
နိဒါန်း
စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် တော်လှန်ရေးအင်အားစုများ၏ သန္နိဌာန်သည် ခိုင်မာနေဆဲဖြစ်သည်။ လေးနှစ်ကျော်၊ ငါးနှစ်နီးပါးအထိ ရောက်ရှိလာပြီဖြစ်သော လက်နက်ကိုင်တော်လှန်ရေးသည် မြို့သိမ်း၊ စခန်းသိမ်းဖြစ်စဉ်များအပြင် အာဏာသိမ်းစစ်အုပ်စု၏ တိုင်းစစ်ဌာနချုပ်များအထိပင် သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သဖြင့် အလွန်ခရီးရောက်ခဲ့သည်ဟု ဆိုရပါမည်။ သို့သော် ဟန်ချက်ညီ လှုပ်ရှားနိုင်မှုတွင်တော့ ဟိုနားတစ၊ ဒီနားတစသာ တွေ့ရှိခဲ့ရပါသည်။ တော်လှန်ရေးအင်အားများ၏ စုစည်းညီညွတ်မှုခွန်အားဖြင့် ဟန်ချက်ညီလှုပ်ရှားနိုင်မှုသည် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် အရေးတကြီး လိုအပ်လာပြီဖြစ်ကြောင်း ပို၍ထင်ရှားလာစေခဲ့သည်။
အာဏာသိမ်းစစ်အုပ်စုအတွက်မူ ရွေးကောက်ပွဲတစ်ရပ်ကို ဟန်ပြကျင်းပကာ ၎င်းတို့၏ မအောင်မြင်သော စစ်အာဏာသိမ်းမှုလုပ်ငန်းစဉ်၏ နောက်ဆုံးရွေးချယ်စရာအဖြစ် စစ်ယူနီဖောင်းချွတ် ရွေးကောက်ခံအစိုးရတရပ်ဖွဲ့စည်းပြီး နိုင်ငံတကာနှင့် ပြည်သူလူထုကို မျက်လှည့်ပြဖို့ ကြံရွယ်နေပါသည်။ ထို့ကြောင့် အနှီဟန်ပြကျင်းပမည့် ရွေးကောက်ပွဲအား နှုတ်ဖြင့်ဖြစ်စေ၊ ကိုယ်ဖြင့်ဖြစ်စေ၊ စိတ်ဖြင့်ဖြစ်စေ ဆန့်ကျင်သူအားလုံးကို ရွေးကောက်ပွဲနှောင့် ယှက်ဟန့်တားသူများအဖြစ် သတ်မှတ်ပြီး ကြီးမားသည့် ပြစ်ဒဏ်များ ချမှတ်လျှက်ရှိပါသည်။ မြို့ပေါ်ရပ်ကွက်များကိုပင် စုံလင်စွာ ကျင်းပနိုင်ခြင်းမရှိသည့် ၎င်းတို့၏ ဟန်ပြ ရွေးကောက်ပွဲအတွက် တော်လှန်ရေးအင်အားစုများ ထိန်းချုပ်နယ်မြေများအတွက် လေကြောင်းတိုက်ခိုက်မှုများကို စည်းလွတ်ဝါးလွတ်ကျူးလွန်ပြီး နယ်မြေချဲ့ထွင်နိုင်ရေး ကြိုးပမ်းနေသည်ကိုလည်း တွေ့ရှိနေရပါသည်။
ယခုတစ်ပတ် BNI-Myanmar Peace Monitor ၏ သတင်းသုံးသပ်ချက်တွင်တော့ ၂၀၂၅ ခုနှစ်အလွန် မြင်တွေ့ရနိုင်သော တော်လှန်ရေးအင်အားစုများ၏ စစ်ရေးစုဖွဲ့မှုများနှင့် ဟန်ချက်ညီလှုပ်ရှားနိုင်မှု အခြေအနေများ၊ စစ်အုပ်စု၏ ရွေးကောက်ပွဲအလွန် ခြေလှမ်းများကို အချက်အလက်များအပေါ် အခြေပြုကာ လေ့လာတင်ပြသွားပါမည်။
တော်လှန်ရေးအင်အားစုများ၏ စစ်ရေးစုဖွဲ့မှုများ
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၏ လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းတပ်ဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များ၏ စုဖွဲ့မှု၊ ကွပ်ကဲမှုနှင့် အင်အားကို ကနဦးတင်ပြပါမည်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) မှ ပြုလုပ်သည့် အဌမအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် NUG ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ၎င်းတို့၏ စစ်ရေးအရ စုဖွဲ့မှုအသစ်၊ ကွပ်ကဲမှုအသစ်နှင့် အမျိုးသားအဆင့် ကာကွယ်ရေးမဟာဗျူဟာများအကြောင်းကို ရှင်းပြခဲ့သည်။ ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ စစ်ဆင်ရေးနယ်မြေများဖြစ်သော အမှတ် (၁) စစ်ဒေသ၊ တောင်ပိုင်းစစ်ဒေသနှင့် အလယ်ပိုင်းစစ်ဒေသတို့အတွင်း ခုခံတော်လှန်ထိုးစစ်ဆင်မှုများကို တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ (ERO) များ၏ ဦးဆောင်ကွပ်ကဲမှုဖြင့် လှုပ်ရှားခဲ့သော်လည်း ၂၀၂၅ ခုနှစ်အတွင်းတွင်တော့ PDF များအားလုံး ကွပ်ကဲမှုတစ်ခုတည်းအောက် စုစည်းခြင်းလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ခဲ့သည်ဟု ဆိုပါသည်။
ယခုအခါ အမှတ် (၁) စစ်ဒေသအတွင်းရှိ စစ်ကိုင်းတိုင်း မြောက်ပိုင်း (၅) ခရိုင်၊ မကွေးတိုင်း၊ မန္တလေးတိုင်းတို့ကို PDF စစ်ရုံးချုပ်မှ တိုက်ရိုက်ကွပ်ကဲနေပြီဖြစ်သည်။ တောင်ပိုင်းနှင့် အလယ်ပိုင်းစစ်ဒေသများအတွင်းတွင်တော့ တိုင်းစစ်ဌာန (၁၀) အဖြစ် ပြန်လည်စုဖွဲ့ထားပြီး တပ်မ (၁) ခု၊ တပ်ရင်း (၃၅၉) ရင်းကို PDF စစ်ရုံးချုပ်မှ တိုက်ရိုက်ကွပ်ကဲနေပါသည်။ ထို့အပြင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရုံးချုပ်ကို ဖွဲ့စည်းပြီး နိုင်ငံတဝှမ်းမြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းအဆင့် ပကဖအဖွဲ့ပေါင်း (၂၇၇) ဖွဲ့အထိ ဖွဲ့ဖြန့်ကျက်ထားသည်ဟု ဆိုပါသည်။ အဆိုပါ PDF တပ်ရင်းများနှင့် ပကဖအဖွဲ့များကို NUG ကာကွယ်ရေးဝန်ကြီးဌာန (MOD) ကတဆင့် တာဝန်ခွဲဝေဆောင်ရွက်လျှက်ရှိကြောင်း ဒေါက်တာဇော်ဝေစိုးက တင်ပြပါသည်။

NUG-MOD မှ တိုက်ရိုက်ကွပ်ကဲလျက်ရှိသည့် PDF တပ်ရင်း (၃၅၉) ရင်းအား တပ်ရင်းတစ်ရင်းအတွက် အနည်းဆုံးခန့်မှန်းအင်အား (၂၁၀) အဖြစ် သတ်မှတ်တွက်ချက်ကြည့်ပါကာ အနည်းဆုံးစစ်သည်အင်အားသည် (၇၅,၀၀၀) အထိရှိနိုင်ပြီး ပကဖ (၂၇၇) ဖွဲ့အတွင်း အင်အားနှင့်ပေါင်းစပ်ကြည့်လျှင် လက်နက်ကိုင်အင်အား တစ်သိန်းထက်မနည်းရှိနိုင်သည်ဟု ဆိုရပါမည်။ ၂၀၂၅ ခုနှစ် သြဂုတ်လအတွင်း ပြုလုပ်ခဲ့သည့် PDF တပ်မှူးကြီးများညီလာခံတွင် အတည်ပြုခဲ့သည့် အမျိုးသားအဆင့်ကာကွယ်ရေးမဟာဗျူဟာ (NSD) အရ စိုးမိုးနယ်မြေကာကွယ်ချဲ့ထွင်ခြင်း၊ လှုပ်ရှားဒေသအသစ်ထိုးဖောက်ခြင်း၊ မြို့ပြပြောက်ကျားဖော်ဆောင်ခြင်း၊ သတ်မှတ်တိုက်စစ်များဆင်နွှဲခြင်း၊ စုပေါင်းစစ်ဆင်ရေးများ အားကောင်းစေခြင်းနှင့် စိတ်ဓာတ်စစ်ဆင်ရေးတို့ကို ၂၀၂၆ ခုနှစ်အတွင်း ပြီးမြောက်အောင် လုပ်ဆောင်သွားမည်ဟုလည်း ဒေါက်တာဇော်ဝေစိုးက ဆိုပါသည်။ [1]
ထို့အပြင် မကွေးတိုင်း၊ စစ်ကိုင်းတို့တွင် မဟာမိတ်တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် တိုက်ပွဲဝင်ခြင်းများ ဆောင်ရွက်နေသကဲ့သို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) နှင့်လည်း ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၊ မြေပြင်ကွပ်ကဲရေးအဖွဲ့များ ဖွဲ့စည်းပြီး ပူးတွဲအမိန့်ပေးစနစ် (Joint Command) တည်ဆောက်ခဲ့ကြောင်း သိရသည်။

ဆိုရသော် တော်လှန်ရေးအင်အားစုများ၏ စစ်ရေးစုဖွဲ့ကွပ်ကဲမှုများကို လေ့လာကြည့်ပါက PDF စစ်ရုံးချုပ်၏ တိုက်ရိုက်ကွပ်ကဲမှု၊ NUG – MOD နှင့် ERO (၄) ဖွဲ့ ပူးပေါင်းဖွဲ့စည်းထားသည့် ဗဟိုကွပ်ကဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (C3C) ၏ ဦးဆောင်ကွပ်ကဲမှု [2]၊ အဖွဲ့ (၁၉) ဖွဲ့ပါဝင်သော နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု (SRA) ၏ ကွပ်ကဲမှု [3] နှင့် အခြားသော ဒေသအလိုက်တပ်ပေါင်းစုများ၏ ပူးပေါင်းကွပ်ကဲမှုပုံစံများကို တွေ့ရှိရပါသည်။ ထို့ကြောင့် တော်လှန်ရေးအင်အားစုများ၏ စုဖွဲ့မှုပုံစံအသစ်များနှင့် ပေါင်းစပ်လှုပ်ရှားလာနိုင်သည့် ဟန်ချက်ညီထိုး စစ်ဆင်မှုများကို ၂၀၂၆ ခုနှစ်အတွင်း မြင်တွေ့လာနိုင်ဖွယ်ရှိကြောင်း ရှုမြင်ရပါသည်။
စစ်အုပ်စု၏ ရွေးကောက်ပွဲအလွန် ခြေလှမ်းများ
အများသိကြပြီးဖြစ်သည့်အတိုင်း လာမည့်ဒီဇင်ဘာလ ၂၈ ရက်တွင် အာဏာသိမ်းစစ်အုပ်စု ကမကထပြုသည့် ဟန်ပြရွေးကောက်ပွဲ၏ အပိုင်း (၁) ကို မြို့နယ် (၁၀၂) မြို့နယ်တွင် ကျင်းပမည်ဖြစ်သည်။ မြို့နယ် (၁၀၀) ပါဝင်သည့် အပိုင်း (၂) ရွေးကောက်ပွဲကိုတော့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပမည်ဟု ဆိုပါသည်။ သို့သော် အဆိုပါအပိုင်း (၂) ပိုင်းလုံးရှိ မြို့နယ် (၂၀၂) မြို့နယ်ထဲမှ ရပ်ကွက်နှင့် ကျေးရွာအုပ်စုပေါင်း (၂၉၃၁) ခုအထိ ရွေးကောက်ပွဲကျင်းပနိုင်မည်မဟုတ်ကြောင်း စစ်အုပ်စု၏ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့သည်။ [4]
မြို့နယ်အားဖြင့်မူ ရှမ်းပြည်နယ်တွင် မြို့နယ် (၁၇) ခု၊ စစ်ကိုင်းတိုင်းတွင် မြို့နယ် (၁၀) ခု၊ ရခိုင်ပြည်နယ်တွင် မြို့နယ် (၁၀) ခု၊ မကွေးတိုင်းတွင် မြို့နယ် (၅) ခု၊ ကချင်ပြည်နယ်တွင် မြို့နယ် (၄) ခု၊ ချင်းပြည်နယ်တွင် မြို့နယ် (၄) ခု၊ ကရင်နီပြည် (ကယားပြည်နယ်) တွင် မြို့နယ် (၃) ခု၊ မန္တလေးတိုင်းတွင် မြို့နယ် (၃) ခု စုစုပေါင်း မြို့နယ် (၅၆) ခုတွင် ရွေကောက်ပွဲ လုံးဝ ကျင်းပနိုင်ခြင်းမရှိကြောင်း ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၄ ရက်ကတည်းက ထုတ်ပြန်ခဲ့သည်။ ထို့အပြင် မြို့နယ်အလိုက် တစ်စိတ်တစ်ပိုင်းမျှသာ ကျင်းပနိုင်သည့် မြို့နယ်ပေါင်း (၁၀၃) ခုနှစ်အထိရှိနေသဖြင့် စုစုပေါင်း မြို့နယ် (၁၅၉) ခုတွင် တင်းပြည့်ကျပ်ပြည့် ရွေးကောက်ပွဲတစ်ရပ်ကို ကျင်းပနိုင်ခြင်းမရှိခဲ့ဟု ဆိုရမည်ဖြစ်ပါသည်။ [5] (မှတ်ချက်။ ရွေးကောက်ပွဲ အပိုင်း (၃) အဖြစ် မြို့နယ် (၇၂) ခုတွင် ကျင်းပမည်ဟု ဆိုထားသော်လည်း ရက်အတိအကျထုတ်ပြန်ထားခြင်း မရှိပါ)
နိုင်ငံတဝှမ်း အကြားအလပ်မရှိ ရွေးကောက်ပွဲကျင်းပမည်ဟု ကြွေးကြော်ထားသည့် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ လေလုံးထွားမှုသည် အထက်ပါအချက်အလက်များအရပင် မြောင်းထဲရောက်ရှိသွားသည်ကို တွေ့ရသည်။ သို့သော် အနှီကျပ်မပြည့်သည့် ရွေးကောက်ပွဲကိုပင် ဆန့်ကျင်နှောင့်ယှက်သည်ဟုဆိုကာ ကလေးသူငယ်များအပါအဝင် အရပ်သားပြည်သူ ၂၂၉ ဦးကို ၎င်းတို့ပြဌာန်းထားသည့် ရွေးကောက်ပွဲဥပဒေဖြင့် အမှုဖွင့်အရေးယူထားပါသည်။ အနည်းဆုံးထောင်ဒဏ် (၃) နှစ်မှ အမြင့်ဆုံး သေဒဏ်အထိပါ ချမှတ်နိုင်သော အဆိုပါရွေးကောက်ပွဲဥပဒေအရ အနုပညာရှင်များအပါအဝင် အချို့ကို ပြစ်ဒဏ်များ ချမှတ်ထားပြီးဖြစ်သည်။ [6]
ဆိုရသော် အာဏာသိမ်းစစ်အုပ်စုသည် ၎င်းတို့၏ ကျပ်မပြည့်သော ဟန်ပြရွေးကောက်ပွဲကို အကြောင်းပြုပြီး ၂၀၂၆ ခုနှစ် ပထမသုံးလပတ်အတွင်း ရွေးကောက်ခံအမတ်များခေါ်ယူကာ ရွေးကောက်ခံအစိုးရအဖွဲ့တစ်ရပ်အဖြစ် အသွင်ပြောင်းလာဖွယ်ရှိပါသည်။ စစ်ယူနီဖောင်းချွတ် ကိုယ်စားလှယ်လောင်းများကြီးစိုးရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် အမတ်နေရာအများစု အနိုင်ရရှိရေးအတွက် အာဏာသိမ်းစစ်ခေါင်းဆောင်ကိုယ်တိုင် ယုံကြည်မျှော်လင့်ထားပုံရပါသည်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်၊ မကွေးတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် တွေ့ဆုံပွဲတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ရွေးကောက်ပွဲကျင်းပပြုလုပ်ချိန်တွင် တပ်မတော်နှင့် လက်တွဲဆောင်ရွက်နိုင်သူ၊ ဒို့တာဝန်အရေးသုံးပါးကို လိုက်နာစောင့်ထိန်းနိုင်သူ၊ နိုင်ငံရေး၊ စီးပွားရေးနှင့် ကာကွယ်ရေးအမြင်ရှိသူများကို ရွေးချယ်၍ ဆန္ဒမဲပေးကြရန်လိုကြောင်း” မှာကြားခဲ့ပါသည်။ [7]
အာဏာသိမ်းစစ်အုပ်စုကျင်းပမည့် ဟန်ပြရွေးကောက်ပွဲအလွန် စစ်အုပ်စု၏ ခြေလှမ်းများသည် မည်သူတစ်ဦးတစ်ယောက်ကမျှ လက်ခံခြင်းမရှိသည့်တိုင် ရွေးကောက်ခံလွှတ်တော်နှင့် ရွေးကောက်ခံအစိုးရတစ်ရပ်ကို ဗန်းပြပြီး နိုင်ငံတကာအဝန်းအဝိုင်းအတွင်း ခြေဆန့်လာမည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ တဆက်တည်းတွင် အကျိုးစီးပွားအရ မကင်းနိုင်ကြသေးသည့် တရုတ်၊ အိန္ဒိယနှင့် ထိုင်းအပါအဝင် စစ်အုပ်စု၏ မဟာမိတ်နိုင်ငံများကလည်း စစ်အုပ်စု၏ခြေလှမ်းများကို ချီးမွမ်းခန်းဖွင့်ကာ အသိအမှတ်ပြုလာနိုင်ကြောင်း ရှုမြင်ရပါသည်။

သုံးသပ်တင်ပြချက်
အာဏာသိမ်းစစ်အုပ်စု ကျင်းပမည့် ရွေးကောက်ပွဲအလွန် ခြေလှမ်းများသည် ထူးခြားသည့် နိုင်ငံရေးအခင်းအကျင်းသစ်များကို မမြင်တွေ့ရသကဲ့သို့ စစ်အာဏာသိမ်းမှု၏ နောက်ဆက်တွဲသက်ရောက်မှုများဖြစ်သော မြန်မာနိုင်ငံ၏ အထွေထွေအကျပ်အတည်းမှု လွတ်မြောက်နိုင်ရေးလမ်းစများလည်း ကင်းမဲ့နေဆဲဖြစ်ပါသည်။
နိုင်ငံတဝှမ်း လေကြောင်းတိုက်ခိုက်မှုများနှင့် ချိနဲ့နေသော စစ်သည်အင်အား ဖြည့်တင်းရေးအတွက် အဓမ္မစစ်မှုထမ်းခေါ်ယူမှု၊ ဖမ်းဆီးမှု စသော စစ်အုပ်စု၏ အကြမ်းဖက်လုပ်ရပ်များသည်လည်း ရပ်တန့်သွားဖွယ်အရိပ်အယောင်မျိုး မတွေ့ရှိသေးပါ။
အခြားတစ်ဖက်တွင်တော့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးသို့ ဦးတည်သော တော်လှန်ရေးအင်အားစုများ၏ စုဖွဲ့မှုအသစ်များ၊ ကွပ်ကဲမှုပုံစံအသစ်များနှင့် ပေါင်းစည်းညီညွတ်မှုပုံရိပ်အသစ်များသည် နိုင်ငံတဝှမ်းလုံးတွင် ဖြန့်ကျက်လွှမ်းမိုးနိုင်ရန် အရှိန်ယူလျက်ရှိသည်။ ထို့ကြောင့် ၂၀၂၅ ခုနှစ်အလွန် ၂၀၂၆ ခုနှစ်အတွင်း တော်လှန်ရေးအင်အားစုများ၏ အာဏာသိမ်းစစ်အုပ်စုထံ ဦးတည်သော စစ်ရေးစီမံချက်များသည် ပိုမိုအားကောင်းလာဖွယ်ရှိသည်ဟု ဆိုရပါမည်။
နိုင်ငံတဝှမ်း တော်လှန်ရေးအင်အားစုများ၏ ဟန်ချက်ညီ တော်လှန်ထိုးစစ်ဆင်လှုပ်ရှားမှုများနှင့် ရွေးကောက်ခံအစိုးရအမည်ခံသော အာဏာသိမ်းစစ်အုပ်စု၏ လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်မှုများအပါအဝင် အကြမ်းဖက်လုပ်ရပ်များကို ၂၀၂၆ ခုနှစ်အတွင်း ဆက်လက်မြင်တွေ့ရမည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။
[1] ပြည်ထောင်စုလွှတ်တော် အဋ္ဌမကြိမ်အစည်းအဝေး (ပထမရက်) ၊ CRPH ၊ ၁၈ ဒီဇင်ဘာ ၂၀၂၅
[2] ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပုံဖော်ခြင်း (၂၀၂၃ -၂၀၂၄)၊ စာမျက်နှာ-၄၀၊ BNI-MPM
[3] နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (သို့) တပ်ပေါင်းစုဖြင့် အောင်ပွဲခံမည်၊ BNI-MPM၊ ဒီဇင်ဘာ ၂၀၂၅
[4] ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၂,၉၃၁ ခုတွင် ရွေးကောက်ပွဲမလုပ်နိုင်ဟု ထုတ်ပြန်၊ ဒီဗွီဘီ၊ ၆ ဒီဇင်ဘာ ၂၀၂၅
[5] ၂၀၂၅ ရွေးကောက်ပွဲ – မကျင်းပနိုင်မယ့်နေရာ စံချိန်တင်၊ ဘီဘီစီ၊ ၁၃ ဒီဇင်ဘာ ၂၀၂၅
[6] စစ်ကော်မရှင်က အသက်မပြည့်သူအပါအဝင် ပြည်သူ ၂၀၀ ကျော်ကို ရွေးကောက်ပွဲဥပဒေနဲ့ ဖမ်းဆီးထား၊ မဇ္စျိမ၊ ၁၈ ဒီဇင်ဘာ ၂၀၂၅
[7] စစ်တပ်နှင့် စိတ်တူကိုယ်တူ လက်တွဲဆောင်ရွက်နိုင်သူကိုမဲပေးရန် စစ်ခေါင်းဆောင်ပြော၊ မဇ္စျိမ၊ ၂၁ ဒီဇင်ဘာ ၂၀၂၅