မောင်တောတွင် မိုင်းနင်း၍ ကမန်အမျိုးသားတစ်ဦး ခြေတစ်ဘက် ပြတ်သွားခဲ့ဟုဆို

By MPM 5 အောက်တိုဘာ, 2026 👁 88

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် မြေမြှုပ်မိုင်းတစ်လုံးကိုနင်းမိသဖြင့် ရခိုင်မျိုးနွယ်စုဝင် ကမန်အမျိုးသားတစ်ဦး ခြေထောက်တစ်ဘက် ပြတ်ထွက်သွားခဲ့သည်ဟု သိရသည်။

အောက်တိုဘာ (၃) ရက်၊ နံနက် (၁၁) နာရီခွဲတွင် မောင်တောမြို့နယ်၊ သင်္ဘောလှရွာတွင်နေထိုင်သူ ဦးလှမောင် (၃၆) နှစ်သည် ရွာအနောက်ဖက်တောင်ချိုင်ကြား၌ ထောင်ထားခဲ့သည့် ဝက်ကိုင်း (ဝက်ထောင်ချောက်) ကို ဖော်ရန်သွားချိန် မြေမြှုပ်မိုင်းတစ်လုံးကို တက်နင်းမိရာမှ ပေါက်ကွဲမှုဖြစ်သွားခဲ့ခြင်းဖြစ်သည်။

ယင်းပေါက်ကွဲမှုကြောင့် ဦးလှမောင်တွင် ဘယ်ဖက်ခြေထောက် ခြေသလုံးအောက်မှပြတ်ထွက်သွားသလို ခြေသလုံးမှာလည်း အပြင်းအထန်ဒဏ်ရာရရှိသွားသည့်အတွက် လက်ရှိတွင် အရေးပေါ် ကုသမှုခံယူနေရသည်ဟု သိရသည်။

ပြီးခဲ့သည့် ဧပြီ ၂၇ ရက်ကလည်း မိုင်းနင်းမိခဲ့သည့်အတွက် မောင်တောမြို့ရပ်ကွက် (၆) မှ ရာဟုတ်ဓီ (၁၁) နှစ်တွင် ညာဖက်ခြေထောက် တစ်ဖက်ပြတ်ထွက်ပြီး အပြင်းအထန်ဒဏ်ရာရရှိခဲ့သည်။

ဖေဖော်ဝါရီလ ၈ ရက်၊ ညနေကလည်း မောင်တောမြို့အနီးရှိ အီတာလီယာကျေးရွာတွင် မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် အသက်(၇)နှစ်အရွယ် နူရ်ဟာဆိန်း ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။

အလားတူ ဇန်နဝါရီလ ၁ဝ ရက်၊ ညနေပိုင်းကလည်း မောင်တောမြို့နယ်မြောက်ပိုင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီးတွင် သစ်ခုတ်ပြီးပြန်လာသည့် ဘူးသီးတောင်မြို့နယ်၊ တောင်ဘဇာကျေးရွာမှ ကိုမောင်မောင်စိုး (၃၀) နှစ်သည် မြေမြှုပ်မိုင်းကိုနင်းမိ၍ ခြေတစ်ဘက်ပြင်းထန်ဒဏ်ရာရရှိသွားခဲ့သည်ဟု သိရသည်။

အာရက္ခပြည်တွင် မြေမြှုပ်မိုင်းနှင့်စစ်ကျန်လက်နက်များပေါက်ကွဲမှုကြောင့် ပြီးခဲ့သည့် ၂ဝ၂၅ ခုနှစ်အတွင်း အပြစ်မဲ့အရပ်သားပြည်သူ ၂၁ ဦးသေဆုံးပြီး ၈၁ ဦးဒဏ်ရာရရှိသွားခဲ့သည်ဟု နိရဉ္စရာက ကောက်ယူထားသည့်စာရင်းအရ သိရသည်။

နိရဉ္စရာ