မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့အနီးဝန်းကျင်မှာ အခုလ အောက်တိုဘာ ပထမပတ်အတွင်း လူငယ် ၃၀ နီးပါး စစ်မှုထမ်းပေါ်တာဆွဲ ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အာဏာသိမ်း စစ်တပ်နဲ့ပြည်သူ့စစ်အဖွဲ့တွေဟာ သိမ်ဇရပ်မြို့ အဝင်/အထွက်နဲ့ ကျေးရွာချင်းဆက် လမ်းပိုင်းတွေပေါ်မှာ အိမ်စီးကားတွေ လမ်းသွားလမ်းလာတွေကို အယောင်ပြစစ်ဆေးမှုပြုလုပ်ပြီးနောက် ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
မျက်မြင်တွေ့ရှိသူတွေရဲ့ ပြောပြချက်အရ အာဏာသိမ်းစစ်တပ်ဟာ အမျိုးသားနှစ်ဦး ဆိုင်ကယ်အတူစီးတာဖြစ်စေ၊ တစ်ဦးတည်းစီးတာဖြစ်စေ အယောင်ပြစစ်ဆေးပြီးနောက် ကားပေါ်တခါတည်း ဆွဲတင်သွားမယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံရသူတွေကို အရင်လို ငွေညှစ်ပြန်လွတ်တာမျိုးနည်းလာပြီး ဖမ်းမိသမျှတွေကို ကျိုက်ထို ရဲစခန်းသို့ပို့ဆောင်ပြီး အဲဒီကနေတဆင့် မော်လမြိုင်မြို့ရှိ မုပွန်စစ်သားစုဆောင်ရေးတပ်ထံ ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရသူတွေဟာ သိမ်ဇရပ်မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ ရပ်ကွက် ၃၊ ရပ်ကွက် ၄၊ ရပ်ကွက် ၅ အပါအဝင် အနီးအနားကျေးရွာတွေက အသက် ၂၀ ကနေ ၄၀ ကြားအရွယ်ရှိနေတဲ့ လူငယ်တွေ အများဆုံး ပါဝင်ပါတယ်။
သိမ်ဇရပ်မြို့မှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်းစစ်တပ်ရဲ့ ပေါ်တာဆွဲ ဖမ်းဆီးမှုတွေကြောင့် လူငယ်တွေ အပြင်ထွက် သွားလာတာ မရှိသလောက် နည်းပါးသွားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ပြည်သူ့စစ်မှုထမ်းအပတ်စဉ် ၂၉ အတွက် စစ်မှုထမ်းလိုအပ်ချက်ရှိနေတဲ့ စစ်အုပ်စုဟာ မွန်ပြည်နယ်ထဲက မြို့နယ်တွေမှာ အကြောင်းမျိုးစုံပြပြီး လူငယ်တွေကို ဖမ်းဆီးငွေညှစ်တာ၊ ပြန်ပေးဆွဲရောင်းစားတာ ဆက်လက်လုပ်ဆောင်နေပါတယ်။
သံလွင်တိုင်းမ်