|
|
| ဖွဲ့စည်းသည့် ရက်စွဲ – ၁၆ ဧပြီ ၂၀၂၁
နိုင်ငံတော်သမ္မတ – ဦးဝင်းမြင့် (စစ်ကောင်စီမှ ဖမ်းဆီးထားသည်) နိုင်ငံတော်ဒုတိယသမ္မတ (ယာယီသမ္မတ) – ဒူဝါလရှီးလ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် – ဒေါ်အောင်ဆန်းစုကြည် (စစ်ကောင်စီမှ ဖမ်းဆီးထားသည်) ပြည်ထောင်စုဝန်ကြီးချုပ် – မန်းဝင်းခိုင်သန်း ပြည်ထောင်စုဝန်ကြီး – ၁၆ ဦး ပြည်ထောင်စု ဒုတိယဝန်ကြီး – ၁၇ ဦး Facebook – https://www.facebook.com/NUGmyanmar Website – https://nugmyanmar.org/ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဟု လူသိများကြသည့် ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ (T-NUG) သည် သက်တမ်းအားဖြင့် (၄) နှစ်ကျော်လာပါပြီ။ တိုင်း (၇) ခုအတွင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) အဖွဲ့ပေါင်း (၁၇၃) ဖွဲ့၊ ခရိုင်အဆင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (၁၀) ဖွဲ့၊ မြို့နယ်အဆင့် ပြည်သူ့လုံခြုံရေးအဖွဲ့ (၄၁) ဖွဲ့၊ မြို့နယ်အဆင့် ပြည်သူ့ရဲတပ်ဖွဲ့ (၈) ဖွဲ့တို့ကို NUG ၏ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်တွင် ဖွဲ့စည်းထားသည်။ NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်တွင်တော့ မြို့နယ်အဆင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့ပေါင်း (၂၅၀) နှင့် စစ်ဒေသအလိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းများကို မြို့နယ်အလိုက်၊ ခရိုင်အလိုက် စုဖွဲ့ကာ PDF တပ်ရင်းပေါင်း (၃၀ဝ) ကျော်အထိ ဖြန့်ကျက်ဖွဲ့စည်းထားပါသည်။ ရာနှင့်ချီသော တပ်ရင်းများ၊ တပ်ဖွဲ့များ စုဖွဲ့ဖြန့်ကျက်ထားနိုင်ခဲ့သော်လည်း အားလုံးကို စစ်လက်နက်ပစ္စည်း တပ်ဆင်ရေးအတွက်မူ NUG တွင် အကန့်အသတ်များစွာ ရှိနေသေးသည်ကို တွေ့ရပါသည်။ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ (၄) ဖွဲ့နှင့် ပေါင်းစပ်စုဖွဲ့ထားသည့် ဗဟိုကွပ်ကဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (C3C) တွင် NUG အနေဖြင့် ပါဝင်ထားပြီး စစ်ဒေသအလိုက် ပူးပေါင်းလှုပ်ရှားလျက်ရှိသော်လည်း တချို့သော စစ်ဒေသများအတွင်းရှိ NUG လက်အောက်ခံ ပကဖ၊ ပအဖနှင့် ပလဖအဖွဲ့များနှင့်ပက်သတ်သော လူထု၏ ဝေဖန်ကန့်ကွက်မှု ကြုံတွေ့နေရပါသည်။ တာဝန်ယူမှု၊ တာဝန်ခံမှု အားနည်းနေကြသည့် NUG လက်အောက်ခံ ပသုံးလုံး (ပကဖ၊ ပအဖ၊ ပလဖ) အဖွဲ့များ ပြုပြင်ပြောင်းလဲရေးအတွက် လူထုရွေးချယ်မှုနည်းလမ်းဖြင့် ပြန်လည်ဖွဲ့စည်းရေးကိုလည်း တိုက်တွန်းမှုများ ရှိနေပါသည်။ 2 ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်တွင် NUG ကာကွယ်ရေးဝန်ကြီးဌာန (MoD) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ဂန့်ဂေါ (ယောဒေသ) (PDF – Gangaw Battalion – YAW REGION) အမှတ် (၁၂) တပ်ရင်းရှိ တပ်ရင်းမှူးအပါအဝင် တပ်ဖွဲ့ဝင်များအနေဖြင့် MoD လက်အောက်မှ နုတ်ထွက်သွားသည်။ ယင်းနောက် ချင်းညီနောင်အဖွဲ့ (CB)၊ အာရက္ခတပ်တော် (AA) တို့နှင့် စစ်ရေးအရ မဟာမိတ်ပြုကာ ပူးပေါင်းလှုပ်ရှားလျက်ရှိသည့် ယောတပ်တော် (YA) နှင့် ပူးပေါင်းသွားခဲ့ကြောင်း PDF – ဂန့်ဂေါက ထုတ်ပြန်ထားသည်။ 3 ထို့အပြင် ၂၀၂၂ ခုနှစ် မတ်လကတည်းက စတင်တာဝန်ထမ်းဆောင်ခဲ့သည့် NUG-MoD လက်အောက်ရှိ ဂဠုန်စစ်ကြောင်းသည်လည်း ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်တွင် ၎င်းတို့၏ ကွပ်ကဲမှုအောက်မှ ခွင့်ပြုချက်ဖြင့် နှုတ်ထွက်သွားပြီး မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) ၏ အမိန့်ပေးကွပ်ကဲမှုစနစ် (COC) အောက်သို့ အလုံးစုံပူးပေါင်းသွားခဲ့သည်။ 4 NUG ၏ ဝန်ကြီးဌာနတခုဖြစ်သည့် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန (MOCIT) နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့် Federal Wings ဒရုန်းတပ်ဖွဲ့ဆိုလျှင်လည်း ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၆ ရက်မှ စတင်ပြီး ပူးပေါင်းဆောင်ရွက်မှုများအား နှစ်ဖက်သဘောတူ ရပ်ဆိုင်းခဲ့ကြောင်း ကြေညာခဲ့ပါသည်။ Federal Wings ဒရုန်းတပ်ဖွဲ့သည် ဒေသအလိုက် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ (ERO) များ၊ NUG လက်အောက်ခံမဟုတ်သည့် တော်လှန်ရေးအင်အားစုများနှင့် ဆက်လက်ပူးပေါင်းလှုပ်ရှားနေဆဲဖြစ်သည်။ လက်ရှိ တော်လှန်ရေးတွင် ငွေကြေးလိုအပ်ချက်သည် အဓိကကိစ္စရပ်တစ်ခုမဟုတ်ဘဲ ခေါင်းဆောင်မှု တာဝန်ယူထားသူများ၏ အမှန်တကယ်ဦးဆောင်နိုင်မှုသည်သာ တော်လှန်ရေးအောင်မြင်ရေးအတွက် မဖြစ်မနေ လိုအပ်သည့်အရာဖြစ်ကြောင်း Federal Wings က ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၀ ရက်တွင် အကြံပြုထားပါသည်။ 5 အခြားတဖက်တွင်တော့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) နှင့် NUG အကြား နားလည်မှုစာချွန်လွှာချုပ်ဆိုခဲ့ကြပြီး အပြန်အလှန်နားလည်မှု၊ နိုင်ငံရေးဂဏ်သိက္ခာ အပြန်အလှန်အသိအမှတ်ပြုမှုတို့ကို အခြေခံပြီး နှစ်ဖက်အဖွဲ့အစည်းနှစ်ခုအကြား ခိုင်မာအားကောင်းသော ဆက်ဆံမှုတည်ဆောက်ရေး၊ စစ်အာဏာရှင်စနစ် ပပျောက်ရေးနှင့် အနာဂတ်ဖက်ဒရယ် ဒီမိုကရက်တစ်ပြည်ထောင်စု ပေါ်ထွန်းရေးလုပ်ငန်းများတွင် လက်တွဲတိုက်ပွဲဝင် ပူးပေါင်းဆောင်ရွက်မည်ဟု ဆိုပါသည်။ 6 ထို့အပြင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင်လည်း ပြည်သူ့လွတ်လပ်ရေးအဖွဲ့ (PIO)/ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA) နှင့် NUG-MoD အကြား တွေ့ဆုံဆွေးနွေးခဲ့ကြပြီး စစ်ရေးဆိုင်ရာလုပ်ငန်းများ၊ ပြည်သူ့အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များအတွက် ပူးပေါင်းကူညီဆောင်ရွက်ကြရန် ဆွေးနွေးသဘောတူညီခဲ့ကြကြောင်း PIO/PIA က ထုတ်ပြန်ခဲ့သည်။ ဆိုရသော် သက်တမ်း (၄) နှစ်ကျော်လာပြီဖြစ်သည့် NUG နှင့်ပတ်သက်ပြီး စစ်ရေး၊ နိုင်ငံရေး၊ နိုင်ငံတကာအရေးနှင့် လွတ်မြောက်နယ်မြေများအတွင်းရှိ လူမှုဝန်ဆောင်မှုလုပ်ငန်းများတွင် ဝေဖန်မှုများ၊ ချီးမြှောက်မှုများ၊ အားနည်းချက်၊ အားသာချက်များကို ထင်ရှားစွာတွေ့မြင်လာရပြီဖြစ်သကဲ့သို့ NUG ပြုပြင်ပြောင်းလဲရေးကိုလည်း အားလုံးက နားလည်လက်ခံထားကြပြီဟု ဆိုရပါမည်။ သို့နှင့်တိုင် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်များအရ လမ်းပြမြေပုံ (၁၂) ချက်အနက် နံပါတ် (၈) အချက်ဖြစ်သော အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးတွင် တစ်ဆို့ကြန့်ကြာသည့်အတွက် အသွင်ကူးပြောင်းရေးကာလအစိုးရ ဖွဲ့စည်းနိုင်ရေးအတွက်လည်း ရုန်းကန်နေရပါသည်။ NUG ပြုပြင်ပြောင်းလဲရေးသည် အဆိုပါလမ်းပြမြေပုံနှင့် ဆက်စပ်နေသကဲ့သို့ ကျော်လွှားနိုင်မည့်နည်းလမ်းများကိုလည်း သက်ဆိုင်သူအင်အားစုတိုင်းက ကြိုးပမ်းနေကြသည်ဟု နားလည်ရပါသည်။ NUG ပြုပြင်ပြောင်းလဲရေးသည် တော်လှန်ရေးအတွက် ညီညွတ်မှုခွန်အားကို ပြသလာနိုင်မလားဟူသည်က စောင့်ကြည့်ရပါမည်။ 2. အသိပေးကြေညာချက်၊ ယောကာကွယ်ရေးတပ် (YDF)၊ ၂၉ ဇန်နဝါရီ ၂၀၂၅ Reference: မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း – လမ်းညွှန်အကိုးအကား ၂၀၂၄– ၂၀၂၅ |
ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ (T-NUG)
By MPM
18 စက်တင်ဘာ, 2025
👁