ကျောက်တော်စျေးကို စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှု EU ရှုတ်ချ

By Staff 2 အောက်တိုဘာ, 2026 👁 61

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ရှိ စျေးကို စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုအပေါ် ဥရောပသမဂ္ဂ (EU) က ရှုတ်ချလိုက်သည်။

အောက်တိုဘာလ ၁ ရက်ရက်စွဲဖြင့် လူမှုကွန်ရက်မှတဆင့် EU ပြောရေးဆိုခွင့်ရှိသူ၏ ကြေညာချက်ကို ထုတ်ပြန်လာခြင်းဖြစ်သည်။

“တနင်္လာနေ့က ကျောက်တော်ဈေးကို မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ အများအပြား သေဆုံးဒဏ်ရာရရှိခဲ့သည့်အတွက် ဥရောပသမဂ္ဂ (EU) က ရှုတ်ချပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်အုပ်စုသည် စက်တင်ဘာလ ၂၈ ရက် နေ့လယ် ၁၂ နာရီကျော်တွင် ကျောက်တော်မြို့ရှိ အိန္ဒိယစျေးနှင့် ကစ္ဆပနဒီ တံတားအနီးကို လေကြောင်းမှတိုက်ခိုက်ခဲ့သည်။

ထိုတိုက်ခိုက်မှုအတွင်း သေဆုံးသူဦးရေ ၅၀ ရှိပြီး ထိခိုက်ဒဏ်ရာရသူ ၅၇ ဦးရှိကြောင်း အာရက္ခတပ်တော် က စက်တင်ဘာလ ၃၀ ရက်က ထုတ်ပြန်ထားသည်။

ထိခိုက်သူအများအနက် ၂၂ ဦးမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေ (International Humanitarian Law) သည် ကမ္ဘာလုံးဆိုင်ရာ သက်ရောက်မှုရှိပြီး လေးစားလိုက်နာရမည် ဖြစ်ပါကြောင်းနှင့် ထိခိုက်နစ်နာရသူများနှင့် မိသားစုဝင်များအတွက် ထပ်တူညီခံစားရကြောင်းလည်း EU ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

EU အနေဖြင့်လည်း မြန်မာပြည်သူများနှင့်အတူ ဆက်လက်ရပ်တည်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ တိုက်ခိုက်မှုဖြစ်ပွားချိန်သည် ဈေးအတွင်းနှင့် ဈေးပတ်ဝန်းကျင်၌ အရပ်သားများ လူစည်ကားနေသည့်အချိန်ဖြစ်ပြီး ဆိုင်ခန်းပေါင်း ၂၀၀ ကျော်ရှိသည့် အဆိုပါဈေးတွင် ရခိုင်၊ ရိုဟင်ဂျာ၊ ဟိန္ဒူ၊ ဒိုင်းနက်နှင့် အခြားလူမှုအသိုင်းအဝိုင်းများမှလူများက ဆိုင်များ ဖွင့်လှစ်ရောင်းချနေကြကြောင်း သတင်းများက ဖော်ပြသည်။

မဇ္ဈိမ