ကမ်းထောင်းကြီးက ရာနှင့်ချီသည့် စစ်ဘေးရှောင်များ စားဝတ်နေရေး အခက်ကြုံနေ

By MPM 18 ဩဂုတ်, 2026 👁 122

ရခိုင်ပြည်၊ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမှ စစ်ဘေးရှောင် ၁၀၀ နီးပါးမှာ အကူအညီ အထောက်အပံ့များ မရရှိ၍ စားဝတ်နေရေး အခက်အခဲများနှင့် ရင်ဆိုင်နေ‌ရပြီး အကူအညီများ လိုအပ်နေကြောင်း သိရသည်။

အဆိုပါ စစ်ဘေးရှောင်များမှာ ယခုနှစ်အတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ မရရှိသည့်အပြင် ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် စားဝတ်နေရေး အခက်ကြုံနေရခြင်းဖြစ်သည်။

“ဒီနှစ်အတွင်းမှာ ကယ်ဆယ်ရေးကလည်း လုံးဝ မရောက်လာဘူး။ အရင်ကဆို ဆန်တွေ၊ စားနပ်ရိက္ခာတွေ လာလှူတာတွေ ရှိတယ်။ ဒါပေမဲ့ လာလှူတဲ့သူတွေလည်း မရှိသလို အခုက ကုန်ဈေးနှုန်းတွေကလည်း မြင့်တက်နေတော့ စားဝတ်နေရေးက ခက်ခဲနေပြီ” ဟု ကမ်းထောင်းကြီး စစ်ဘေးရှောင်စခန်းမှ အမျိုးသမီးတစ်ဦးက ပြောသည်။

ထို့ပြင် မိုးရာသီကာလဖြစ်၍ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် ဒေသအတွင်း ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်နေပြီး အလုပ်အကိုင်ရှားပါးမှုကြောင့်လည်း ပို၍အခက်ကြုံရသည်ဟု စစ်ဘေးရှောင်များက ဆိုသည်။

လက်ရှိတွင် စစ်ဘေးရှောင်များမှာ ဓနိခုတ်ခြင်း၊ တောင်တက်၍ ထင်းခုတ်ခြင်း၊ ချောင်းစပ်နားများတွင် ဂုန်းကောက်ခြင်း စသည့် ကြုံရာကျပန်းလုပ်ကိုင်ကာ ဝမ်းရေးအတွက် ဖြေရှင်းနေရကြသည်။

“တစ်ရက်လုပ်မှ တစ်ရက် စားရတာဆိုတော့ အလုပ်မရှိရင် အဆင်မပြေဘူး။ အခုက ကုန်ဈေးနှုန်းရော၊ ဆန်ဈေးနှုန်းပါ မြင့်တက်နေပြီ။ အလုပ်တွေကလည်း ရှားတယ်ဆိုတော့ ဘယ်လိုမှ အဆင်မပြေကြဘူး” ဟု ကမ်းထောင်းကြီးမှ စစ်ဘေးရှောင်အရေး လှုပ်ရှားနေသည့် အမျိုးသားတစ်ဦးက ပြောသည်။

စစ်ဘေးရှောင်များမှာ စခန်းအတွင်း ဖြစ်သလို ဆောက်ထားသည့် တဲအိမ်များမှာလည်း ယိုယွင်းပျက်စီးနေပြီး အမိုးအကာများမှာလည်း လုံခြုံမှုမရှိဘဲ နေထိုင်နေရကြောင်း ဆိုကြသည်။

ယင်းအပြင် မိုးရာသီကာလအတွင်း ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုအချို့မှာ ခြင်မှတစ်ဆင့် ကူးစက်တတ်သည့် ရာသီတုပ်ကွေး၊ ငှက်ဖျား ရောဂါများ ဖြစ်ပွားနေကြောင်း သိရသည်။

လက်ရှိ ကမ်းထောင်းကြီး စစ်ဘေးရှောင်စခန်းတွင် လူဦးရေ ၁၀၀ နီးပါးရှိပြီး စစ်ဘေးရှောင်များမှာ အမ်းမြို့နယ်၊ ဆင်ဦးဒိုက်၊ စွေ့ချောင်း၊ သဲကမ်းထောင်း၊ လီသွန်နှင့် မဲလက်မောင်းကျေးရွာတို့မှ ဖြစ်သည်။

အဆိုပါစစ်ဘေးရှောင်များမှာ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်အတွင်းက တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ လာကြသည့် အစောဆုံးစစ်ဘေးရှောင်များဖြစ်ကြောင်း သိရသည်။

“အခုက ဒီမှာ ကယ်ဆယ်ရေး မရတာကလည်း တော်တော်ကြာနေပြီဆိုတော့ အများစုက ဆွေမျိုးတွေ၊ သားသမီးတွေကို မှီခိုပြီး နေရပ်ပြန်သွားကြပြီ။ ဒီမှာက တိုက်ပွဲတုန်းက အိမ်တွေ မီးလောင်သွားလို့ ပြန်ဖို့ လုံးဝအဆင်မပြေနိုင်တဲ့သူတွေပဲ ကျန်တော့တယ်” ဟု ကမ်းထောင်းကြီး စစ်ဘေးရှောင်စခန်းမှ အမျိုးသမီးတစ်ဦးက ပြောသည်။

ယခင်က စစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု စုစုပေါင်း ၈၀၀ နီးပါးရှိခဲ့သော်လည်း အကူအညီ အထောက်အပံ့ရရှိမှု နည်းပါးခြင်း၊ အလုပ်အကိုင် ရှားပါးခြင်း၊ ကုန်ဈေးနှုန်းမြင့်တက်ခြင်းတို့ကြောင့် စစ်ဘေးရှောင်အများစုမှာ နေရပ်ပြန်သွားခဲ့ကြခြင်းဖြစ်သည်။

လက်ရှိတွင် အမ်းမြို့နယ်ကို အာရက္ခတပ်တော်  (AA) က သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်သော်လည်း တိုက်ပွဲကာလအတွင်း နေအိမ်များ မီးလောင်ပျက်စီးသွားသည့် စစ်ဘေးရှောင်အချို့မှာ ယခုအချိန်ထိ နေရပ်မပြန်ဘဲ ရှိနေကြခြင်းဖြစ်သည်။

DMG