မကွေးတိုင်း ဆောမြို့နယ်အတွင်းရှိ ဒေသခံ ၂၀ ကျော်ကို စစ်အုပ်စုတပ် ဖမ်းဆီး

By MPM 3 စက်တင်ဘာ, 2026 👁 300

မကွေးတိုင်း၊ ယောဒေသ၊ ဆောမြို့နယ်၊ သီးကုန်းကျေးရွာအတွင်းသို့ အာဏာသိမ်းစစ်တပ်စစ်ကြောင်း ရုတ်တရက်ဝင်ရောက်တပ်စွဲကာ ဖမ်းဆီးထားသည့် ဒေသခံအရပ်သား ၂၀ ကျော်ကို လက်ရှိအချိန်အထိ လူသားဒိုင်းနှင့် ဓားစာခံအဖြစ် ဆက်လက်ထိန်းသိမ်းထားကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

အဆိုပါ အင်အား ၁၂၀ ခန့်ပါ စစ်ကြောင်းသည် ဩဂုတ်လ ၃၀ ရက် နံနက်ပိုင်းတွင် မင်းလယ်ကျေးရွာဘက်မှ သီးကုန်းရွာအတွင်းသို့ တိတ်တဆိတ် ရုတ်တရက် ဝင်ရောက်လာခြင်းဖြစ်ပြီး လမ်းခရီးတွင် တွေ့ရှိသည့် ဒေသခံများကို ဆက်တိုက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အရပ်သားများကို စက်တင်ဘာလ ၃ ရက်နေ့အထိ ၅ ရက်ကြာသည့်တိုင် ပြန်မလွတ်သေးဘဲ လူသားဒိုင်းနှင့် ဓားစာခံအဖြစ် ဆက်လက်ထိန်းသိမ်းထားကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

ယောဒေသ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “စစ်ကြောင်းက မင်းလယ်ရွာဘက်က တိတ်တဆိတ် ရုတ်တရက် ဝင်ရောက်လာပြီး လမ်းခရီးမှာတွေ့တဲ့ အရပ်သားတွေကို ဆက်တိုက် ဖမ်းသွားတာ။ အခု ၂ ယောက်ပဲ ပြန်လွတ်သေးတယ်။ အများစုက မလွတ်ဘူး။ သူတို့အတွက် ထမင်းချက်ခိုင်းတာနဲ့ ခိုင်းတာတွေ လုပ်ပေးနေရတယ်။ ရွာအနီးဝန်းကျင်မှာလည်း တပ်ဖြန့်ထားတယ်” ဟု ပြောသည်။

ဖမ်းဆီးခံထားရသူများအနက် ၂ ဦးသာ ပြန်လည်လွတ်မြောက်လာသေးပြီး ကျန်သူများကို စက်တင်ဘာလ ၃ ရက်နေ့အထိ ရွာအတွင်း တပ်စွဲထားရင်း ဓားစာခံအဖြစ် ခိုင်းစေထားခြင်းဖြစ်သည်။

ထို့ပြင် စစ်အုပ်စုသည် ဆောမြို့ပေါ်တွင် သွားလာလှုပ်ရှားမှုများ ပြုလုပ်လျက်ရှိပြီး မြို့တောင်ဘက်ရှိ ရင်းခေါ်ကျေးရွာနှင့် မင်းလယ်ကျေးရွာတို့သို့ တပ်ဖွဲ့ဝင်များ ထပ်မံစေလွှတ်ထားသည်ဟု ဆိုသည်။

အဆိုပါ ရင်းခေါ်ကျေးရွာ၌ စစ်အုပ်စု၏ ဒရုန်းတပ်ဖွဲ့ တပ်စွဲထားခြင်းဖြစ်ပြီး ထိုမှတစ်ဆင့် သီးကုန်းကျေးရွာဘက်သို့ ခရီးဆက်လာခြင်းဖြစ်သည်။

စစ်အုပ်စုတပ်အနေဖြင့် ယခုကဲ့သို့ အင်အားဖြည့်တင်း စေလွှတ်နေခြင်းမှာ ဆော-ရင်းခေါ်-မင်းလယ်-သီးကုန်း လမ်းပိုင်းကို အပြည့်အဝ ထိန်းချုပ်နိုင်ရေး ဆောင်ရွက်နေခြင်းဖြစ်ပြီး သီးကုန်းကျေးရွာတွင် ရောက်ရှိနေသည့် စစ်ကြောင်းသည် ထိုရွာ၌ အထိုင်ချတပ်စွဲမည့် အခြေအနေရှိကြောင်း ဒေသခံများက သုံးသပ်ပြောဆိုနေကြ သည်။

လက်ရှိတွင် ဆော-သီးကုန်း-လောင်းရှည် လမ်းပိုင်း၌ စစ်အုပ်စုတပ်နှင့် ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များကြား စစ်ရေးတင်းမာလျက်ရှိသောကြောင့် ဒေသခံပြည်သူများအနေဖြင့် အသွားအလာအနေအထိုင်များကို အထူးသတိထားကြရန် တော်လှန်ရေးအဖွဲ့များက ကြိုတင်သတိပေးထားသည်။

NMG