စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ သာစည်ရွာ အနောက် လက်ပံခုံကျေးရွာက ဘုန်းကြီးကျောင်းအနီးရှိ အရပ်သားပြည်သူနေအိမ်တစ်အိမ်ကို စစ်ကောင်စီလက်အောက်ခံ အရပ်ဝတ်ပြည်သူ့စစ် (ပျူစောထီး) တွေဟာ ကာဘိုင်သေနတ် ၁ လက်နဲ့ စက်တင်ဘာလ ၂၄ ရက်နေ့ ညပိုင်းမှာ ငွေကျပ် သိန်း ၂၀၀ ငွေညစ်တောင်းခံ ဓားပြတိုက်မှု ကျူးလွန်ခဲ့ကြတယ်လို့ ကလေးမြို့ဒေသခံတွေဆီကနေ သိရပါတယ်။
အဆိုပါ လက်ပံခုံကျေးရွာဟာ သာစည်ရွာအနောက်ဘက် စစ်ကောင်စီဂိတ်နဲ့ မလှမ်းမကမ်း အနီးဆုံးနေရာမှာတည်ရှိတဲ့ ကျေးရွာဖြစ်ပြီး ပျူစောထီးတွေသာကိုင်ဆောင်ရတဲ့ ကာဘိုင် ၁ လက်ကိုင်ဆောင်ထားတဲ့ အရပ်ဝတ်နဲ့ လူ ၃ ဦးက ငွေညစ်တောင်းခံ ဓားပြတိုက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ကလေးမြို့နယ်က ဒေသခံတစ်ဦးက “ဓားပြတိုက်တဲ့သူတွေက သူတို့ရဲ့ ဆက်သွယ်ရေးစက် ဝေါ်ကီတော်ကီ ၁ ခုလည်း ဓားပြတိုက်တဲ့နေရာမှာ မေ့ကျန်ခဲ့တယ်လို့ ပြောတယ်။ နောက်ဆက်တွဲနဲ့ပတ်သက်ပြီးတော့ ဘာမှမသိရသေးဘူး” လို့ပြောပါတယ်။
ကလေးမြို့နယ်အတွင်းက စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတွေဟာ အရပ်သားပြည်သူလူထုအပေါ် အနိုင်ကျင့် ငွေညစ်တာ လူဖမ်းတာ ဓားပြတိုက်တာတွေ မကြာခဏ ကျူးလွန်ကြလေ့ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။
Chin World