မကွေးတိုင်း လောင်းရှည်မြို့နယ်နဲ့ ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်ကြားက ကျေးရွာတွေကို စက်တင်ဘာ ၂၆ ရက်ကစလို့ အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ ဆောမြို့နယ်မှာ နေထိုင်သူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
လောင်းရှည်မြို့နယ်နဲ့ ကန်ပက်လက်မြို့နယ်ကြားက ရင်းကဲ၊ ငှက်ချောင်နဲ့ မဆာတွီကျေးရွာတွေကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာပါ။
“နေ့တိုင်း ပစ်နေတာမလို့ လေကြောင်းကို အထူးသတိထားနေရတယ်။ လောင်းရှည်က စစ်ကြောင်းက ကျင်ဒွေးကို တက်မှာမလို့ ဒီလိုပစ်ခတ်နေတယ်လို့ ထင်ပါတယ်” လို့ ဆောမြို့နယ်မှာ နေထိုင်သူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စက်တင်ဘာ ၂၇ ရက်မှာ လေကြာင်းတိုက်ခိုက်ခံရတာကြောင့် ငှက်ချောင်ကျေးရွာက နေအိမ် တချို့ပျက်စီးကာ အမျိုးသမီး၂ ဦး သေဆုံးပြီး ၁၀ နှစ်အရွယ် ကလေးငယ် အပါအဝင် ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အင်အား ၄၀၀ ပါတဲ့ စစ်တပ်စစ်ကြောင်းက လောင်းရှည်မြို့နယ်က ကျင်ဒွေးမြို့ဘက်ကို စက်တင်ဘာ ၂၅ ရက်မှာ စတင်ထွက်ခွာခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အာဏာသိမ်းစစ်တပ်က ကျင်ဒွေးမြို့ကို ပြန်လည်သိမ်းပိုက်ဖို့ ပြင်ဆင်လာတာဖြစ်ပြီး စက်တင်ဘာ ၂၈ ရက်အထိတော့ လောင်းရှည်မြို့နယ်ထဲကနေ ထွက်ခွာနိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။
၂၀၂၆ ခုနှစ် ဇွန် ၂၇ ရက်ကလည်း ရင်းကဲကျေးရွာ တောင်ဘက်ကို စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၄ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရခဲ့ပါသေးတယ်။
ချင်းပြည်နယ် ကျင်ဒွေးမြို့ကို ၂၀၂၄ ခုနှစ် ဧပြီလကတည်းက တော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားခဲ့တာဖြစ်ပြီး ၂၀၂၄ ခုနှစ် မေလအတွင်း အာဏာသိမ်းစစ်တပ်က ပြန်လည်ရယူဖို့ကြိုးစားစဉ်ကလည်း ရင်းကဲ၊ ဆာတွီနဲ့ ငှက်ချောင်ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။
သံလွင်တိုင်းမ်