
မြန်မာဒုက္ခသည် ၇ သိန်းအတွက် ဘတ်သန်း ၁၆၀ အသုံးပြုမည်
ထိုင်းနိုင်ငံအတွင်းရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်နေသည့် မြန်မာဒုက္ခသည် ၄၀၀၀၀ ကျော်အတွက် တရားဝင်အလုပ်လုပ်ခွင့်ပြုမည့်အစီအစဉ်ကို ဩဂုတ် ၂၆ ရက်နေ့တွင် ထိုင်းအစိုးရက အတည်ပြုခဲ့ပြီး အဆိုပါအစီအမံကို ကုလသမဂ္ဂဆိုင်ရာဒုက္ခသည်များမဟာမင်းကြီးရုံး (UNHCR) က ကြိုဆိုကြောင်း ထုတ်ပြန်ခဲ့သည်။
ထိုင်းအစိုးရသည် နှစ်ပေါင်း (၄၁) နှစ်တာကာလအတွင်း မြန်မာနိုင်ငံမှ နယ်စပ်ဒုက္ခသည်စခန်းများဆီ ထွက်ပြေးခိုလှုံလာသည့် စစ်ဘေးဒုက္ခသည်များကို ပထမဆုံးအကြိမ် တရားဝင် အလုပ်လုပ်ခွင့်ပြုခြင်းဖြစ်သည်။ 5
ထိုင်း – မြန်မာ နယ်စပ်တလျှောက်ရှိ မြန်မာဒုက္ခသည် ၇၀၀၀၀၀ ကျော် ခိုလှုံလျှက်ရှိသည့် ဒုက္ခသည်စခန်း (၇) ခုအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ပိုမိုပေးအပ်နိုင်ရေးအတွက် ဘတ်သန်း ၁၆၀ အသုံးပြုရန် ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက လျာထားကြောင်း သိရသည်။ 6
သမ္မတထရမ့်ဦးဆောင်သည့် အမေရိကန်အစိုးရက လူသားချင်းစာနာမှုအကူအညီများကို ရပ်ဆိုင်းလိုက်ပြီးချိန်မှစ၍ နယ်စပ်ဒေသရှိ မြန်မာဒုက္ခသည်စခန်းများအတွင်း ဘဏ္ဍာငွေမလုံလောက်ခြင်းကြောင့် အခြေခံကျန်းမာရေးဝန်ဆောင်မှုများ ထိခိုက်လာနေပြီး ကူးစက်ရောဂါဖြစ်ပွားနိုင်ခြေ မြင့်မားလျှက်ရှိကြောင်း သိရပါသည်။

မဆောက်လုပ်ရသေးတဲ့ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ လက်ရှိလည်ပတ်နေတဲ့ မဒေးကျွန်းရေနက်ဆိပ်ကမ်း ပုံကြမ်း (ပုံ-CITIC)
စစ်အုပ်စုအတွက် တရုတ်ဖိအား
မြန်မာနိုင်ငံအတွင်းရှိ တရုတ်စီမံကိန်းများနှင့် ဝန်ထမ်းများ ဘေးကင်းလုံခြုံရေးတိုးမြှင့် လုပ်ဆောင်နိုင်မည်ဟု မျှော်လင့်ထားကြောင်း တရုတ်အစိုးရ ဒု-သမ္မတမစ္စတာဟန်ကျင့်က မြန်မာစစ်အုပ်စုကို ပြောကြားခဲ့သည်။ မြန်မာစစ်တပ်နှင့် အာရက္ခတပ်တော် (AA) တို့ကြား တိုက်ပွဲပြင်းထန်၍ တရုတ်အကျိုးစီးပွားများ ထိခိုက်လာချိန်တွင် တရုတ်အစိုးရဘက်က ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။ 7
တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ အဆင်ပြေစေရန် ယွမ်ငွေနှင့် ရင်းနှီးမြှုပ်နှံခွင့်ပေးရန်၊ အမေရိကန်ဒေါ်လာအစား တရုတ်ယွမ်ငွေနှင့် မြန်မာကျပ်ငွေ တိုက်ရိုက်ပေးချေမှုစနစ် အမြန်ဆုံးဆောင်ရွက်ရန် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စက်တင်ဘာ ၁၂ ရက်နေ့တွင် ၎င်း၏ဝန်ကြီးဌာနများကို ညွှန်ကြားခဲ့သည်။ အာဏာသိမ်းစစ်ခေါင်းဆောင်သည် မကြာသေးမီက သွားရောက်ခဲ့သည့် တရုတ်ခရီးစဉ်အတွင်း တရုတ်စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ပြီးနောက် ယခုကဲ့သို့ ညွှန်ကြားလာခြင်းဖြစ်သည်။ 8
စစ်အုပ်စုကျင်းပမည့် ရွေးကောက်ပွဲ အိန္ဒိယ စောင့်ကြည့်မည်
အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာမိုဒီနှင့် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့သည် တရုတ်နိုင်ငံတွင် ကျင်းပသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်းအဝေးတွင် တွေ့ဆုံခဲ့ကြပြီး ၎င်းတို့ကျင်းပမည့် ရွေးကောက်ပွဲအသစ်အတွက် စောင့်ကြည့်လေ့လာရေးအဖွဲ့များအား အိန္ဒိယအစိုးရက စေလွှတ်မည်ဖြစ်ကြောင်း အာဏာသိမ်းစစ်အုပ်စုက ထုတ်ပြန်ခဲ့သည်။
၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၉ ရက်တွင်တော့ နေပြည်တော်ရှိ အာဏာသိမ်းစစ်အုပ်စု၏ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌဦးသန်းစိုးအား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Mr. Abhay Thakur ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ သွားရောက်တွေ့ဆုံခဲ့သည်။ အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်စဉ်များတွင် ပါဝင်ဆောင်ရွက်နေမှုအခြေအနေများ၊ ကျင်းပမည့်ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ ဆောင်ရွက်နေမှုအခြေအနေများ၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးဆိုင်ရာ ဆောင်ရွက်သွားမည့်အခြေအနေများကို Mr. Abhay Thakur က မေးမြန်းခဲ့သည်ဟု ဆိုပါသည်။
ထို့အပြင် ရွေးကောက်ပွဲဆိုင်ရာစွမ်းရည်မြှင့်သင်တန်းများအပါအဝင် နည်းပညာဆိုင်ရာသင်တန်းများကို အိန္ဒိယနိုင်ငံ၏ ကူညီမှုဖြင့် ရွေးကောက်ပွဲလွန်ကာလတွင် ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို နှစ်ဖက်ဆွေးနွေးခဲ့ကြောင်း စစ်အုပ်စုက ထုတ်ပြန်ထားပါသည်။
အခြားတဖက်တွင်တော့ အိန္ဒိယအစိုးရသည် မြန်မာနိုင်ငံမြောက်ပိုင်းရှိ မြေရှားသတ္တုနမူနာတချို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အကူအညီဖြင့် ရယူရန် ကြိုးပမ်းလျှက်ရှိသည်။ အဆိုပါ မြေရှားသတ္တုနမူနာများကို စုဆောင်း၍ သယ်ယူရေးအတွက် အိန္ဒိယအစိုးရက အစိုးရပိုင်နှင့် ပုဂ္ဂလိက ကုမ္ပဏီအချို့ကို ညွှန်ကြားထားကြောင်း သိရသည်။ 9
ကုလရောက် ရခိုင့်အကျပ်အတည်း
၂၀၂၅ ခုနှစ် စက်တင်ဘာလ ၈ ရက်တွင် ပြုလုပ်ခဲ့သည့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ပုံမှန်အစည်းအဝေးတွင် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရား (IIMM) ၏ အကြီးအကဲ နီကိုလပ်ခွန်ဂျန်က ရခိုင်ပြည်နယ်အတွင်းရှိ စစ်ရေးပဋိပက္ခဖြစ်စဉ်များနှင့် ဒုက္ခသည်ဆိုင်ရာ ကိစ္စရပ်များကို အစီရင်ခံစာတင်သွင်းခဲ့သည်။

“ ရခိုင်ပြည်နယ်မှာ လေယာဉ်တွေ၊ ဒရုန်းနဲ့ အရပ်သားတွေကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ မုဒိမ်းမှု၊ လူသတ်မှု၊ အရပ်သားတွေကို လူသားဒိုင်းအဖြစ်အသုံးပြုမှုနဲ့ ငတ်မွတ်ခေါင်းပါးမှု ကြုံနေသူတွေထံ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးပို့မှုများကို တားဆီးဟန့်တားတဲ့သတင်းများကို ကျနော်တို့ စုံစမ်းစစ်ဆေးနေပါတယ်။ ရခိုင်ပြည်နယ်ထဲက လူမျိုးစုအသိုင်းအဝိုင်းအားလုံးလည်း ဒုက္ခရောက်နေကြတယ်” ဟု မစ္စတာနီကိုလပ်ခွန်ဂျန်က ဆိုပါသည်။
ထို့အပြင် ရခိုင်ပြည်အတွင်းက မွတ်ဆလင်ဒုက္ခသည် ၁၅၀,၀၀၀ ခန့်မှာလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ကို ထွက်ပြေးခဲ့ရပြီး မြန်မာစစ်တပ်နှင့် အာရက္ခတပ်တော် နှစ်ဖွဲ့စလုံးက ပြစ်မှုကျူးလွန်ခဲ့သည်ဟုဆိုကာ အလွန်ကြီးလေးသည့် ရာဇဝတ်မှုများနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေကြောင်းလည်း ၎င်းက ပြောဆိုခဲ့သည်။
အခြားတဖက်တွင်တော့ တောင်ကိုရီးယားနိုင်ငံနှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် (WFP) ပူးပေါင်း၍ မြန်မာနိုင်ငံအတွင်း စံချိန်တင်မြင့်တက်လာတဲ့ ဆာလောင်မွတ်သိပ်နေသည့် ပြည်သူများကို ကူညီရန် REACH အစီအစဉ်ကို စတင်အကောင်အထည်ဖော်ရန် ရှိနေပါသည်။ အဆိုပါအစီအစဉ်အတွက် တောင်ကိုရီးယားက လူဦးရေ ၃ သိန်းဝန်းကျင်အတွက် အမေရိကန်ဒေါ်လာ ၁၀ သန်း ထောက်ပံ့သွားဖြစ်သည်။
5. နယ်စပ်က မြန်မာဒုက္ခသည် ၄၂၀၀၀ ကို အလုပ်လုပ်ခွင့်ပြုမည့် ထိုင်းအစိုးရလုပ်ရပ်ကို UNHCR ကြိုဆို၊ Western News၊ ၂၇ ဩဂုတ် ၂၀၂၅
6. နယ်စပ်ရှိ မြန်မာဒုက္ခသည်များ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဘတ်သန်း ၁၆၀ ထောက်ပံ့ရန် ထိုင်းအစိုးရစီစဉ်၊ IMNA၊ ၅ စက်တင်ဘာ ၂၀၂၅
7. တရုတ်စီမံကိန်းတွေဘေးကင်းအောင်လုံခြုံရေးမြှင့်ဖို့ စစ်ကောင်စီကို တရုတ်မှာကြား၊ Burma VJ၊ ၁၇ စက်တင်ဘာ ၂၀၂၅
8. တရုတ်စီးပွားရေးသမားများအဆင်ပြေစေရန် ယွမ်ငွေဖြင့် ရင်းနှီးမြှုပ်နှံခွင့်ပေးမည်ဟု စစ်ခေါင်းဆောင်ပြော၊ DVB ၊ ၁၃ စက်တင်ဘာ ၂၀၂၅
9. India explores rare-earth deal with Myanmar rebels after Chinese curbs၊ Bangkok Post၊ ၁၀ စက်တင်ဘာ ၂၀၂၅