျွန်းဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ယာချောင်းကျေးရွာမှ အမျိုးသမီးတစ်ဦးမှာ စက်တင်ဘာ ၄ ရက်တွင် ကျေးရွာအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသွားခဲ့သည်။

လက်ရှိတွင် ပုဏ္ဏားကျွန်းမြို့နယ်မှ တံဘက်လှန်း၊ ယာချောင်း၊ အထည်သည်၊ ဆင်အင်းကြီး၊ ရေဖြူကန်၊ ချောင်းဝ ကျေးရွာနှင့် ပုဏ္ဏားကျွန်းမြို့ပေါ် ဝင်ရောက်နေထိုင်သူများမှာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။

အလားတူ ရသေ့တောင်မြို့နယ်မှ အောင်ဆိပ်၊ သံချောင်း၊ ကုလားချောင်း၊ အောင်မနှင့် မကျည်းချောင်း၊ အငူမော်၊ ကြက်ရိုးဆိပ်နှင့် ဆာပြင်ကြီး စသည့်ကျေးရွာများမှ ဒေသခံရာနှင့်ချီမှာလည်း စစ်တွေတိုက်ပွဲနှင့်အတူ စစ်တပ်၏ လက်နက်ကြီးအန္တရာယ်ကြောင့် ဘေးလွတ်ရာတိမ်းရှောင်နေကြသည်။

ရသေ့တောင်ဒေသခံ အမျိုးသားတစ်ဦးက “လက်နက်ကြီးတွေ၊ လက်နက်ငယ်တွေက ရွာနီးနားက လယ်ကွင်းတွေမှာ ကျပြီးတော့ ပေါက်ကွဲတာတွေ ရှိတယ်။ မပေါက်ကွဲပဲ ကျန်နေတာမျိုးတွေလည်း ရှိတယ်။ အခုက လက်နက်ကြီး၊ လက်နက်ငယ်ပစ်သံတွေ ဆက်တိုက်ကြားနေရတော့ ရွာသားတွေက စိုးရိမ်ကြတာကြောင့် နီးစပ်ရာကျေးရွာတွေ၊ ဆွေမျိုးတွေရှိတဲ့ ကျေးရွာတွေကို စစ်ရှောင်နေကြတယ်“ ဟု ပြောသည်။

စစ်တွေနှင့် ပုဏ္ဏားကျွန်းနယ်စပ်တွင် စက်တင်ဘာ ၄ ရက်နေ့မှစ၍ ယနေ့အထိ အာဏာသိမ်းစစ်တပ်နှင့် အာရက္ခတပ်တော်တို့ကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေသည်။

စစ်တွေအခြေစိုက် တပ်ရင်း ၉ ခုနှစ် ရေပြင် စစ်သင်္ဘောများကနေ လက်နက်ကြီး တောက်လျှောက်ပစ်ခတ်နေသဖြင့် ပုဏ္ဏားကျွန်းမြို့အနီး ကားလမ်းမတကြောကို AA က ယာယီသွားလာခွင့် ပိတ်ထားကြောင်း သိရသည်။

“တိုက်ပွဲက ဒီနေ့မနက်ပိုင်းအထိ ပြင်းထန်နေတုန်းပဲ။ ညကလည်း တစ်ညလုံး လက်နက်ကြီးတွေ လေယာဉ်တွေနဲ့ လာပစ်တယ်။ လက်နက်ကြီးတွေက ကားလမ်းမတွေ၊ လမ်းမအနီးတွေမှာ ကျကွဲတာကြောင့် ဒီနေ့ မနက်ပိုင်းကတည်းက လမ်းတွေ ပိတ်ထားတယ်။ ဖြတ်သန်းသွားလာလို့ မရဘူး။ စစ်တပ်က အကုန်လုံး ရမ်းသန်းပစ်ခတ်နေတာ” ဟု ပုဏ္ဏားကျွန်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိ ရခိုင်ပြည်အတွင်း အာရက္ခတပ်တော်၏ လက်ကျန်မြို့များဖြစ်သည့် စစ်တွေ၊ ကျောက်ဖြူမြို့ နယ်တို့တွင် တိုက်ပွဲတပြိုင်နက်တည်း ပြင်းထန်လာနေပြီး အာဏာသိမ်းစစ်တပ်ဘက်က လေကြောင်း၊ ရေကြောင်း အင်အားကို အဓိကအသုံးပြုတိုက်ခိုက်လာသည်။

တဖက်တည်း၌ အာဏာသိမ်းစစ်တပ်သည် ရေကြောင်းကနေတစ်ဆင့် ရခိုင်တောင်ပိုင်း ဂွ၊ သံတွဲမြို့နယ်တို့ကနေ ကမ်းတက်ရန် ကြိုးပမ်းလျက်ရှိနေသည်။

DMG