ရမ်းဗြဲဒေသခံ မိန်းကလေးငယ်တစ်ဦး ရိုက်နှက်အဓမ္မပြုကျင့်ခံရ

By MPM 19 ဩဂုတ်, 2026 👁 121

ရခိုင်ပြည်၊ ရမ်းဗြဲမြို့က အသက် (၁၇) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးမှာ ရိုက်နှက် လုယက်၊ အဓမ္မပြုကျင့်ခံရမှု ဖြစ်ပွားခဲ့ပြီး လက်ရှိတွင် ကျူးလွန်သူကို အာရက္ခတပ်တော်၏ DLEPS ရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း သိရသည်။

နစ်နာသူ မိန်းကလေးမှာ ရန်ကုန်သို့ သွားရန် ပြီးခဲ့သည့် ဩဂုတ် ၄ ရက်က တောင်ကုတ်မြို့နယ်၊ မအီမြို့ရှိ တည်းခိုခန်းတစ်ခုတွင် တည်းခိုနေရာ ဩဂုတ် ၅ ရက်တွင် ၎င်းနှင့်သိကျွမ်းသူ အသက် (၂၁) နှစ်အရွယ် နေကျော်လင်းဆိုသူက ပွဲစားနှင့် ပေးတွေ့မည်ဟုဆိုကာ ဆိုင်ကယ်ဖြင့် ခေါ်ဆောင်သွားခဲ့သည်။

ထို့နောက် ကင်းခြေကျေးရွာအနီးတွင် မိန်းကလေးတွင် ပါလာသည့် ခရီးစရိတ် ငွေကျပ် ၁၅ သိန်းကို လုယက်ကာ အဓမ္မပြုကျင့်ခဲ့ပြီး မျက်နှာ၊ ဦးခေါင်းတို့ကို ဆိုင်ကယ်ဦးထုပ်၊ ကျောက်ခဲထုရိုက်ပြီးနောက် လည်ပင်းညှစ်သတ်ကာ ပစ်ထားခဲ့သည်ဟု မိသားစုများ၏ ပြောပြချက်အရ သိရသည်။

“သူ့အမေက ရန်ကုန်မှာဆိုတော့ သူ့အမေဆီ သွားမလို့ အိမ်က ထွက်လာတာ၊ အဲကောင်လေးကလည်း ပွဲစားရှာပေးမယ်ဆိုပြီး ဆွယ်နေတာကြာပြီ။ နောက်နေ့ ရောက်တော့ အဲကောင်လေးက သူ့ကို ပွဲစားနဲ့ တွေ့ပေးမယ်ဆိုပြီး ခေါ်သွားပြီး ပါလာတဲ့ငွေတွေယူ ရိုက်နှက် ဒီလိုလုပ်ပြီး ထားခဲ့တာ။ သူ သတိရလာတော့မှ အဲဒီနားက စစ်ရှောင်တွေနေတဲ့ နေရာမှာ အကူအညီတောင်းခဲ့တဲ့အတွက် ဆေးရုံတင်ပေးထားကြတာ” ဟု နစ်နာသူ၏ ဦးလေးဖြစ်သူ ဦးဇော်မင်းထွေးက ပြောသည်။

လက်ရှိ ထိုအမျိုးသမီးမှာ ရိုက်နှက်ခံရမှုကြောင့် ဦးခေါင်းနှင့် မျက်နှာတို့တွင် ပြင်းပြင်းထန်ထန် ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

ကျူးလွန်သူ နေကျော်လင်းဆိုသူသည် အဥ္ဇနပူရ (မင်းပြား) မြို့နယ်ဇာတိဖြစ်ပြီး ရမ်းဗြဲမြို့၊ အင်းတောင်ရပ်ကွက်တွင် စစ်ဘေးရှောင်နေသူတစ်ဦးဖြစ်ကြောင်း သိရပြီး နစ်နာသူနှင့် သိကျွမ်းသည့် ဆက်ဆံရေးရှိကြောင်းလည်း ဦးလေးဖြစ်သူထံမှ သိရသည်။

ကျုးလွန်သူကို အခင်းဖြစ်ပြီးနောက် ဩဂုတ် ၇ ရက်တွင် ဒီလပ်က ဖမ်းဆီးနိုင်ခဲ့ပြီး လက်ရှိတွင် နစ်နာသူမိသားစုဝင်က တရားစွဲဆိုထားကာ မည်သည့်ပုဒ်မဖြင့်ဆိုသည်ကို မသိရသေးပေ။

ဒီလပ်၏ ကနဦး စစ်ဆေးချက်အရ ကျူးလွန်သူဘက်မှ ၎င်းကိုယ်တိုင် ဝန်ခံထားသဖြင့် တရားမျှတမှုအတွက် အမြန်ဆုံးဆောင်ရွက်ပေးရန် နစ်နာသူ မိသားစုဘက်မှ တရားရေးဌာနကို တောင်းဆိုထားသည်။

ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် မုဒိမ်းမှုဖြစ်စဉ်များ ထူပြောလာနေပြီး အမျိုးသမီးများမှာ လုံခြုံရေးအာမခံချက် ကင်းမဲ့နေကြရသည်။

ယင်းကြောင့် မုဒိမ်းမှုများကို ULA/AA တရားရေးဌာနအနေဖြင့် ထိထိရောက်ရောက် အရေးယူပေးရန် အမျိုးသမီးရေးလှုပ်ရှားသူများက တောင်းဆိုထားကြသည်။

“လူထုနဲ့ အစိုးရကြား မုဒိမ်းမှုတွေနဲ့ပတ်သက်ပြီး တရားစီရင်ရေးပေါ်မှာ နားလည်မှုလွဲတာတွေ ရှိနေတယ်။ တရားခံကိုလည်း အပြင်းထန်ဆုံးပြစ်ဒဏ် သေဒဏ်ပေးရုံနဲ့ ဒီမုဒိမ်းမှုတွေ ပျောက်သွားမှာ မဟုတ်တဲ့အတွက် အစိုးရအနေနဲ့ ပြည်သူတွေရဲ့ လုံခြုံရေးကိုလည်း အတတ်နိုင်ဆုံးအကာအကွယ်ပေးရေး မြှင့်တင်ကြိုးစားဖို့ လိုသလို ကျနော်တို့ ဒေသမှာရှိနေတဲ့ မုဒိမ်းမှုကို အားပေးတဲ့ အယူအဆတွေကိုလည်း ပပျောက်အောင် လုပ်ဖို့လိုအပ်တယ်” ဟု ဂျဲန်ဒါအရေးလှုပ်ရှားသူ ရခိုင်အမျိုးသားတစ်ဦးက ပြောသည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လအထိ ရခိုင်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုအပါအဝင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု ၁၇ ခုထက်မနည်းရှိနေ သည်။

အာရက္ခတပ်တော် ထိန်းချုပ်ဒေသအတွင်း မုဒိမ်းမှုနှင့်ပတ်သက်၍ အမြင့်ဆုံးပြစ်ဒဏ်ချမှတ်မှုများ ရှိနေပြီး ပုဏ္ဏားကျွန်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုတွင် ကျူးလွန်သူကို မသေမချင်း လည်ပင်းကြိုးကွင်းစွပ် သတ်စေမိန့်ချမှတ်ခဲ့ကာ ကြံရာပါနှစ်ဦးကို ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့သည်။

အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသတွင်း လူသတ်မှု၊ မုဒိမ်းမှုနှင့် သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများ တစ်ယောက်မျှ ပြစ်ဒဏ်ကနေ မလွတ်စေရဟု ULA/AA ၏ ဒီလပ်က ပြောဆိုထားသည်။

DMG