သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြိုင်ကျေးရွာအုပ်စုရှိ ကျေးရွာများကို စစ်တပ်မှ သုံးရက်အတွင်းပြောင်းရွှေ့ရန် အမိန့်ထုတ်ထားကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်မှစပြီး ရွာငံမြို့နယ် မြိုင်ကျေးရွာအုပ်စုအပါဝင် ရွာငံတောင်ပိုင်းမှ ကျေးရွာအများစုကို စစ်တပ်မှ ပြောင်းရွှေ့ရန် အမိန့်ပေးထားပြီးနောက် ဒေသခံများ နီးစပ်ရာ မြို့နယ်နှင့် ကျေးရွာဘက်သို့ ပြောင်းရွှေ့နေကြကြောင်း ဒေသခံများ ပြောပြချက်အရသိရသည်။
“စစ်တပ်က မြိုင်မှာရော တောင်ကြားကျေးရွာဘက်မှာရော အင်အားအများကြီး ချထားတယ်၊ ကျေးရွာတော်တော်များများ ပြောင်းကုန်ကြပြီ၊ လေယာဉ်တွေနဲ့ ဗုံးကြဲမှာကြောက်တယ်၊ စစ်မဖြစ်ဖို့ပဲ ဆုတောင်းနေရတယ်၊ စစ်တပ်ကတော့ တော်လှန်ရေးဘက်နဲ့ စထိတွေ့ရင် ကျေးရွာကို ပြာချပစ်မယ်လို့ ပြောထားတယ်” ဟု ရွာငံ စစ်ရှောင်အမျိုးသားတဦးက ပြောသည်။
ထို့အပြင် ရွာငံမြို့နယ်ရှိ မျှားကလေးကျေးရွာဘက်တွင်လည်း လမ်းများစတင်ပိတ်နေပြီဖြစ်သောကြောင့် ဒေသခံများ ကြိုရှောင်ထားရန်လိုအပ်ကြောင်း၊ စက်သုံးဆီဆိုင်များလည်း အလုအယက်ဝယ်ယူပြီး ဘေးလွှတ်ရာသို့ စတင်စစ်ရှောင်နေကြကြောင်းလည်း စစ်ရှောင်အမျိုးသမီးတဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။
“လမ်းမှာဆို အထုတ်တွေကိုယ်စီနဲ့ ကားမှာဆိုလည်း လူအပြည့်ပဲ၊ အိမ်မွေးတိရစ္ဆာန်တွေကိုလည်း ကားပေါ်တင်ပြီး ရှောင်နေတာ တွေ့ခဲ့တယ်၊ စစ်ဖြစ်ခဲ့ရင် အိမ်တွေလည်း ဗုံးထိခံရမှာဆိုတော့ စစ်မဖြစ်စေချင်ဘူး၊ အနှစ်နှစ်အလလ စုဆောင်းထားသမျှတွေ အကုန် ပြာဖြစ်တော့မှာ စစ်မဖြစ်ဖို့ပဲ ဆုတောင်းရတော့မယ်” ဟု ၎င်းအမျိုးသမီးဆိုသည်။
ထို့အပြင် ယမန်နေ့ ဩဂုတ်လ ၁၆ ရက် ညနက်ပိုင်းအချိန်တွင် ဂျက်လေယာဉ်သံများဖြင့် ကင်းလှည့်စောင့်ကြည့်နေသောကြောင့် ဒေသခံများ ကြောက်လန့်ခဲ့ရသည်ဟု သိရသည်။
“ညက အိပ်မပျော်ဘူး ဂျက်လေယာဉ်တွေ ဝဲနေတာ၊ ဗုံးတွေ ရုတ်တရက် ချမှာ မတွေးရဲဘူး၊ စစ်သားတွေလည်း အရပ်ဝတ်နဲ့ ကင်းလှည့်တယ်၊ ရုတ်တရက်ဆိုရင် စစ်သားမှန်း မသိသာဘူး သူတို့ပုံစံက ရုပ်သေချာကြည့်မှ လူစိမ်းဖြစ်နေတာ ဆံပင်ပုံစံလည်း စစ်သားပုံစံပဲ၊ သူတို့က ရွာထဲ ညတိုင်း ကင်းလှည့်တယ်” ဟု ၎င်းအမျိုးသမီးက ပြောသည်။
ရွာငံမြို့နယ်အတွင် စစ်ကော်မရှင်တပ်၊ စစ်ကော်မရှင်တပ်လက်အောက်ခံ ပျူစောထီးတပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) တပ်၊ ဓနုအမျိုးသားလွတ်မြောက်ရေးတပ်ဦး DPLA/DPLF နှင့် ဓနုပြည်နယ်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (DSNDA) တို့ သွားလာလှုပ်ရှားကြကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်မှစပြီး စစ်ကော်မရှင်တပ်သည် ရွာငံမြို့နယ် မြောက်ဘက်ပိုင်းတွင် စစ်အင်အားအလုံးအရင်းဖြင့် နေစဉ် စစ်ကြောင်းထိုးပြီး၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
ထို့နောက် ရွာငံမြို့ မြောက်ဘက်ကျေးရွာရှိ ဒေသခံအမျိုးသား ၁၀ ဉီးကျော်ကို သြဂုတ် ၂ ရက်တွင် စစ်တပ်က ဖမ်းဆီးခဲ့ပြီး တိုက်ပွဲရှေ့တန်းစစ်ကြောင်းသို့ ပို့ဆောင်ခြင်းနှင့် တပ်စွဲထားသည့်နေရာသို့ ခေါ်ဆောင်သွားခြင်းတို့ကို ပြုလုပ်ခဲ့သည်။
သျှမ်းသံတော်ဆင့်