နိုင်ငံတကာသတင်းမြင်ကွင်း

By MPM 19 ဇန်နဝါရီ, 2026 👁

စစ်အုပ်စုရွေးကောက်ပွဲအပေါ် နိုင်ငံတကာအသိုင်းအဝိုင်း၏ ငြင်းပယ်မှုနှင့် သံတမန်ရေးရာ ဖိအားပေးမှုများ

မြန်မာအာဏာသိမ်းစစ်အုပ်စုက အာဏာတည်မြဲရေးအတွက် ရည်ရွယ်ကျင်းပမည့် တရားမဝင် ရွေးကောက်ပွဲကို ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း တောင်ကိုရီးယား အမျိုးသားလွှတ်တော်အမတ်များက ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်သည် ဒီဇင်ဘာလ ၁၁ ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် တောင်ကိုရီးယားလွှတ်တော်အမတ်များ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။ လွှတ်တော်အမတ်များက စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ကန့်ကွက်ပြီး ဒီမိုကရေစီပြန်လည်ထူထောင်ရန် တိုက်တွန်းထားသကဲ့သို့၊ ကိုရီးယားရောက် မြန်မာ့အရေးလှုပ်ရှားသူများကလည်း ယခုကဲ့သို့ ပေါ်ပေါ်ထင်ထင်ထောက်ခံမှုသည် တော်လှန်ရေးအတွက် များစွာခွန်အားဖြစ်စေကြောင်း ပြောကြားခဲ့ကြပါသည်။ [1]

စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲအပြီး ဖြစ်ပေါ်လာသည့်အခြေအနေများကို အာဆီယံအဖွဲ့အနေဖြင့် စောင့်ကြည့်ဆန်းစစ်သွားမည်ဖြစ်သော်လည်း မည်သည့်အဖွဲ့အစည်းကိုမျှ စောလျင်စွာ တရားဝင်အသိအမှတ်ပြုခြင်းမပြုရန် ရှောင်ကြဉ်သွားမည်ဖြစ်ကြောင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်နဝါအီဘရာဟင်က ပြောကြားထားသည်။

ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲ ပထမအဆင့်အပြီး၌ စစ်တပ်ကျောထောက်နောက်ခံပြုထားသည့် ကြံ့ခိုင်ရေးပါတီက အပြတ်အသတ်အနိုင်ရရှိကြောင်း ကြေညာခဲ့ပြီးနောက် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် မလေးရှားဝန်ကြီးချုပ်က ယခုကဲ့သို့ မှတ်ချက်ပြုခဲ့ခြင်းဖြစ်ပါသည်။

အာဆီယံအနေဖြင့် ဆန်းစစ်ချက်များကို အဆင့်ဆင့် စနစ်တကျဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှုများ လျော့ပါးစေရန်နှင့် နိုင်ငံအတွင်း ပိုမိုစိတ်ဝမ်းကွဲမှုများမဖြစ်စေရန် ဦးစားပေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ ထို့အပြင် အာဆီယံခေါင်းဆောင်များအနေဖြင့် မြန်မာ့နိုင်ငံရေးဖြစ်စဉ်များနှင့်ပတ်သက်၍ အားလုံးပါဝင်နိုင်ပြီး ယုံကြည်စိတ်ချရသည့် လမ်းစတစ်ခု ပေါ်ပေါက်လာစေရန် အလေးအနက် ဆက်လက်စဉ်းစားဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း အလှည့်ကျဥက္ကဋ္ဌက အတည်ပြုပြောကြားခဲ့သည်။ [2]

မြန်မာနိုင်ငံတွင် စစ်ကောင်စီက အတုအယောင်ရွေးကောက်ပွဲများ ကျင်းပရန် ပြင်ဆင်နေချိန်တွင် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး အီဗက်ကူးပါးက မြန်မာ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာစေရန် ကြိုးပမ်းမှုအသစ်များကို ဦးဆောင်လုပ်ဆောင်လျက်ရှိသည်။ အတိုက်အခံများကို ဖယ်ထုတ်ထားသည့် ရွေးကောက်ပွဲများမှတဆင့် ၎င်းတို့၏အုပ်ချုပ်မှုကို တရားဝင်ဖြစ်စေရန် စစ်ကောင်စီက ကြိုးပမ်းနေခြင်းကို တုံ့ပြန်သည့်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား ပြန်လွှတ်ပေးရန် ဗြိတိန်နိုင်ငံခြားရေး၊ ဓနသဟာယနှင့် ဖွံ့ဖြိုးတိုးတက်ရေးရုံး (FCDO) က တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

ဗြိတိန်နိုင်ငံအနေဖြင့် မြန်မာပြည်သူများ၏ ဆန္ဒကို မျက်ကွယ်ပြုထားသည့် မည်သည့်နိုင်ငံရေးဖြစ်စဉ်ကိုမျှ လက်ခံမည်မဟုတ်ဘဲ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံထားရသည့် ခေါင်းဆောင်များ လွတ်မြောက်ရေးအတွက် ဆက်လက်ဖိအားပေးသွားမည်ဟု နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။ [3]

မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေတွင် ကျင်းပမည့် စစ်အုပ်စု၏ ရွေးကောက်ပွဲသည် အကြမ်းဖက်မှုကို ပိုမိုဖြစ်ပေါ်လာစေနိုင်ပြီး ရေရှည်တည်တံ့သည့် အဖြေတစ်ခုရှာဖွေရန် ခက်ခဲစေနိုင်ကြောင်း ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအရာရှိ ဂျိမ်းစ်ကာရူကီက ဒီဇင်ဘာလ ၂၂ ရက်နေ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ မြန်မာ့အရေး တံခါးပိတ်ဆွေးနွေးပွဲမတိုင်မီ မီဒီယာများကို ပြောကြားခဲ့သည်။

စစ်ကောင်စီ၏ ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမည့် လက္ခဏာများ မရှိကြောင်းလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။ ထို့အပြင် ဗြိတိန်နိုင်ငံအနေဖြင့် ငြိမ်းချမ်း၍ အားလုံးပါဝင်သည့် ဒီမိုကရေစီအနာဂတ်ကို လိုလားသော မြန်မာပြည်သူများနှင့်အတူ ခိုင်မာစွာရပ်တည်သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ ဗြိတိန်နှင့် တောင်ကိုရီးယားနိုင်ငံတို့၏ တောင်းဆိုမှုအရ ကျင်းပသည့် အဆိုပါ လုံခြုံရေးကောင်စီအစည်းအဝေးတွင် မြန်မာ့အရေးကို ကုလသမဂ္ဂ၏ အစီအစဉ်များ၌ ဆက်လက်ထားရှိမည်ဖြစ်ကြောင်း ဗြိတိန်က အသိပေးခဲ့ပါသည်။

တဆက်တည်းတွင် မြန်မာအာဏာသိမ်းစစ်တပ်အနေဖြင့် အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများအပါအဝင် အကြမ်းဖက်လုပ်ရပ်များကို ချက်ချင်းရပ်တန့်ရန် ဗြိတိန်သံအမတ်ကြီးက တိုက်တွန်းခဲ့သည်။ [4]

ရွေးကောက်ပွဲ ကျင်းပပုံနှင့် အငြင်းပွားဖွယ် လေ့လာစောင့်ကြည့်သူများ

မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံအနေဖြင့် ယခုလနှောင်းပိုင်းတွင် အာဏာသိမ်းစစ်အုပ်စုက ကျင်းပရန် စီစဉ်ထားသည့် အထွေထွေရွေးကောက်ပွဲသို့ လေ့လာသူတစ်ဦး စေလွှတ်ရန်အစီအစဉ်ရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်ဖူအန်ကတ်ကိုးက ဂျပန်နိုင်ငံ တိုကျိုမြို့တွင်ပြုလုပ်သည့် NHK နှင့် အင်တာဗျူးတစ်ခုတွင် ပြောဆိုခဲ့သည်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် ရွေးကောက်ပွဲသည် လက်ရှိအခြေအနေအရ ပြည့်စုံမှုမရှိနိုင်သော်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆီသို့ ဦးတည်နိုင်မည့် ကောင်းမွန်သော တိုးတက်မှုများအတွက် အစပျိုးမှုတစ်ခုဖြစ်လာနိုင်ကြောင်း ၎င်းက မှတ်ချက်ပြုသည်။ ဒီမိုကရေစီလိုလားသည့်အဖွဲ့အစည်းများ ပါဝင်ခွင့်မရသည့် ဤရွေးကောက်ပွဲအပေါ် အသိအမှတ်ပြုရာရောက်မည်ကို စိုးရိမ်သဖြင့် လေ့လာသူများမစေလွှတ်ရန် အာဆီယံအဖွဲ့က ဆုံးဖြတ်ထားသော်လည်း ထိုင်းနိုင်ငံက ယခုကဲ့သို့ သီးခြားလုပ်ဆောင်ရန် စီစဉ်လာခြင်းဖြစ်သည်။ သို့ရာတွင် ထိုင်းနိုင်ငံ၏ လေ့လာသူစေလွှတ်မှုသည် ရွေးကောက်ပွဲအား တရားဝင်မှုပေးရန် ရည်ရွယ်ခြင်းမဟုတ်ဘဲ အိမ်နီးချင်းနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံနှင့် ဆက်လက်ထိတွေ့ဆက်ဆံသွားရန် လိုအပ်သဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ရှင်းလင်းပြောဆိုခဲ့သည်။ [5]

ဒီဇင်ဘာလ ၂၈ ရက်နေ့၊ ရွေးကောက်ပွဲအပိုင်း (၁) တွင် ရန်ကုန်၊ ပဲခူး၊ ပုသိမ်နှင့် တာချီလိတ်မြို့နယ်ရှိ မဲရုံပေါင်း ၅၀ ခန့်ကို ထိုင်းသံရုံးက စောင့်ကြည့်လေ့လာခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စတာ နီကွန်ဒေ့ဘလန်ကူရာက ပြောကြားခဲ့သည်။ ထိုင်းသံရုံးအဖွဲ့သည် ရွေးကောက်ပွဲ၏ ဒုတိယနှင့် တတိယအဆင့်များတွင်လည်း အကဲခတ်သူများအဖြစ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ထိုင်းနိုင်ငံအနေဖြင့် ဤရွေးကောက်ပွဲဖြစ်စဉ်ကို အလေးအနက်ထားကြောင်း ဆိုသည်။ နှစ်နိုင်ငံပြည်သူများအတွက် အကျိုးရှိစေမည့် ငြိမ်းချမ်းရေးနှင့် အပြန်အလှန်အကျိုးစီးပွားမြှင့်တင်ရေးတို့အတွက် မြန်မာနိုင်ငံနှင့် အပြုသဘောဆောင် လက်တွဲလုပ်ဆောင်သွားရန် သန္နိဋ္ဌာန်ချထားကြောင်းလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ [6]

အာဏာသိမ်းစစ်အုပ်စု ပြုလုပ်သည့်ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာရန် တရုတ်၊ ရုရှား၊ ဗီယက်နမ်၊ ကာဇက်စတန်၊ ကမ္ဘောဒီးယားနှင့် ဘယ်လာရုစ်နိုင်ငံမှ ကိုယ်စားလှယ်များ ဒီဇင်ဘာ ၂၅ နှင့် ၂၆ ရက်တွင် ရန်ကုန်မြို့သို့ ကြိုတင်ရောက်ရှိလာခဲ့ကြသည်။ အဆိုပါနိုင်ငံများသည် အတိုက်အခံများကို နှိပ်ကွပ်ခြင်းကြောင့် လူသိများသည့် နိုင်ငံများဖြစ်သည်။ ထို့အပြင် ပါတီစုံဒီမိုကရေစီ စနစ်ကျင့်သုံးသည့် အိန္ဒိယနိုင်ငံကလည်း အငြိမ်းစားစစ်ဗိုလ်ချုပ်တစ်ဦး ဦးဆောင်သည့်ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့ကို စေလွှတ်ခဲ့သည်။ အာဆီယံအဖွဲ့က အသိအမှတ်ပြုရန် ငြင်းဆန်ထားသည့် ဤရွေး ကောက်ပွဲဖြစ်စဉ်တွင် ယခုကဲ့သို့ အာဏာရှင်နိုင်ငံများမှ လာရောက်လေ့လာခြင်းသည် စစ်ကောင်စီအတွက် ဟန်ပြတရားဝင်မှုရရန် ကြိုးပမ်းမှုတစ်ခုအဖြစ် ရှုမြင်နိုင်သည်။ [7]

မြန်မာလူထုထောက်ခံမှုမရှိဘဲ ရွေးကောက်ပွဲ အပိုင်း (၁) ကို မြန်မာစစ်အုပ်စုသည် အတင်းအကျပ် ကျင်းပခဲ့ကြောင်း BBC ၊ Reuters ၊ AP ၊ AFP ၊ The Guardian နှင့် Al Jazeera အပါအဝင် နိုင်ငံတကာသတင်းဌာနကြီးများက ဖော်ပြခဲ့ကြသည်။ စစ်အုပ်စုရွေးကောက်ပွဲသည် အတိုက်အခံမရှိဘဲ ပြုလုပ်ခြင်းဖြစ်ပြီး စစ်အာဏာကို သက်တမ်းတိုးရန် ကြိုးပမ်းမှုတစ်ခုသာဖြစ်ကြောင်း အဆိုပါသတင်းဌာနများက ဖော်ပြခဲ့ကြသည်။

စင်္ကာပူအခြေစိုက် The Straits Times သတင်းဌာနကမူ မြန်မာပြည်သူများသည် ဤရွေးကောက်ပွဲကို သပိတ်မှောက်ထားကြ၍ တရားဝင်မှုမရှိဟု ယူဆထားကြကြောင်း ဖော်ပြခဲ့သည်။ Al Jazeera သတင်းဌာနက ရွေးကောက်ပွဲကို လေကြောင်းတိုက်ခိုက်မှုများနှင့် စစ်ပွဲများကြားတွင် ကျင်းပနေခြင်းဖြစ်ကြောင်း ထောက်ပြထားသည်။ ထို့အပြင် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီကို ဖြိုခွင်းပြီး ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းချထားကာ ကျင်းပနေသည့် ဤလုပ်ရပ်သည် စစ်အာဏာရှင်စနစ်ကို သက်တမ်းဆွဲဆန့်ရန်သာဖြစ်ကြောင်း The Guardian က ထောက်ပြထားသည်။ [8]

အာဏာသိမ်းစစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲ ဒုတိယနှင့် တတိယအဆင့်များကို ဆက်လက်ကျင်းပနိုင်ခြင်းမရှိစေရန် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ပြတ်ပြတ်သားသား ဆန့်ကျင်ကန့်ကွက်ကြရန် မြန်မာ့အရေး အထူးအကြံပေးကောင်စီ (SAC-M) က ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် တောင်းဆိုခဲ့သည်။ ရွေးကောက်ပွဲပထမပိုင်းသည် စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများအပေါ် နိုင်ငံတကာ၏ အာရုံလွဲစေရန်နှင့် တရားဝင်မှုအတုအယောင်ရယူရန် ကြိုးပမ်းသည့်လုပ်ရပ်သာဖြစ်ကြောင်း SAC-M က ထောက်ပြသည်။ စစ်အုပ်စု၏ ခြိမ်းခြောက်မှုများကြားမှ ပြည်သူအများအပြားက မဲမပေးဘဲ သပိတ်မှောက်ခဲ့ကြသဖြင့် မဲပေးသူအရေအတွက် အလွန်အမင်းနည်းပါးခဲ့ပြီး ၎င်းမှာ စစ်အုပ်စုအတွက် အရှက်ရစရာဖြစ်ခဲ့ရကြောင်းလည်း ဆိုပါသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ဒီမိုကရေစီလိုလားသူတစ်ဦးအဖြစ် ရှုမြင်ခြင်းမှာ အဓိပ္ပာယ်မဲ့ကြောင်းနှင့် ၎င်းသည် လေကြောင်းတိုက်ခိုက်မှု၊ ညှဉ်းပန်းနှိပ်စက်မှုနှင့် လူမျိုးတုံးသတ်ဖြတ်မှုများအပါအဝင် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် တရားစွဲဆိုခံရမည့်သူဖြစ်ကြောင်း SAC-M ၏ အမှုဆောင်ဒါရိုက်တာက ထောက်ပြထားသည်။ [9]

လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်သည့် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ မြောက်ဦးပြည်သူ့ဆေးရုံအား စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ နိုင်ငံတကာအစိုးရများအနေဖြင့် ထိရောက်စွာ အရေးယူပေးရန် ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းပေါင်း ၂၀၉ ဖွဲ့က ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ပူးတွဲထုတ်ပြန် တောင်းဆိုခဲ့သည်။

အဆိုပါတိုက်ခိုက်မှုကြောင့် ကျန်းမာရေးဝန်ထမ်းများနှင့် လူနာများအပါအဝင် အရပ်သားပြည်သူ ၃၀ ကျော် သေဆုံးခဲ့ပြီး ၇၇ ဦး ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင်လည်း ကျောက်ဖြူမြို့နယ်၊ င/လုံးစုကျေးရွာအား ထပ်မံဗုံးကြဲခဲ့ပြီး ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၇ ခုတွင် စစ်ရာဇဝတ်မှုများကို ဆက်တိုက်ကျူးလွန်နေကြောင်း အဖွဲ့အစည်းများ ထုတ်ပြန်ထားသည်။ စစ်အုပ်စု၏ အကြမ်းဖက်မှုများအတွက် အာဆီယံ၊ ဥရောပသမဂ္ဂနှင့် နိုင်ငံတကာအစိုးရများအနေဖြင့် ရှုတ်ချရုံမျှမကဘဲ ထိရောက်သည့် ပြစ်ဒဏ်ခတ်မှုများပြုလုပ်ရန် အဆိုပါအဖွဲ့အစည်းများက တိုက်တွန်းထားသည်။ [10]

လာမည့် ၂၀၂၆ ခုနှစ်မှာလည်း မြန်မာလူဦးရေ၏ ၁၂ သန်းကျော်သည်ဆာလောင်မွတ်သိပ်မှု အရေးပေါ်အဆင့်ကို ရောက်ရှိလာနိုင်ကြောင်း ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က သတိပေးထားသည်။ ပဋိပက္ခ ပိုမိုပြင်းထန်လာသည်နှင့်အမျှ နေရပ်စွန့်ခွာတိမ်းရှောင်ရမှုများ မြင့်တက်လာခြင်းကြောင်း မြန်မာပြည်သူများ၏ ဝမ်းရေးဒုက္ခအကျပ်အတည်းကို ပိုမိုဆိုးရွားသွားစေနိုင်ကြောင်း WFP ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ [11]

မြန်မာနိုင်ငံအတွင်းရှိ ပဋိပက္ခဘေးဒဏ်သင့် ပြည်သူများနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံလျှက်ရှိသည့် ရိုဟင်ဂျာဒုက္ခသည်များအတွက် ဥရောပသမဂ္ဂ (EU) က လူသားချင်းစာနာမှုနှင့် ဖွံ့ဖြိုးရေးဆိုင်ရာအကူအညီ ယူရို ၂၉ သန်း ထပ်မံပေးအပ်သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံအတွင်း တိုက်ပွဲများပိုမိုပြင်းထန်လာပြီး နေရပ်စွန့်ခွာရသူ ပိုမိုတိုးပွားလာနေချိန်တွင် ဤအကူအညီများ ထွက်ပေါ်လာခြင်းဖြစ်သည်။

ယခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ငလျင်ဘေးနှင့် အခြေခံကျန်းမာရေး၊ ပညာရေးဆိုင်ရာ ဝန်ဆောင်မှုများ ပျက်စီးမှုများကြောင့် ကြုံတွေ့နေရသည့် ငတ်မွတ်ခေါင်းပါးမှုနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများကို တုံ့ပြန်ဖြေရှင်းရန် ဥရောပသမဂ္ဂက ရည်ရွယ်ထားသည်။ အဆိုပါ ရန်ပုံငွေအနက် ယူရို ၁၅ သန်းကို မြန်မာနိုင်ငံအတွင်းရှိ ပဋိပက္ခဒဏ်သင့် ပြည်သူများအတွက် လူသားချင်းစာနာမှုအကူအညီအဖြစ် သုံးစွဲသွားမည်ဖြစ်ပြီး၊ ကျန်ရှိသည့် ယူရို ၁၄ သန်းကိုမူ ဘင်္ဂလားဒေ့ရှ်နှင့် အိမ်နီးချင်းနိုင်ငံများရှိ ရိုဟင်ဂျာ ဒုက္ခသည်များနှင့် ၎င်းတို့ကို လက်ခံထားသည့် အသိုင်းအဝိုင်းများအတွက် ဖွံ့ဖြိုးရေးဆိုင်ရာ အထောက်အပံ့အဖြစ် ခွဲဝေပေးသွားမည်ဖြစ်သည်။ [12]

လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ တာဝန်ခံမှုနှင့် ဝါဒဖြန့်ပလက်ဖောင်းများ ဖယ်ရှားခံရမှု

မြန်မာစစ်တပ်က ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့သည်ဟု စွပ်စွဲထားသည့်အမှုကို နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ၌ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကြားနာစစ်ဆေးသွားမည်ဖြစ်သည်။

ကုလသမဂ္ဂ၏ အမြင့်ဆုံးတရားရုံးဖြစ်သည့် ICJ ၏ ထုတ်ပြန်ချက်အရ အမှုတရားလို ဂမ်ဘီယာနိုင်ငံက ဇန်နဝါရီလ ၁၂ ရက်မှ ၁၅ ရက်နေ့အထိ လျှောက်လဲချက်ပေးရမည်ဖြစ်ပြီး၊ စွပ်စွဲချက်များကို ငြင်းဆိုထားသည့် မြန်မာစစ်တပ်ဘက်က ဇန်နဝါရီလ ၁၆ ရက်မှ ၂၀ ရက်နေ့အထိ ပြန်လည်ခုခံချေပခွင့်ရရှိမည် ဖြစ်ပါသည်။

ဤကြားနာမှုတွင် ထူးခြားချက်တစ်ခုအနေဖြင့် သက်သေများကို သုံးရက်ကြာ စစ်ဆေးသွားမည်ဖြစ်ပြီး၊ သက်သေများ၏ လုံခြုံရေးအတွက် အဆိုပါအစိတ်အပိုင်းကို ပရိသတ်မပါဘဲ တံခါးပိတ်ကျင်းပမည်ဖြစ်သည်။ [13]

စစ်ကောင်စီလက်အောက်ခံ မီဒီယာများနှင့် ဝါဒဖြန့်အကောင့်များကို Facebook ၊ YouTube ၊ Twitch နှင့် MediaFire စသည့် နည်းပညာကုမ္ပဏီကြီးများက ၎င်းတို့၏ အွန်လိုင်းပလက်ဖောင်းများပေါ်မှ ဖယ်ရှားခဲ့သည်။ Justice For Myanmar (JFM) ၏ ထုတ်ပြန်ချက်အရ စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီးဌာနနှင့် စိတ်ဓာတ်စစ်ဆင်ရေးဌာနတို့က တိုက်ရိုက်စီမံနေသည့် အဆိုပါအကောင့်များကို ပိတ်သိမ်းခဲ့ခြင်းဖြစ်ပြီး၊ အထူးသဖြင့် Amazon ပိုင် Twitch ဗီဒီယိုပလက်ဖောင်းသည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV) အပါအဝင် ရေဒီယိုလိုင်း ၁၄ ခုကို ပိတ်သိမ်းခဲ့သည့်အပြင် အကောင့်အသစ်များဖြင့် ထပ်မံထုတ်လွှင့်ရန် ကြိုးပမ်းမှုများကိုပါ ဟန့်တားခဲ့ပါသည်။

သို့ရာတွင် အဆိုပါနည်းပညာကုမ္ပဏီများ၏ အရေးယူဆောင်ရွက်မှုများမှာ အပြည့်အဝမရှိသေးကြောင်း တွေ့ရှိရပါသည်။ Facebook က အင်္ဂလိပ်ဘာသာဖြင့် ထုတ်လွှင့်သည့် MITV အကောင့်ကို ဖယ်ရှားခဲ့သော်လည်း YouTube ကမူ လက်ရှိအချိန်အထိ MITV အကောင့်အား ဖယ်ရှားရန် ငြင်းဆိုထားဆဲဖြစ်ပါသည်။ ထို့ပြင် စစ်တပ်၏ ဝါဒဖြန့်သတင်းစာများကို PDF ဖိုင်များဖြင့် သိမ်းဆည်းဖြန့်ဝေနေသည့် MediaFire ဝဘ်ဆိုဒ်ရှိ အကောင့်များကိုလည်း ဖျက်သိမ်းခဲ့ပါသည်။ JFM အပါအဝင် လူ့အခွင့်အရေးအဖွဲ့ အစည်းများက Apple၊ Google၊ TikTok နှင့် X စသည့် အခြားကုမ္ပဏီများကိုလည်း စစ်ကောင်စီ၏ ဝါဒမှိုင်းဖြန့်ချီမှုများကို ဟန့်တားပေးရန် ဆက်လက်တိုက်တွန်းထားသော်လည်း ထိရောက်သည့် အရေးယူ မှုများ မရှိသေးပေ။ [14]

[1] စစ်အုပ်စု၏ ရွေးကောက်ပွဲကို ရှုတ်ချကြောင်း တောင်ကိုရီးယားလွှတ်တော်အမတ်များ ကြေညာ၊ ဒီဗွီဘီ၊ ၁၇ ဒီဇင်ဘာ ၂၀၂၅
[2] မြန်မာရွေးကောက်ပွဲအလွန် အခြေအနေကို အာဆီယံဆန်းစစ်မည်၊ တရားဝင်အသိအမှတ်ပြုမှု ပေးဦးမည်မဟုတ်၊ ဒီဗွီဘီ၊ ၃၁ ဒီဇင်ဘာ ၂၀၂၅
[3] ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး တောင်းဆို၊ မဇ္ဈိမ၊ ၂၉ ဒီဇင်ဘာ ၂၀၂၅
[4] စစ်တပ်ရွေးကောက်ပွဲ ပိုမိုအကြမ်းဖက်မှုဆီ တွန်းပို့မယ်လို့ ဗြိတိန် သတိပေး၊ လူထုနွေဦး၊ ၂၃ ဒီဇင်ဘာ ၂၀၂၅
[5] မြန်မာ့ရွေးကောက်ပွဲသို့ စောင့်ကြည့်လေ့လာသူ စေလွှတ်ရန်စီစဉ်နေကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြော၊ မဇ္ဈိမ၊၂၁ ဒီဇင်ဘာ ၂၀၂၅
[6] မြန်မာပြည်တွင်း ၄ မြို့နယ်ရှိ မဲရုံ ၅၀ ခန့်ကို စောင့်ကြည့်ခဲ့ဟု ထိုင်းသံရုံးပြော၊ ဒီဗွီဘီ၊ ၃၁ ဒီဇင်ဘာ ၂၀၂၅
[7] စစ်တပ် ရွေးကောက်ပွဲ အာဏာရှင်နိုင်ငံများ စောင့်ကြည့် လေ့လာ၊ ရှမ်းသံတော်ဆင့်၊ ၂၇ ဒီဇင်ဘာ ၂၀၂၅
[8] စစ်ကောင်စီသည် ရွေးကောက်ပွဲကို အကျပ်ကိုင်ကျင်းပခဲ့ကြောင်း နိုင်ငံတကာ သတင်းဌာနများဖော်ပြ၊ DMG၊၂၉ ဒီဇင်ဘာ ၂၀၂၅
[9] ရုပ်ပျက်ဆင်းပျက်ရွေးကောက်ပွဲကို ဆက်မကျင်းပခင် ပြတ်ပြတ်သားသား ဆန့်ကျင်ရန် SAC-M တောင်းဆို၊ ဒီဗွီဘီ၊ ၃၀ ဒီဇင်ဘာ ၂၀၂၅
[10] စစ်ရာဇဝတ်မှု ကျူးလွန်နေသည့် စစ်အုပ်စုကို ထိရောက်စွာ အရေးယူရန် အဖွဲ့ ၂၀၀ ကျော် တိုက်တွန်း၊ ဒီဗွီဘီ၊ ၂၀ ဒီဇင်ဘာ ၂၀၂၅
[11] တိုက်ပွဲဖြစ်နေသည့် ဒေသများတွင် ပြည်သူများ၏ စားနပ်ရိက္ခာအခြေအနေ ပိုမိုဆိုးရွားလာ၊ ဒီဗွီဘီ၊ ၁၈ ဒီဇင်ဘာ ၂၀၂၅
[12] မြန်မာနှင့် ရိုဟင်ဂျာများအတွက် အီးယူက ယူရို ၂၉ သန်း ကူညီမည်၊ ဒီဗွီဘီ၊ ၁၉ ဒီဇင်ဘာ ၂၀၂၅
[13] ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှု ဇန်နဝါရီလအတွင်း အိုင်စီဂျေမှာ ကြားနာစစ်ဆေးမယ်၊ BVJ၊ ၂၂ ဒီဇင်ဘာ ၂၀၂၅
[14] စစ်အုပ်စု ဝါဒဖြန့်အကောင့်တွေကို Facebook၊ YouTube ၊Twitch နှင့် MediaFireတို့ဖယ်ရှား၊ လူထုနွေဦး၊ ၁၉ ဒီဇင်ဘာ ၂၀၂၅