ပြည်ပရောက် တော်လှန်ရေးသမားများနှင့် သတင်းဌာနများကို အမှုဖွင့်ထားပြီး အင်တာပိုလ်မှတဆင့် ဖမ်းခိုင်းရန်လုပ်နေဟု စစ်အုပ်စု ဒုဝန်ကြီးပြော

By MPM 8 အောက်တိုဘာ, 2026 👁 54

ပြည်ပနိုင်ငံများတွင် ရောက်ရှိနေသည့် စစ်အုပ်စုဆန့်ကျင် တော်လှန်ရေးသမားများ၊ ထောက်ပို့များနှင့် သတင်းဌာနများကို ပြည်တွင်းတွင် အမှုများဖွင့်ထားသည့်အပြင် အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ အင်တာပိုလ်ကို Red Notice (နိုင်ငံတကာ အလိုရှိသူ ရှာဖွေရေး အကြောင်းကြားစာ) ထုတ် ဖမ်းခိုင်းရန်လည်း လုပ်ဆောင်နေကြောင်း စစ်အုပ်စု၏ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူက ပြောသည်။

အောက်တိုဘာ ၆ ရက်က ကျင်းပခဲ့သည့် ၂၀၂၆ ပြည်သူ့လွှတ်တော်တွင် ကြံ့ဖွံ့အမတ် ဒေါ်သန်းသန်းအေး မေးမြန်းသည့် “ပြည်ပရောက်နေသူများ နိုင်ငံတော်၏ အချုပ်အခြာအာဏာ ယိမ်းယိုင်စေရန်နှင့် ဂုဏ်သိက္ခာကျစေရန် လုပ်ဆောင်နေသည့် လုပ်ရပ်များအပေါ် အရေးယူရန် အစီအစဉ် ရှိ၊ မရှိ” ဆိုသည့် မေးခွန်းအပေါ် ထိုသို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် စစ်အုပ်စုအနေဖြင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ကို ဖွဲ့စည်းခဲ့သူများ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အဖွဲ့ဝင်များ၊ ထောက်ပို့များ၊ စစ်အုပ်စု ဂုဏ်သိက္ခာကျဆင်းအောင် ရေးသားဖော်ပြနေသူများနှင့် သတင်းမီဒီယာများဖြစ်သည့် မြန်မာနောင်း (Myanmar Now)၊ ခေတ်သစ် (Khit Thit)၊ မဇ္ဈိမ (Mizzima)၊ ဧရာဝတီ (The Irrawaddy) နှင့် ဒီဗွီဘီ (DVB) တို့ကို အမှုဖွင့်ထားကြောင်း ဗိုလ်ချုပ်မင်းသူက ပြောသည်။

၎င်းတို့ကို သက်ဆိုင်ရာ စစ်အုပ်စု ရဲစခန်းများနှင့် တရားရုံးများတွင် ရာဇသတ်ကြီးပုဒ်မ ၁၂၄ – က၊ ၅၀၅ (ခ)၊ ၅၀၅ – က၊ မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇ (၁) ၊ အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေး ပုဒ်မ ၃၃ (က) နှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဉပဒေပုဒ်မ ၅၀ (က)၊ ၅၀ (ည) တို့ဖြင့် အမှုဖွင့်ထားကြောင်း ဆိုသည်။

ထို့ပြင် ပြည်ပနိုင်ငံများတွင် ခိုလှုံပြီး စစ်အုပ်စုအပေါ် ဆန့်ကျင်ရန်နှင့် စစ်အုပ်စု၏ အုပ်ချုပ်ရေးယန္တရားများ ပျက်ပြားစေရန် ပြုလုပ်သူများ၊ အားပေးကူညီသူများကို အမှုဖွင့်ဆောင်ရွက်ခြင်းများ ပြုလုပ်နေခြင်းဖြစ်ကြောင်းလည်း ပြောသည်။

“အမှုဖွင့်လှစ်ပြီးပါက သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများမှတဆင့်ပေးပို့လာတဲ့ ဖမ်းဝရမ်းနိုတြီများကို အပြည်ပြည်ဆိုင်ရာရဲအဖွဲ့ အင်တာပိုလ်၊ ASEANAPOL စတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ စည်းမျဉ်းများနဲ့ ညီညွတ်မှု ရှိ၊ မရှိ စိစစ်ပြီးတော့မှ တရားစွဲဆိုရန်အတွက် သို့မဟုတ် ပြစ်မှုဆိုင်ရာပြစ်ဒဏ်ကျခံရန် လိုအပ်တဲ့သူတဦးဦးနဲ့စပ်လျဉ်းပြီးတော့မှ ရဲတပ်ဖွဲ့အချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် အင်တာပိုလ် Red notice ထုတ်ပြန်ခြင်း၊ တရားခံများကို ဖမ်းဆီးပေးခြင်းတို့ကို ဆောင်ရွက်ပေးနိုင်ရေးတို့အတွက်ကိုလည်း အပြည်ပြည်ဆိုင်ရာရဲအဖွဲ့များနဲ့ ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း တင်ပြအပ်ပါတယ်” ဟု ဗိုလ်ချုပ်မင်းသူက ပြောသည်။

စစ်အုပ်စုအနေဖြင့် ပြည်ပတွင် ရောက်ရှိနေသူများကို ရာဇသတ်ကြီး၊ မတရားအသင်း အက်ဥပဒေ၊ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ၊ အကြမ်းဖက်ဖျက် တိုက်ဖျက်ရေးဥပဒေတို့ဖြင့် အရေးယူခြင်း၊ နိုင်ငံကူးလက်မှတ်များကို ပယ်ဖျက်ခြင်း၊ အမည်ပျက်စာရင်းသွင်းခြင်းများကို ဆောင်ရွက်နေကြောင်းလည်း ပြန်လည်ဖြေကြားသည်။

ယင်းအပေါ် ကြံ့ဖွံ့အမတ် ဒေါ်သန်းသန်းအေးက “ပြည်ပရောက် ထင်ရှားတဲ့သူတွေကို ဘယ်နှစ်ဦးဖမ်းဆီးပြီးပြီလဲ” ဟု ပြန်မေးခွန်းထုတ်ရာ ဗိုလ်ချုပ်မင်းသူက “ကျွန်တော်တို့က အကြမ်းဖက်အဖွဲ့တွေနဲ့ ပတ်သက်ပြီးတော့မှ ဖမ်းဆီးရမိတဲ့ဖြစ်စဉ်လေးတွေမှာတော့ ခုနက လွှတ်တော်ကိုယ်စားလှယ်ကြီးပြောတဲ့အထဲမှာပါတဲ့ အရေးကြီးတဲ့တရားခံတွေမှာတော့ ကျွန်တော်တို့က သက်ဆိုင်ရာနိုင်ငံနဲ့ ချိတ်ဆက်ပြီးဆောင်ရွက်တဲ့အခါ သူ့နိုင်ငံရဲ့ နိုင်ငံရေးသဘောထားအပေါ်မှာ မူတည်ပြီးတော့မှ ချိတ်ဆက်ဆောင်ရွက်ရခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ ဖမ်းဆီးရမိတဲ့ဖြစ်စဉ်အများစု၊ လွှဲပြောင်းတဲ့ ဖြစ်စဉ်အများစုကတော့ ကျွန်တော်တို့ မူးယစ်တရားခံတွေ” ဟု ပြန်လည်တုံ့ပြန်သည်။

လက်ရှိတွင် စစ်အုပ်စုအနေဖြင့် ပြည်ပရှိ ၎င်းတို့လက်အောက်ခံ သံရုံးများမှ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့မှုအရ စစ်အုပ်စုဆန့်ကျင် ပြည်ပတွင်ခိုလှုံနေသူ ၁,၃၀၀ ကျော်ကိုလည်း နိုင်ငံကူးလက်မှတ်များကို ပယ်ဖျက်ခြင်း၊ အမည်ပျက်စာရင်းသွင်းခြင်း၊ စောင့်ကြည့်စာရင်းသွင်းခြင်း၊ ကိုယ်ရေးအချက်အလက် မပြည့်စုံသူများကို အမည်ပျက်စာရင်းသွင်းရေးတို့ကိုလည်း တဆင့်ချင်းလုပ်နေကြောင်းလည်း ဗိုလ်ချုပ်မင်းသူက ပြောဆိုခဲ့သည်။

Red Notice သည် Interpol ကိုယ်တိုင်က ထုတ်ပြန်သည့် လိုက်လံဖမ်းဆီးခွင့် ဝရမ်းမဟုတ်ချေ။

အဖွဲ့ဝင်နိုင်ငံတခုခု (သို့မဟုတ်) နိုင်ငံတကာခုံရုံးတခုခု၏ တောင်းဆိုချက်အရ ကမ္ဘာတဝန်းတွင် ရှာဖွေဖော်ထုတ်ပြီး ယာယီဖမ်းဆီးထားနိုင်ရန် အကြောင်းကြားပေးခြင်းသာ ဖြစ်သည်။

Red Notice ထုတ်ပြန်ခံရပါက နယ်စပ်ဖြတ်ကျော်ခွင့် ပိတ်ပင်ခံရခြင်း၊ ယာယီဖမ်းဆီးခံရခြင်းတို့ ကြုံတွေ့ရနိုင်သည်။

မဇ္ဈိမ