စစ်တပ် အကြမ်းဖက်မှုများကို အဆုံးသတ်ရေး တိကျပြီး လက်တွေ့လုပ်ဆောင်မှုလိုအပ်ဟု BWU ပြော

By MPM 9 စက်တင်ဘာ, 2026 👁 46

မြန်မာနိုင်ငံတစ်ဝန်း အာဏာသိမ်းစစ်တပ်က ကျူးလွန်နေသည့် အကြမ်းဖက်မှုများ၊ လူ့အခွင့်ရေး ချိုးဖောက်မှုများနှင့် ပြည်သူများအပေါ် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများ မြင့်တက်လာနေသည်။

ထိုသို့ စစ်တပ်၏ အကြမ်းဖက်မှုများကို အဆုံးသတ်ရန် တိကျပြီး လက်တွေ့လုပ်ဆောင်မှုများ အရေးတကြီးလိုအပ်လာနေပြီဟု မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က တိုက်တွန်းထားသည်။

စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှု၊ ကျည်ထိမှန်ခြင်းနှင့် မြေမြှုပ်မိုင်းအန္တရာယ်များကြောင့် ဩဂုတ်လအတွင်း အမျိုးသမီး (၅၅) ဦး သေဆုံးခဲ့ပြီး အသက်မပြည့် ကလေး (၆) ဦး ပါဝင်ကြောင်း စက်တင်ဘာ ၄ ရက်ထုတ် BWU ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်တပ်က ပြည်သူများကို ဦးတည်ပစ်မှတ်ထားတိုက်ခိုက်မှုများကို လုပ်ဆောင်နေသဖြင့် အမျိုးသမီးများနှင့် ကလေးငယ်များမှာ အထိခိုက်ဆုံးဖြစ်ကာ ယခုကဲ့သို့ ပဋိပက္ခကာလအတွင်း အပြစ်မဲ့သည့် ပြည်သူများကို အကြမ်းဖက်နေခြင်းကို ထိရောက်စွာ အရေးယူပေးရန်လိုအပ်ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) အဖွဲ့မှ တွဲဖက်အထွေထွေ အတွင်းရေးမှူး (၁) မယဉ်မျိုးက ပြောသည်။

“ဒီလိုအပြစ်မဲ့တဲ့ ပြည်သူတွေ ထပ်ပြီးတော့ ဆုံးရှုံးမှုတွေ မဖြစ်အောင် ကျမတို့ လိုချင်တဲ့ ဒီမိုကရေစီစနစ်ရဖို့အတွက်တော့ ပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေနည်းတဲ့ အပြောင်းလဲမျိုးကို ပိုပြီးတော့ လိုချင်တာဖြစ်တယ်။ အကြမ်းဖက်ခံရတဲ့ လူတွေအတွက် တာဝန်ယူမှုတာဝန်ခံမှု အပြည့်အဝ ပြန်လုပ်ပေးနိုင်တဲ့ ယန္တရားတစ်ခု ပေါ်ပေါက်ဖို့လိုတယ်။ ဒါ့အပြင် တရားမျှတမှုတွေ ရှိလာဖို့အတွက် ဖော်ဆောင်ပေးဖို့ လိုအပ်တယ်လို့ ပြောချင်ပါတယ်” ဟု မယဉ်မျိုးက ပြောသည်။

မြန်မာ့အမျိုးသမီးသမဂ္ဂအနေဖြင့် အကြမ်းဖက်ခံရသည့်သူများအတွက် တရားမျှတမှုရှိရန် သက်သေအထောက်ထားများ စုဆောင်းထုတ်ပြန်ခြင်း၊ အကြမ်းဖက်ခံရသူများအတွက် ကျန်းမာရေး၊ စားဝတ်နေရေးစသည့် အရေးပေါ်ထောက်ပံ့မှုများ၊ စိတ်ပိုင်းဆိုင်ရာအရ ကူညီပံ့ပိုးနိုင်မည့် သူများကို ချိတ်ဆက်ပေးခြင်းများကို လုပ်ဆောင်နေကြောင်း သိရသည်။

BWU ထုတ်ပြန်ချက် အရ ဩဂုတ်လအတွင်း အမျိုးသမီးသေဆုံးသူများမှာ ရခိုင်ပြည်မှ ၁၇ ဦး၊ စစ်ကိုင်းတိုင်းမှ ၁၃ ဦး၊ ချင်းပြည်နယ်မှ ၉ ဦး၊ မကွေးတိုင်းမှ ၆ ဦး၊ ပဲခူးတိုင်းမှ ၃ ဦး၊ ကရင်နီပြည်နယ်မှ ၃ ဦး၊ ကရင်ပြည်နယ်မှ ၂ ဦး၊ မန္တလေးတိုင်းမှ ၁ ဦးနှင့် တနင်္သာရီတိုင်းမှ ၁ ဦးဖြစ်ကြောင်း သိရသည်။

ဩဂုတ်လအတွင်း အမျိုးသမီးသေဆုံးမှုမှာ ရခိုင်ပြည်တွင် ၁၇ ဦးဖြင့် အများဆုံးဖြစ်ပြီး စစ်ကိုင်းတိုင်းတွင် ၁၃ ဦးဖြင့် ဒုတိယအများဆုံးဖြစ်ကြောင်း (BWU) ထုတ်ပြန်ချက်အရ သိရသည်။

စစ်ရေးရှုံးနှိမ့်နေသည့် အာဏာသိမ်းစစ်တပ်သည် ၎င်းတို့၏ အားသာချက်ဖြစ်သည့် လေကြောင်းကို အသုံးပြုပြီး အရပ်သားနေထိုင်ရာနေရာများကို ရှုံးမဲမဲပြီး တိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်နေခြင်းအပေါ် လူ့အခွင့်အရေးလှုပ်ရှားသူများ အပြင်းအထန် ရှုတ်ချထားကြသည်။

“ရာဇဝတ်မှုကျူးလွန်တာ၊ လူ့အခွင့်ရေးချိုးဖောက်တာ၊ ဂျနီဗာကွန်ဗန်းရှင်းကို ချိုးဖောက်နေတဲ့ စစ်အစိုးရကို နိုင်ငံတကာက ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးစေချင်တယ်။ ဒါ့အပြင် သူတို့ ပြစ်ဒဏ်အတိုင်း ICC၊ ICJ တို့ကို အမြန်ဆုံးရောက်ဖို့အတွက် လုပ်ပေးစေချင်ပါတယ်” ဟု ရခိုင့်လူ့အခွင့်ရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောသည်။

၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ လေကြာင်းနှင့် မြေပြင်တိုက်ခိုက်မှုများကြောင့် မြန်မာနိုင်ငံတစ်ဝှမ်းတွင် အမျိုးသမီးသေဆုံးသူ (၃၅၈) ဦး ထိရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃၅၁ ဦးရှိကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ၏ စာရင်းအရသိရသည်။

DMG