
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်သော (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ (ပင်လုံစာချုပ် ချုပ်ဆိုသည့်နေ့) တွင် စစ်အာဏာရှင်စနစ်ကို ချိုးဖျက်ပြီး ပြည်ထောင်စုသစ်တည်ရေးအတွက် ပေါင်းစည်းခေါင်းဆောင်ကြဖို့ လူမျိုးစုတိုင်းရင်းသားခေါင်းဆောင်များကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတဒူဝါလရှီးလက တိုက်တွန်းခဲ့သည်။
လက်ရှိ နွေဦးတော်လှန်ရေးလှုပ်ရှားမှုမှတဆင့် ပြည်ထောင်စုစစ် ဖြစ်ထွန်းပေါ်ပေါက်ရေးအတွက်လည်း ၎င်းတို့အနေဖြင့် ဦးတည်လျှောက်လှမ်းနေကြောင်း ယာယီသမ္မတက ဆိုသည်။ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း နွေဦးတော်လှန်ရေး၏ ဦးတည်ရာသည် စုစုစည်းစည်းခရီးနှင်နိုင်မှသာ ပိုမိုခရီးပေါက်မည်ဟု ယုံကြည်ထားပြီး မဟာမိတ်တိုင်းရင်းသားခေါင်းဆောင်များ၊ တော်လှန်ရေးအစုအဖွဲ့များအားလုံးနှင့် တွေ့ဆုံဆွေးနွေးမှုများကို ခပ်စိပ်စိပ်ပြုလုပ်ကာ စစ်ရေးကဏ္ဍအရှိန်မြှင့်နိုင်ရေး ကြိုးပမ်းအားထုတ်နေကြောင်း ပြောပါသည်။
ချင်းအမျိုးသားတပ်ဦး (CNF) ကလည်း ပြည်ထောင်စုနေ့အခမ်းအနားသို့ သဝဏ်လွှာပေးပို့ခဲ့ပြီး ပင်လုံအနှစ်သာရအပါအဝင် Bottom-up federalism အခြေခံဖြင့် ဦးတည်ကာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တော်လှန်ရေးအင်အားစုများနှင့်အတူ လက်တွဲသွားမည်ဖြစ်ကြောင်း အသိပေးခဲ့သည်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကလည်း လက်ရှိကြုံတွေ့နေရသည့် နိုင်ငံရေးအကျပ်အတည်းကို စည်းလုံးညီညွတ်မှုအင်အားဖြင့် ကျော်လွှားကြရန် တိုက်တွန်းထားပြီး တော်လှန်ရေးအောင်ပွဲရသည်အထိ ညီနောင်တိုင်းသားတော်လှန်ရေးအင်အားစုများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဆိုပါသည်။

အာဏာသိမ်းစစ်အုပ်စုသည် လာမည့်မတ်လ ၁၆ ရက်မှစပြီး ဟန်ပြရွေးကောက်ပွဲမှ အနိုင်ရအမတ်များနှင့် (၂၅) ရာခိုင် နှုန်းသော စစ်အုပ်စုကိုယ်စားလှယ်များပါဝင်သော ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးများကို ခေါ်ယူကျင်းပသွားမည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင် ဦးဆောင်သည့် အမျိုးသားကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီ (ကာလုံ) က ကြေညာခဲ့သည်။ ယင်းလွှတ်တော်အစည်းအဝေးများမှတဆင့် လွှတ်တော်ဥက္ကဌများ နှင့် သမ္မတ၊ ဒုသမ္မတများ ထွက်ပေါ်လာမည်ဖြစ်သည်။
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်၊ နေပြည်တော်တွင် ပြုလုပ် သည့် စစ်အုပ်စုလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲတွင်တော့ လာမည့် ၂၀၂၇ ခုနှစ်တွင် ကြားဖြတ်ရွေးကောက်ပွဲတစ်ရပ် ကျင်းပသွားမည်ဖြစ်ကြောင်း ကော်မရှင်ဘက်က အသိပေးထားသည်။

ရွေးကောက်ပွဲကျင်းပရုံဖြင့် မြန်မာ့အကျပ်အတည်းကို ဖြေရှင်းနိုင်မည်ဟု မယုံကြည်သော်လည်း အာဏာသိမ်းစစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံမှုများ ဆက်ရှိနေသကဲ့သို့ အာဆီယံအဝန်းအဝိုင်းအတွင်းသို့ပါ စစ်အုပ်စုကို ဆွဲခေါ်နိုင်ရန် မျှော်လင့်နေပြီး အာဆီယံ နှင့် စစ်အုပ်စုပြန် လည်ထိတွေ့နိုင်ဖို့အတွက် ကြားခံတံတားတခုအဖြစ် ကူညီပေးလိုကြောင်း ထိုင်းနိုင်ငံ၊ ဖူးခက်မြို့ရှိ စစ်အုပ်စု၏ နိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေနှင့် တွေ့ဆုံအပြီးတွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့သည်။
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်၊ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ရှိ သတင်းထောက်များနှင့် တွေ့ဆုံစဉ်တွင်တော့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်ဖွန်ကက်က မြန်မာနိုင်ငံအတွင်းရှိမတည်ငြိမ်မှုများသည် ထိုင်းနိုင်ငံအပေါ် တိုက်ရိုက်သက်ရောက်မှုများရှိနေသဖြင့် အာဏာသိမ်းစစ်အုပ်စုအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့်ပါ ထိတွေ့ဆက်ဆံနေရမှုကို ရှောင်လွှဲ၍မရကြောင်း ပြောဆိုခဲ့သည်။
အခြားသော အာဆီယံအဖွဲ့ဝင် အင်ဒိုနီးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဆူဂီအိုနိုကတော့ အာဆီယံဘုံသဘောတူညီချက် (၅) ချက်ကို အကောင်အထည်ဖော်နိုင်ရေးအတွက် ဆက်လက်တိုက်တွန်းလျက်ရှိပြီး အဆိုပါအချက်များကိုသာ အကောင်အထည်ဖော်နိုင်ခဲ့ပါက မြန်မာနိုင်ငံအတွင်းရှိ ပဋိပက္ခများ ချုပ်ငြိမ်းသွားနိုင်မည်ဖြစ်ကြောင်း ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃ ရက်၊ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီတွင် ပြောဆိုခဲ့ပါသည်။