စစ်ခေါင်းဆောင် မလေးရှားရောက်ချိန် စစ်အုပ်စုတပ်ကို လေယာဉ်ပစ္စည်းထောက်ပံ့နေသည့် မလေးရှားကုမ္ပဏီများကို JFM ဖော်ထုတ်

By MPM 8 အောက်တိုဘာ, 2026 👁 65

စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင် မလေးရှားနိုင်ငံသို့ သွားရောက်ချိန်တွင် မြန်မာစစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုများအတွက် အဓိကအထောက်အကူဖြစ်စေမည့် လေယာဉ်အစိတ်အပိုင်းများနှင့် ပြုပြင်ထိန်းသိမ်းရေးဝန်ဆောင်မှုများ ပေးအပ်နေသော မလေးရှားကုမ္ပဏီသုံးခုကို Justice For Myanmar (JFM) က စုံစမ်းဖော်ထုတ်လိုက်သည်။

အောက်တိုဘာလ ၇ ရက်တွင် ထုတ်ပြန်ထားဖြစ်ပြီး မလေးရှားအစိုးရနှင့် ဆက်နွှယ်နေသည့် FJ Global Aeroparts (M) Sdn Bhd (FJ Global) ၊ Asia AeroTechnic Sdn Bhd (AAT) နှင့် ဒိန်းမတ်နိုင်ငံသားပိုင် မလေးရှားကုမ္ပဏီဖြစ်သည့် Skyways Technics Asia Sdn Bhd တို့သည် စစ်အုပ်စု၏လေတပ်နှင့် တိုက်ရိုက်သော်လည်းကောင်း၊ ကြားခံလက်နက်ပွဲစားများမှတဆင့်သော်လည်းကောင်း စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေကြောင်း ပေါက်ကြားလာသော ကုန်သွယ်ရေးမှတ်တမ်းများအရ သိရကြောင်း JFM က ဆိုသည်။

အဆိုပါ ကုမ္ပဏီများသည် စစ်အုပ်စု လေတပ်သုံး K-8W တိုက်လေယာဉ်များ၊ Orlan-10E မောင်းသူမဲ့လေယာဥ်များ (UAVs) ၊ Kamov ka-28 ရေငုပ်သင်္ဘောတိုက်ဖျက်ရေး ရဟတ်ယာဥ်များနှင့် Mi-17 အပါအဝင် Mi -2 ရဟတ်ယာဉ်များအတွက် အရေးပါသည့် စက်ပစ္စည်းအစိတ်အပိုင်းများဝယ်ယူနိုင်ရန် ကြိုးပမ်းပေးခဲ့သည်ဟု ဆိုသည်။

ထို့ပြင် မြန်မာစစ်အုပ်စုတပ်ပိုင် Airbus A319 လေယာဉ် ပြုပြင်ရေးအတွက် ပြီးခဲ့သည့် ဖေဖော်ဝါရီလက စစ်အုပ်စုတပ်အင်ဂျင်နီယာများကို AAT ကုမ္ပဏီက လက်ခံတွေ့ဆုံခဲ့သလို၊ Skyways Technics Asia Sdn Bhd ကလည်း စစ်အုပ်စုတပ်၏ လက်နက်ပွဲစားများထံ လေယာဉ်စက်ပစ္စည်းအစိတ်အပိုင်းများ အကြိမ်ကြိမ်တင်ပို့ခဲ့ပြီး ယင်းပစ္စည်းများကို မြန်မာစစ်အုပ်စု လေတပ်ထံ ပို့ဆောင်ခဲ့ဖွယ်ရှိကြောင်း JFM ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယခု အောက်တိုဘာလအတွင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တရားဝင်ဖိတ်ကြားထားသည့် မလေးရှားအစိုးရ၏လုပ်ရပ်သည် စစ်အုပ်စုအား နိုင်ငံရေးအရ တရားဝင်မှုပေးရာရောက်ကြောင်း JFM ကဆိုသည်။

ထို့ပြင် မြန်မာစစ်အုပ်စုနှင့် ပတ်သက်ဆက်နွှယ်နေသည့် ထိုကုမ္ပဏီများကို စုံစမ်းစစ်ဆေးပေးရန်လည်း မလေးရှားအစိုးရထံ တောင်းဆိုထားသည်။

ထို့ပြင် လာမည့် နိုဝင်ဘာလ၌ ကွာလာလမ်ပူမြို့တွင်ကျင်းပမည့် အာဆီယံ ထောက်လှမ်းရေးအသိုက်အဝန်းညီလာခံ (AICC) သို့လည်း မြန်မာသတင်းရဲတပ်ဖွဲ့ကို မလေးရှားက စရိတ်ငြိမ်း ဖိတ်ကြားထားသေးသည်။

“အစုလိုက်အပြုံလိုက် ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်နေတဲ့ စစ်တပ်ကို မိမိနိုင်ငံကုမ္ပဏီတွေက ထောက်ပံ့ပေးနေတာတွေကို တားဆီးဖို့ ဘာမှမလုပ်ဆောင်ဘဲ၊ စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်ကို မဟုတ်မမှန်တဲ့ တရားဝင်မှုပေးအပ်ပြီး လူတွေကို သူ့ရဲ့ ရာဇဝတ်စစ်အုပ်စုလက်ထဲ ပြန်လွှဲအပ်နေတဲ့ မလေးရှားနိုင်ငံရဲ့ လုပ်ရပ်တွေကို ကျွန်မတို့ ရှုတ်ချပါတယ်” ဟု JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ဆိုသည်။

မလေးရှားအစိုးရ၏ ယခုလုပ်ရပ်များသည် အာဆီယံ ဘုံသဘောထားငါးရပ်အပေါ် ၎င်းတို့၏ ရပ်တည်ချက်နှင့် မြန်မာ့ငြိမ်းချမ်းရေးအတွက် တောင်းဆိုချက်များသည် အနှစ်သာရ ကင်းမဲ့နေစေကြောင်းလည်း သူမက ထောက်ပြသည်။

ထို့ကြောင့် အမေရိကန်၊ ဗြိတိန်၊ အီးယူ၊ ကနေဒါနှင့် ဩစတြေးလျ နိုင်ငံများအနေဖြင့်လည်း Light Head Group of Companies၊ K L S Aviation၊ United Five နှင့် Lucky High တို့အပါအဝင် ပစ္စည်းထောက်ပံ့ပေးသွင်းနေသူများ၊ ပြုပြင်ထိန်းသိမ်းရေးနှင့် မွမ်းမံပြင်ဆင်ရေး ဝန်ဆောင်မှုပေးအပ်နေသူများအား ဒဏ်ခတ်ပိတ်ဆို့ရန် အရေးယူပိတ်ဆို့မှုများ ချမှတ်ရန် JFM က အလေးအနက် တိုက်တွန်းထားသည်။

မဇ္ဈိမ