သိန္နီမြို့နယ် မိုင်းပါးရွာဝင်ဆိုင်းဘုတ် MNDAA ဖျက်ဆီး၊ မြန်မာ-တရုတ်စာဖြင့် ပြန်လည်ပြုလုပ်နေ

By MPM 8 အောက်တိုဘာ, 2026 👁 57

ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မိုင်းပါးကျေးရွာအုပ်စုရှိ ရွာဝင်ဆိုင်းဘုတ်ကို ကိုးကန့်တပ်ဖွဲ့ (MNDAA) က အောက်တိုဘာ ၂ ရက်တွင် ဖျက်ဆီးခဲ့ပြီးနောက် မြန်မာစာနှင့် တရုတ်စာဖြင့် ပြန်လည်တည်ဆောက်နေကြောင်း ဒေသခံများက ပြောသည်။

ယခင်ဆိုင်းဘုတ်တွင် သျှမ်းစာနှင့် မြန်မာစာတို့ ပါရှိခဲ့သော်လည်း ယခု ပြန်လည်တည်ဆောက်နေသည့် ဆိုင်းဘုတ်တွင် တရုတ်စာနှင့် မြန်မာစာသာ ထည့်သွင်းမည်ဖြစ်ကြောင်း မိုင်းပါးဒေသခံ အသက် ၃၀ ကျော်အရွယ် အမျိုးသားတဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အရင်က သျှမ်းစာနဲ့ရေးထားတာကို ဖျက်ပြီး အုတ်တွေပြန်စီနေတယ်။ အခုဆိုင်းဘုတ်အသစ်မှာ အပေါ်မှာ ဗမာစာထည့်ပြီး အောက်မှာ တရုတ်စာထည့်မယ်။ သျှမ်းစာတော့ မရှိတော့ဘူး” ဟု ၎င်းက ပြောသည်။

ထို့အပြင် နမ့်အွန်၊ ခိုမုန်း၊ ဆိုင်းခေါင်၊ ဟိုခို၊ မိုင်းယု၊ ကွတ်ခိုင်နှင့် မိန်ဝိန်းအပါအဝင် လားရှိုး-သိန္နီကြားရှိ ကျေးရွာအချို့တွင်လည်း ရွာဝင်ဆိုင်းဘုတ်များကို ပြောင်းလဲကာ မြန်မာစာနှင့် တရုတ်စာများသာ အသုံးပြုလာကြောင်း ဒေသခံများက ဆိုသည်။

သက်ဆိုင်ရာဌာနေ တိုင်းရင်းသားဘာသာစကားနှင့် ဒေသခံလူမျိုးရေးအမှတ်အသားများပါဝင်သည့် ဆိုင်းဘုတ်များကို ဖယ်ရှားခြင်းသည် ရေရှည်တွင် လူမျိုးစုများအကြား တင်းမာမှုများ ဖြစ်ပေါ်လာစေနိုင်ကြောင်း ဒေသခံများက စိုးရိမ်နေကြသည်။

“အခုလုပ်ချင်လို့ လုပ်နေတယ်ဆိုပေမယ့် နောက်ပိုင်းအကျိုးဆက်က လူမျိုးရေးအမုန်းတရားတွေ ဖြစ်လာနိုင်တယ်။ လူမျိုးစုတစ်ခုနဲ့တစ်ခုကြားမှာ မုန်းတီးမှုတွေ ဖြစ်လာနိုင်တယ်” ဟု အထက်ပါ အမျိုးသားက ဆက်ပြောသည်။

“၁၀၂၇ စစ်ဆင်ရေး” နောက်ပိုင်း ညီနောင်မဟာမိတ်တပ်များ ထိန်းချုပ်လာသည့် သျှမ်းပြည်မြောက်ပိုင်း ဒေသအချို့တွင် သက်ဆိုင်ရာဌာနေ တိုင်းရင်းသားဘာသာစကားနှင့် လူမျိုးရေးအမှတ်အသားများ ပါဝင်သည့် မြို့ဝင်၊ ရွာဝင်ဆိုင်းဘုတ်များ ပြောင်းလဲခြင်း သို့မဟုတ် ဖျက်ဆီးခြင်းများရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဧပြီလအတွင်း ကွတ်ခိုင်မြို့နယ်တွင် တအာင်း (ပလောင်) စာနှင့် အလံအရောင်များ အသုံးပြုထားသည့် ရွာဝင်ဆိုင်းဘုတ်အချို့ကို MNDAA တပ်ဖွဲ့ဝင်များက အဖြူရောင်ဖြင့် ပြန်လည်ဆေးခြယ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

အလားတူ TNLA ထိန်းချုပ်ခဲ့သည့် နယ်မြေအချို့တွင်လည်း ဆိုင်းဘုတ်များကို တအာင်း (ပလောင်) စာဖြင့် ပြောင်းလဲရေးသားခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့ကြောင်း သိရသည်။

ကွတ်ခိုင်မြို့နယ်တွင် MNDAA က အုပ်ချုပ်ရေးလုပ်ငန်းများ စတင်ဖော်ဆောင်စဉ်က ကျေးရွာဆိုင်းဘုတ်များကို သက်ဆိုင်ရာတိုင်းရင်းသားဘာသာစကားနှင့် မြန်မာစာဖြင့် ရေးသားရန် ပြောဆိုထားကြောင်း ဒေသခံများက ပြောသည်။

သို့သော် မိုင်းပါးကျေးရွာ ရွာဝင်ဆိုင်းဘုတ် ပြောင်းလဲမှုနှင့် ပတ်သက်၍ MNDAA ဘက်က ယခုအချိန်အထိ တရားဝင်ထုတ်ပြန်ပြောဆိုထားခြင်း မရှိသေးပေ။

သျှမ်းသံတော်ဆင့်