မြောက်ဦးတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးကို အဓမ္မပြုကျင့်ရန် ကြံစည်ပြီး အကြမ်းဖက်မှုဖြစ်ပွား

By MPM 19 ဩဂုတ်, 2026 👁 85

ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ပေါက်ပင်ကွင်းကျေးရွာတွင် ၉ လအရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးကို အမျိုးသားတစ်ဦးက အဓမ္မပြုကျင့်ရန် ကြံစည်ပြီး ရိုက်နှက်အကြမ်းဖက် ကျူးလွန်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

နစ်နာသူ အမျိုးသမီး၏ ခင်ပွန်းဖြစ်သူသည် တစ်ရွာတည်းနေ အသက် (၃၆) နှစ်အရွယ် အမျိုးသားတစ်ဦးအား အလုပ်ကိစ္စပြောရင်း အရက်သောက်ရန်ဟုဆိုကာ ဩဂုတ် ၁၇ ရက် ည ၁၀ နာရီခန့်တွင် နေအိမ်သို့ ခေါ်ဆောင်လာခဲ့သည်။

ယင်းနောက် နစ်နာသူ အမျိုးသမီးသမီး၏ ခင်ပွန်းဖြစ်သူမှာ အရက်မူးပြီး အိပ်ပျော်သွားစဉ် အတူခေါ်လာသူ အမျိုးသားက မုဒိမ်းကျင့်ရန်ကြံစည်ရာ ထိုအမျိုးသမီးက ငြင်းဆန်သဖြင့် ရိုက်နှက်၊ လည်ပင်းကို ညှစ်သည့်အပြင် ဝမ်းဗိုက်ကိုကန်ကျောက်ခဲ့သည်ဟု မိသားစုဝင်များက ပြောဆိုထားသည်။

ထိုသို့ အကြမ်းဖက်ခံနေရစဉ် နစ်နာသူအမျိုးသမီးက အော်ဟစ်အကူအညီတောင်းခဲ့သဖြင့် ကျေးရွာသားများရောက်ရာစဉ် ကျူးလွန်သူထွက်ပြေးသွားခဲ့ခြင်းဟု သိရသည်။

လက်ရှိ နစ်နာသူအမျိုးသမီးမှာ ဆေးရုံတက်ရောက်ပြီး အရေးပေါ်ဆေးကုသမှုခံယူနေရကာ သန္ဓေသားမှာလည်း အခြေအနေစိုးရိမ်ရကြောင်း သိရသည်။

ကိုယ်ဝန်ဆောင်အမျိုးသမီးအား လိင်ပိုင်းဆိုင်အကြမ်းဖက်မှုကျူးလွန်သူမှာ အသက် (၃၆) နှစ်အရွယ် ကိုဇော်မြင့်ထွန်းဖြစ်ပြီး ၎င်းမှာ ယခင် မြောက်ဦးမြို့နယ်၊ အိုးထိမ်းကျေးရွာ၌ နေထိုင်ဖူးကြောင်းသိရကာ လက်ရှိ ပေါက်ပင်ကွင်းရွာ၌ နေထိုင်နေသူလည်းဖြစ်သည်။ လက်ရှိ ကျူးလွန်သူကို ဒီလပ်က ဖမ်းဆီးထားပြီး အရေးယူနိုင်ရေးလုပ်ဆောင်နေကြောင်း သိရသည်။

“လက်ရှိက အမျိုးသမီးတွေအတွက် စိုးရိမ်ရတဲ့အနေအထားတစ်ခု ဖြစ်နေတယ်။ ဘယ်နေရာမှာမှ မလုံခြုံဘူး။ ကိုယ့်အိမ်မှာ နေတာတောင် ကြောက်နေရပြီ။ လမ်းသွားရင်လည်း အမျိုးသမီးတွေမှာ မလုံခြုံဘူး။ အခုဆို တစ်ရွာတည်းမှာတောင် မုဒိမ်းမှုက နှစ်ခု၊ သုံးခုလောက်ဖြစ်နေပြီဆိုတော့ တော်တော်လေး သတိထားနေရတော့မယ်” ဟု မြောက်ဦးမြို့နယ်မှ အမျိုးသမီးတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဧပြီ ၂၂ ရက်ကလည်း မြောက်ဦးမြို့နယ်၊ ပေါက်ပင်ကွင်းကျေးရွာတွင် အသက် (၄) နှစ်အရွယ် ကလေးငယ်တစ်ဦးအား တစ်ရွာတည်းနေ အသက် ၆၀ အရွယ် အမျိုးသားတစ်ဦးက အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ပြီး ကျူးလွန်သူကို ဒီလပ်က ဖမ်းဆီးထားသည်။

ရခိုင်ပြည်အတွင်း အာရက္ခတပ်တော်ထိန်းချုပ်ဒေသများတွင် မုဒိမ်းမှု၊ လိင်ပိုင်းဆိုင်ရာအကြမ်း ဖက်မှုမြင့်တက်လာနေပြီး အမျိုးသမီးများမှာ ပုံစံမျိုးစုံဖြင့် အကြမ်းဖက်ခံနေရ၍ လုံခြုံမှုကင်းမဲ့နေသည်။

ထိုသို့ အဓမ္မပြုကျင့်မှုများနှင့်ပတ်သက်၍ ULA တရားရေးဌာနက အရေးယူဆောင်ရွက်မှုများရှိ သော်လည်း ပြည်သူများအကြား ပွင့်လင်းမြင်သာမရှိသည့်အပြင် ထိရောက်သောပြစ်ဒဏ်ပေးမှုမှာလည်း နည်းပါးနေသေးကြောင်း ထောက်ပြနေကြသည်။

“အာရက္ခတပ်တော်ရဲ့ ပြစ်ဒဏ်ပေးတာက မုဒိမ်းကောင်တွေကို သိပ်မထိရောက်စေဘူး။ အဲဒါကြောင့် သူတို့ စိတ်ထဲမှာ အကြောက်တရား မစိုးမိုးသေးဘူး။ နောက်ပြီး အမျိုးသမီးတွေဆိုရင် အားနည်းတယ်ဆိုပြီး ဖိုဝါဒကြီးစိုးတဲ့ စိတ်တွေက အရင်ကတည်းက ရှိနေကြတယ်။ ဒါကြောင့် အခုလို ကျပ်တည်းတဲ့ ကာလတွေမှာ အမျိုးသမီးတွေကို အကြမ်းဖက်ချင်တဲ့ စိတ်တွေ ရောက်တယ်။ နောက်ပြီး နိုင်ငံတည်ဆောက်ရေးကာလတွေမှာ ပြစ်မှုတစ်ခုကျုးလွန်လိုက်ရင် သူတို့တွေကို အာရုံစိုက်မှာ မဟုတ်ဘူးဆိုတဲ့ စိတ်နဲ့လည်း ကျူးလွန်သူတွေ များလာတယ်” ဟု အမျိုးသမီးအရေးလှုပ်ရှားသူ မြေပုံဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

အာရက္ခတပ်တော် ထိန်းချုပ်ဒေသတွင် ယခုနှစ်အတွင်း အကြမ်းဖက် အဓမ္မပြုကျင့်ခံရမှု ဖြစ်စဉ်ပေါင်း ၁၃ ခုထိရှိပြီး ယင်းထဲမှ ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဆိပ်ရွာ အမှုတစ်ခုသာ ပြစ်ဒဏ်ချမှတ်နိုင်ခြင်း ရှိသေးသည်။

DMG