မြဝတီကျားဖြန့်လုပ်ငန်းများနှင့် ဆက်စပ်သည်ဟုဆိုကာ DKBA နှင့် ထိပ်တန်းတာဝန်ရှိသူ ၅ ဦးကို EU ပိတ်ဆို့အရေးယူ

By MPM 31 ဇူလိုင်, 2026 👁 107

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်အတွင်းရှိ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) စခန်းများကို လုံခြုံရေးနှင့် အကာအကွယ်ပေးကာ ယင်းရာဇဝတ်လုပ်ငန်းများမှ အကျိုးအမြတ်ရရှိနေသည်ဟုဆိုပြီး ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) နှင့် အဖွဲ့နှင့်ဆက်စပ်သည့် ထိပ်တန်းတာဝန်ရှိသူ ငါးဦးကို ဥရောပသမဂ္ဂ (EU) က ဇူလိုင် ၃၀ ရက်တွင် ပိတ်ဆို့အရေးယူလိုက်သည်။

EU ၏ ဇူလိုင် ၃၀ ရက်ထုတ် တရားဝင်ထုတ်ပြန်ချက်တွင် DKBA အဖွဲ့အစည်းကို အရေးယူကြောင်း တိကျစွာ ဖော်ပြထားသော်လည်း ပူးတွဲအရေးယူခံရသည့် DKBA တာဝန်ရှိသူ ငါးဦး၏ အမည်များကို သီးခြားထုတ်ဖော်ဖော်ပြထားခြင်း မရှိပေ။

ယခုတကြိမ် အရေးယူခံရသူ စုစုပေါင်း ခုနစ်ဦးအနက် Chen Zhi နှင့် Zhu Zhongbiao တို့ကိုသာ အမည်တပ်၍ ဖော်ပြထားသည်။

EU ၏ တရားဝင်စာတမ်းအရ DKBA သည် ကျားဖြန့်စခန်းများကို လုံခြုံရေးနှင့် အကာအကွယ်ပေးခြင်း၊ စခန်းများ ဆက်လက်လည်ပတ်နိုင်ရန် ခွင့်ပြုပေးခြင်းနှင့် ၎င်းတို့ထိန်းချုပ်နယ်မြေအတွင်း ရာဇဝတ်ကွန်ရက်များ လှုပ်ရှားနိုင်ရန် ပံ့ပိုးပေးခဲ့ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ကျားဖြန့်စခန်းများတွင် ပိတ်မိနေသူများသည် ညှဉ်းပန်းနှိပ်စက်ခံရခြင်း၊ အကြမ်းဖက်ခံရခြင်းနှင့် လူမဆန်သည့် ဆက်ဆံမှုများ ကြုံတွေ့နေရပြီး DKBA တပ်ဖွဲ့ဝင်အချို့သည် လက်ထိတ်ခတ်ထားသည့် လူကုန်ကူးခံရသူများကို ရိုက်နှက်ညှဉ်းပန်းမှုများတွင် ပါဝင်ခဲ့ကြောင်းလည်း EU က ဆိုသည်။

DKBA ကို ယခုကဲ့သို့ အရေးယူခြင်းမှာ ပထမဆုံးအကြိမ် မဟုတ်ပါ။ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၂ ရက်တွင် အမေရိကန် ဘဏ္ဍာရေးဌာနက DKBA နှင့် ထိပ်တန်းခေါင်းဆောင်လေးဦးဖြစ်သည့် တပ်မှူးချုပ်ဟောင်း စောစတီး၊ စစ်ရေးချုပ် စောစိန်ဝင်း၊ စစ်ရေးမှူးချုပ် စောစန်အောင်နှင့် ဗဟိုစီးပွားရေးကော်မတီဥက္ကဋ္ဌ စိုင်းကျော်လှတို့ကိုလည်း ပိတ်ဆို့အရေးယူခဲ့သည်။

အမေရိကန် ဘဏ္ဍာရေးဌာန၏ ထုတ်ပြန်ချက်အရ မြဝတီအနီးရှိ ထိုက်ချန်း ကျားဖြန့်စခန်းကို စိုင်းကျော်လှက တည်ထောင်ခဲ့ပြီး ယင်းစခန်းမှ DKBA အကျိုးအမြတ်ရရှိနေသည်ဟု စွပ်စွဲထားသည်။

ထို့အပြင် Deeko Park အမည်ရှိ အခြားကျားဖြန့်စခန်းတခုကို DKBA ခေါင်းဆောင် စောစတီး၏ သားဖြစ်သူ ဗိုလ်မှူး စောအယ်လီထူးက ထိန်းချုပ်ထားကြောင်း မဇ္ဈိမအပါအဝင် သတင်းမီဒီယာများ၏ သီးခြားစုံစမ်းဖော်ထုတ်မှုများတွင် ဖော်ပြထားသည်။

ယင်းအချက်မှာ အမေရိကန် သို့မဟုတ် EU ၏ ပိတ်ဆို့စာရင်းတွင် ပါဝင်ခြင်း မဟုတ်ပါ။

EU ၏ အရေးယူမှုအရ အရေးယူခံရသူများနှင့် အဖွဲ့အစည်းများ၏ EU နယ်မြေအတွင်းရှိ ပိုင်ဆိုင်မှုများကို ပိတ်ဆို့မည်ဖြစ်ပြီး EU နိုင်ငံသားများနှင့် ကုမ္ပဏီများက ၎င်းတို့ထံ ငွေကြေး သို့မဟုတ် စီးပွားရေးအရင်းအမြစ်များ ပေးအပ်ခြင်းကိုလည်း တားမြစ်ထားသည်။

ထို့ပြင် အရေးယူခံရသူများအား EU နိုင်ငံများသို့ ဝင်ရောက်ခြင်းနှင့် ဖြတ်သန်းသွားလာခြင်းကိုလည်း ပိတ်ပင်ထားသည်။

ယခုတကြိမ်တွင် EU သည် အရှေ့တောင်အာရှရှိ ကျားဖြန့်လုပ်ငန်းများနှင့် ဆက်စပ်သည်ဟုဆိုကာ လူပုဂ္ဂိုလ် ခုနစ်ဦးနှင့် အဖွဲ့အစည်း သုံးခုကို အရေးယူခဲ့သည်။

DKBA အပြင် ကမ္ဘောဒီးယားအခြေစိုက် Prince Holding Group နှင့် ၎င်း၏ ဥက္ကဋ္ဌ Chen Zhi၊ Jin Bei Group နှင့် ဥက္ကဋ္ဌ Zhu Zhongbiao တို့လည်း ပါဝင်သည်။

ယင်းမတိုင်မီ ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင်လည်း EU က မြဝတီမြို့နယ် ရွှေကုက္ကိုလ်နှင့် အနီးတဝိုက်ရှိ ကျားဖြန့်လုပ်ငန်းများမှ အကျိုးအမြတ်ရရှိသည်ဟုဆိုကာ ချစ်လင်းမြိုင်ကုမ္ပဏီအုပ်စု၊ ဗိုလ်မှူးကြီး စောချစ်သူ၊ ဒုတိယဗိုလ်မှူးကြီး မုတ်သုန်နှင့် ဗိုလ်မှူးတင်ဝင်းတို့ကို အရေးယူခဲ့ဖူးသည်။

ယင်းအဖွဲ့မှာ DKBA မဟုတ်ဘဲ မြဝတီဒေသတွင် လှုပ်ရှားနေသည့် BGF/KNA ဖြစ်သည်။

DKBA သည် ယခင် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုအပေါ် ၎င်း၏ ဖေ့စ်ဘွတ်စာမျက်နှာမှတဆင့် ကျားဖြန့်လုပ်ငန်းများမှ အကျိုးအမြတ်ရယူခြင်း သို့မဟုတ် အကူအညီပေးခြင်း မရှိကြောင်း ငြင်းဆိုထားသည်။

မဇ္ဈိမ