ကော့စ်ဘဇားရှိ ဒုက္ခသည်များအတွက် WFP ထောက်ပံ့ထားသော ဆန်များကို ပြင်ပဆန်စက်များတွင် တွေ့ရှိနေ

By MPM 1 စက်တင်ဘာ, 2026 👁 56

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ကော့စ်ဘဇားရှိမြန်မာမှ မွတ်ဆလင် ဒုက္ခသည်များအတွက် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ထောက်ပံ့ပေးထားသည့် ဆန်အိတ်များကို ကော့ဘဇား (Cox’s Bazar) ရှိ တရားမဝင် ဆန်စက်အချို့တွင် ရှာဖွေတွေ့ရှိခဲ့သည်ဟုဒေသတွင်းမီဒီယာများတွင် ဖော်ပြသည်။

ယင်းသို့ ဝေငှထားသော ဆန်များကို မွတ်ဆလင်ဒုက္ခသည်များထံမှ ဈေးနှုန်းချိုသာစွာဖြင့် ပြန်လည်ဝယ်ယူကာ သိုလှောင်ခြင်းနှင့် အိတ်အသစ်များပြုလုပ်ကာ WFP သို့  ပြန်သွင်းခြင်းများ ပြုလုပ်နေကြောင်း စွပ်စွဲချက်များ ထွက်ပေါ်နေသည်။

ထို့ပြင် အချို့သော မသမာသည့် ကုန်သည်များသည် ဒုက္ခသည်စခန်းများသို့ အရည်အသွေးနိမ့် ဆန်များကို ပေးသွင်းနေကြပြီး၊ ယင်းလုပ်ရပ်များတွင် WFP အရာရှိအချို့ ပတ်သက်မှုရှိနေသည်ဟူသော စွပ်စွဲချက်များလည်း ထွက်ပေါ်လျက်ရှိသည်ဟု Ukhia News တွင် ဘင်္ဂလီဘာသာဖြင့် ဖော်ပြထားသည်။

WFP သည် ကော့ဘဇားရှိ ဒုက္ခသည်စခန်းများတွင် ဆန်နှင့်ပဲ အပါအဝင် စားနပ်ရိက္ခာများကို ဖြန့်ဝေပေးနေသော်လည်း အဆိုပါဆန်ဝေငှမှုနှင့် ပတ်သက်၍ လူပြောသူပြောများ ထွက်ပေါ်လာခဲ့သည်။

အူကီယာ (Ukhiya) နှင့် ချာကာရီယာ (Chakaria) တို့ရှိ တရားမဝင်ဆန်စက်များတွင် WFP ဆန်အိတ်အများအပြားကို တွေ့ရှိခဲ့ရသည်။

ဒုက္ခသည်စခန်းများမှ ဆန်များ မည်သို့ပြင်ပသို့ ရောက်ရှိသွားကြောင်းနှင့် မည်သူတို့က ဝယ်ယူနေကြောင်းကို အင်ဒီပဲန်ဒန့်ရုပ်သံလိုင်း (Independent Television) ၏ စုံစမ်းစစ်ဆေးမှုတစ်ခုက ဖော်ထုတ်ပြသခဲ့သည်ဟုသတင်းတွင် ဆက်လက်ဖော်ပြသည်။

စခန်းမှဆန်များကို ဆန်စက်တွင် သိုလှောင်ထားကြောင်း ဖော်ထုတ်ခံရချိန်၌ ဆန်စက်ပိုင်ရှင် ဖာဇယ်ကရင် (Fazal Karim) က သတင်းထောက်အား လာဘ်ထိုးရန် (သို့မဟုတ်) သြဇာသုံး၍ “ညှိနှိုင်း” ရန် ကြိုးပမ်းခဲ့သည်။

သတင်းအဖွဲ့က သွားရောက်စစ်ဆေးချိန်တွင်လည်း WFP စင်တာမှ ဝန်ထမ်းများက တားဆီးပိတ်ပင်ခဲ့သည်ဟု သတင်းတွင် ဆက်လက်ဖော်ပြသည်။

အရောင်းဆိုင်ဝန်ထမ်းတစ်ဦးက “ကျွန်တော်က အဖွဲ့အစည်းတစ်ခုမှာ အလုပ်လုပ်တာပါ၊ စကားပြောဖို့ ခွင့်ပြုချက်လိုပါတယ်” ဟု ပြောကြားခဲ့သည်။

ချာကာရီယာမြို့ရှိ Sonali Agro Enterprise ၏ ပိုင်ရှင် ဖာဇယ်ကရင်က “ကျွန်တော် ရေကြီးတုန်းက အလုပ်အနည်းငယ် လုပ်ပေးခဲ့တာပါ။ စီးပွားရေးအတွက် ခိုးတာမဟုတ်ဘဲ ဆိုင်းဘုတ်အမှန်အကန်နဲ့ လုပ်ကိုင်နေတာပါ” ဟု ဆိုသည်။

ဒုက္ခသည်များ၏ ပြောပြချက်အရ ဖြန့်ဝေပေးသော ဆန်များကို ၎င်းတို့ မကြိုက်နှစ်သက်သဖြင့် ပြန်လည်ရောင်းချကြခြင်းဖြစ်ကြောင်း သိရသည်။

ဒုက္ခသည်တစ်ဦးက “ကျွန်တော်တို့ကို တစ်လ ဆန် ၁၃ ကီလိုဂရမ် ပေးပါတယ်။ ဒါပေမဲ့ ဒီဆန်ကို စားလို့မရလို့ ပြန်ရောင်းရပါတယ်” ဟု ပြောသည်။

အခြားတစ်ဦးကလည်း “ကျွန်တော်တို့က ဆန်ပဲရပြီး ဆီတို့ တခြားလိုအပ်တဲ့အရာတွေ မရပါဘူး။ ဒါကြောင့် ဆန်တစ်အိတ်ကို WFP ရုံးကို ပြန်ပေးပါတယ်။ ရုံးကပဲ ဒီဆန်ကို ပြန်ဝယ်ပါတယ်” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

အဆိုပါ စွပ်စွဲချက်များနှင့် ပတ်သက်၍ စာဖြင့်မေးမြန်းခဲ့သော်လည်း WFP ထံမှ မည်သည့်ထုတ်ပြန်ချက်မျှ မရရှိသေးပေဟုဆိုသည်။

ဒုက္ခသည်များ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ကော်မရှင်နာ မီဇာနူရ် ရာမန် (Mizanur Rahman) က တရားဝင်တိုင်ကြားချက်ရရှိပါက အရေးယူဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။
လက်ရှိတွင် ရိက္ခာဌာန (Food Department) အနေဖြင့်လည်း ဤကိစ္စအပေါ် ကြီးကြပ်ကွပ်ကဲမှု မရှိသေးပေ။

မီဇာနူရ် ရာမန်က “WFP မှာလည်း အလှူရှင်တွေရဲ့ ကတိကဝတ်တွေ ရှိပါတယ်။ အလှူရှင်တွေက သူတို့နိုင်ငံက အခွန်ထမ်းပြည်သူတွေရဲ့ ငွေတွေကို လှူဒါန်းထားတာဖြစ်ပြီး၊ အခုလို အလွဲသုံးစားလုပ်ဖို့ မဟုတ်ပါဘူး။ ကျွန်တော်တို့ဆီမှာတော့ ဒီလိုအချက်အလက်မျိုး မရှိသေးပါဘူး၊ ရှိခဲ့ရင်တော့ ချက်ချင်း အရေးယူမှာ သေချာပါတယ်” ဟု မှတ်ချက်ပြုခဲ့သည်။

ကော့ဘဇား ခရိုင်ရိက္ခာထိန်းချုပ်ရေးမှူး အဘူကောင်ဆာ (Abu Kawsar) က “ဒုက္ခသည် စခန်းတွေမှာ လုပ်ဆောင်နေတဲ့ အစီအစဉ်အပေါ် ကျွန်တော်တို့ လုံးဝ ထိန်းချုပ်ခွင့်မရှိပါဘူး။ သူတို့ဘာသာ တင်ဒါခေါ်ယူတာ၊ ဆန်စက်တွေနဲ့ စာချုပ်ချုပ်တာနဲ့ ရိက္ခာတွေကို တိုက်ရိုက်ဝယ်ယူတာတွေ လုပ်ဆောင်ကြတာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

WFP သည် ကော့ဘဇားနှင့် ဘာဆန်ချာ (Bhasan Char) တစ်ခွင်ရှိ ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ထွက်ပြေးလာသည့် ဒုက္ခသည် ၁.၂ သန်းခန့်ကို စားနပ်ရိက္ခာ အကူအညီများ ထောက်ပံ့ပေးလျက်ရှိသည်။

နိရဉ္စရာ