နိုင်ငံတကာသတင်းမြင်ကွင်း

By MPM 24 ဒီဇင်ဘာ, 2025 👁

ကျားဖြန့်တိုက်ဖျက်ရေးဆိုင်ရာ နိုင်ငံတကာချဉ်းကပ်မှုများ

အမေရိကန်အစိုးရအနေဖြင့် ကျားဖြန့်လုပ်ငန်း အားပေးနေသည့်နိုင်ငံများစာရင်းကို ထုတ်ပြန်ရန် တိုက်တွန်းချက်ပါသည့် “ကျားဖြန့်စခန်းများအတွက် တာဝန်ခံမှုရှိစေရေးနှင့် စုပေါင်းလှုပ်ရှားမှု အက်ဥပဒေမူကြမ်း” ကို  ဒီဇင်ဘာ ၈ ရက်နေ့တွင် အတည်ပြုခဲ့သည်။

ထိုအက်ဥပဒေသည် ကျားဖြန့်လုပ်ငန်းများကို လက်ခံအားပေးနေသည့် နိုင်ငံများကို စာရင်းပြုစုကြေညာရန် အဓိကတိုက်တွန်းထားသည့်အတွက် အာဏာသိမ်းစစ်အုပ်စုမှ တရားဝင်အစိုးရအဖြစ် နိုင်ငံတကာအသိအမှတ်ပြုခံရန် ကြိုးစားမှုများအပေါ် သက်ရောက်မှုရှိလာနိုင်ကြောင်း သုံးသပ်ထားကြသည်။

အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီကလည်း နိုင်ငံခြားငွေလိမ်ဂိုဏ်းများ ဖြိုခွင်းရေးအက်ဥပဒေကို ဒီဇင်ဘာ ၃ ရက်နေ့တွင် အတည်ပြုထားခဲ့သည်။ အဆိုပါနိုင်ငံခြားငွေလိမ်ဂိုဏ်းများ ဖြိုခွင်းရေးအက်ဥပဒေထဲတွင် ကျားဖြန့်လုပ်ငန်းနှင့် ဆက်စပ်နေသော အာဏာသိမ်းစစ်အုပ်စုအပါအဝင် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ၊ လက်နက်ကိုင်အစုအဖွဲ့များနှင့် လုပ်ငန်းရှင်များစသည်တို့၏ ပိုင်ဆိုင်မှုများကို ရှာဖွေအရေးယူနိုင်မည့် ပြဋ္ဌာန်းချက်များ ပါဝင်နေကြောင်း သိရသည်။ [1]

အခြားတဖက်တွင်တော့ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန လက်ထောက်ဝန်ကြီး လျိုကျုံးရိနှင့် မြန်မာစစ်အုပ်စုတို့သည် ကျားဖြန့်ကိစ္စတွင် ပြည်ပနိုင်ငံများ ဝင်ရောက်စွက်ဖက်မှု လက်မခံရေးကို တွေ့ဆုံဆွေးနွေးခဲ့သည်ဟု ဆိုပါသည်။ ဆွေးနွေးချက်များထဲတွင် ကျားဖြန်တိုက်ဖျက်ရေးနှင့်ပတ်သက်ပြီး နှစ်နိုင်ငံနှင့် ဒေသတွင်းနိုင်ငံများအကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေး၊ တရုတ်အနေဖြင့် စစ်အုပ်စု၏ ကျားဖြန့်တိုက်ဖျက်ရေးဗဟိုကော်မတီကို ထောက်ခံကြောင်း စသည်တို့ကို ဆွေးနွေးခဲ့ကြသည်။ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် အမေရိကန်နိုင်ငံမှ ကျားဖြန့်တိုက်ဖျက်ရေးအထူးအဖွဲ့ (Scam Center Strike Force) ကို ဖွဲ့စည်းကြောင်းထုတ်ပြန်ပြီး တစ်လအကြာတွင် အာဏာသိမ်းစစ်အုပ်စုနှင့် တရုတ်တို့အကြား ဆွေးနွေးမှု ပေါ်ပေါက်လာခြင်းဖြစ်သည်။ [2]

ဒီဇင်ဘာ ၇ ရက်နေ့တွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟဆတ်ဖွန်ကတ်ကယောက်နှင့် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နေပြည်တော်၌ တွေ့ဆုံခဲ့ကြပြီး နှစ်နိုင်ငံ နယ်စပ်ဒေသတည်ငြိမ်ရေး၊ မူးယစ်ဆေးဝါးနှင့် ကျားဖြန့်အွန်လိုင်းငွေလိမ်လည်မှုတိုက်ဖျက်ရေး၊ စီးပွားရေးနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူပြဿနာများ ပူးပေါင်းဖြေရှင်းသွားကြရန် ဆွေးနွေးခဲ့ကြောင်း ထိုင်းဘက်မှ သတင်းထုတ်ပြန်ထားသည်။

အာဏာသိမ်းစစ်အုပ်စု၏ ထုတ်ပြန်ချက်ထဲတွင် နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်ရေး ပူးပေါင်းလုပ်ဆောင်ရန်၊ နယ်စပ်တွင်လက်နက်ခဲယမ်းများ တရားမဝင်ရောင်းချမှုများ နှစ်နိုင်ငံပူးပေါင်းထိန်းသိမ်းရန်နှင့် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ ကြိုတင်ပြင်ဆင်မှုအခြေအနေများကို ဆွေးနွေးကြောင်း ဖော်ပြထားသည်။ [3]

စစ်အုပ်စုကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲအပေါ် နိုင်ငံတကာ တုံ့ပြန်မှုများ

ဥရောပသမဂ္ဂ (EU) အဆင့်မြင့်ကိုယ်စားလှယ်က မြန်မာအာဏာသိမ်းစစ်အုပ်စု ထုတ်ပြန်ထားသည့် ရွေးကောက်ပွဲဆိုင်ရာဖြစ်စဥ်များကို အနီးကပ်စောင့်ကြည့်နေပြီး ရွေးကောက်ပွဲဆိုင်ရာ ပြင်ဆင်လုပ်ဆောင်မှုများသည် လူထုယုံကြည်မှုကို မတည်ဆောက်နိုင်သည့်အပြင် နိုင်ငံတကာစံနှုန်းများနှင့်လည်း ကိုက်ညီမှုမရှိသောကြောင့် စစ်အုပ်စုကျင်းပမည့် ရွေးကောက်ပွဲသည် ၎င်းတို့အတွက် တရားဝင်မှုကိုမြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်းသာဖြစ်ကြောင်း ထင်ရှားနေသည်ဟု ထုတ်ပြန်ပါသည်။

ဆွစ်ဇာလန်နိုင်ငံနှင့် မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံရုံးကလည်း အာဏာသိမ်းစစ်အုပ်စု စီစဉ်ကျင်းပမည့် ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှုမရှိသည့်အပြင် နိုင်ငံတကာစံနှုန်းများနှင့်လည်း ကိုက်ညီမှုမရှိကြောင်း၊ ရွေးကောက်ပွဲ၏ နောက်ဆက်တွဲအဖြစ် ပြည်တွင်းနှင့် ဒေသတွင်းနိုင်ငံများအထိ မတည်ငြိမ်မှုများ ပိုမိုဖြစ်ပေါ်စေလိမ့်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ [4]

သြစတြေးလျအစိုးရအနေဖြင့်လည်း မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးလမ်းကြောင်း အစစ်အမှန်ဖြစ်ရန်အတွက် မတရားဖမ်းဆီးထိန်းသိမ်းထားသူများကို လွှတ်ပေးကာ သက်ဆိုင်သူတွေအားလုံးပါဝင်သည့် ဆွေးနွေးညှိနှိုင်းမှုပြုလုပ်ရန် လိုအပ်ကြောင်းနှင့် ထိုအခြအနေများမရှိဘဲ ကျင်းပသည့်ရွေးကောက်ပွဲသည် ပိုမိုကြီးမားသည့် မတည်ငြိမ်မှုဆီသို့သာ ဦးတည်ကာ မြန်မာပြည်သူများအပေါ် ဆိုးရွားသည့်အကျိုးဆက်များ ဖြစ်စေမည်ကို စိုးရိမ်ကြောင်း ထုတ်ပြန်ထားပါသည်။ [5]

ထို့အပြင် သြစတြေးလျအထက်လွှတ်တော်သည် မြန်မာစစ်အုပ်စု၏ ရွေးကောက်ပွဲကို အသေးစိတ် စောင့်ကြည့်သုံးသပ်ရန်နှင့် မြန်မာ့ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးအခြေအနေကို စောင့်ကြည့်ရန် စုံစမ်းဖော်ထုတ်ရေးကော်မတီတရပ်ကို ဖွဲ့စည်းခဲ့သည်။ ထိုကောင်မတီသည် ရွေးကောက်ပွဲကို အသေးစိတ်စောင့်ကြည့်ပြီး အားလုံးပါဝင်သည့် ဒီမိုကရေစီအရပ်သားအစိုးရပြန်ဖြစ်ရန်အတွက် အတားအဆီးများကို ဖော်ထုတ်ရန်နှင့် စစ်တပ်၏ ဖိနှိပ်မှုများကို ဖော်ထုတ်ကာ စစ်တပ်နှင့် ဆက်နွှယ်သည့်ဘဏ်များကို တင်းကျပ်သည့်ကန့်သတ်မှုများ လုပ်ဆောင်မည်ဖြစ်ကြောင်း အထက်လွှတ်တော်အမတ်ဒင်းန်စမစ်က ပြောခဲ့သည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် အရပ်ဘက်အဖွဲ့အစည်းများကို ကူညီနိုင်မည့် နည်းလမ်းများကိုလည်း ရှာဖွေသွားမည်ဖြစ်ပြီး သြစတြေးလျနိုင်ငံသားများအပေါ် သက်ရောက်မှုရှိနေသည့် အွန်လိုင်း ငွေလိမ်လုပ်ငန်းများကို တန်ပြန်နိုင်မည့် အခွင့်အလမ်းများကိုလည်း ဖော်ထုတ်သွားမည်ဟု ဆိုပါသည်။ [6]

အိန္ဒိယအစိုးရကတော့ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ထောက်ခံပြီး ရွေးကောက်ပွဲယုံကြည်စိတ်ချရမှုရှိရန်အတွက် သက်ဆိုင်သူအားလုံးပါဝင်မှု အရေးကြီးကြောင်းနှင့် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး၊ တွေ့ဆုံဆွေးနွေးရေး ပုံမှန်အခြေအနေပြန်လည်ရောက်ရှိရေးအတွက် ကြိုးပမ်းအားထုတ်မှု အားလုံးကို ဆက်လက်ထောက်ခံသွားမည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရန်ဒီယာဂျိုင်ဆွာလ်က ဒီဇင်ဘာ ၈ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ [7]

မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံအားပေးသည့် ဂျပန်ပါလီမန်လွှတ်တော်အမတ်များသမဂ္ဂမှ လွှတ်တော်အမတ်များက စစ်အုပ်စု၏ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှုရှိမည်မဟုတ်သောကြောင့် ကန့်ကွက်ကြောင်း အိတ်ဖွင့်ပေးစာကို  ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ကူနိမစ်စုအယာနိုထံ သွားရောက်ပေးအပ်ခဲ့သည်။ ထိုတောင်းဆိုစာကို လက်ခံသည့် ဒုနိုင်ငံခြားရေးဝန်မှ ဂျပန်အစိုးရအနေဖြင့် တောင်းဆိုစာတွင်ပါသော အချက်အလက်များကို ထည့်သွင်းစဉ်းစားပြီး နောက်ပိုင်းအခြေအနေများကို သတိထားစောင့်ကြည့်ကာ သင့်လျော်သည့်တုံ့ပြန်မှုများ လုပ်ဆောင်သွားမည်ဟု ပြောဆိုခဲ့သည်။ [8]

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအပေါ် နိုင်ငံတကာတုံ့ပြန်မှုများ

ဒီဇင်ဘာ ၅ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ကို စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုအပေါ် ဗြိတိန် (UK) အစိုးရအနေဖြင့် အလွန်ထိတ်လန့်မိကြောင်းနှင့် မြန်မာနိုင်ငံတဝန်း ဆက်လက်ဖြစ်ပွားနေသည့် အကြမ်းဖက်လုပ်ရပ်များကြောင့် ထိခိုက်ခံစားရသူများအားလုံးနှင့်ထပ်တူ ကြေကွဲဝမ်းနည်းရကြောင်း ဒီဇင်ဘာလ ၁၀ ရက်နေ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့တွင် ထုတ်ပြန်သည်။ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ကို စစ်ကောင်စီမှ ဒီဇင်ဘာ ၅ ရက် တရက်တည်းတွင် ၁၂ ကြိမ်ထက်မနည်း လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သည့်အတွက် အရပ်သားပြည်သူ ၂၀ ထက်မနည်း သေဆုံးခဲ့ ပါသည်။ [9]

ထို့အပြင် ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ရခိုင်ပြည်နယ် မြောက်ဦးဆေးရုံကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၃၃ ဦးသေဆုံးပြီး ၇၆ ဦး ထိခိုက်ဒဏ်ရာရစေခဲ့ခြင်းအပေါ် ပြင်းထန်စွာရှုတ်ချကြောင်း ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၊ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အာဆီယံနှင့် ဒေသတွင်း အရပ်ဘက်အဖွဲ့အစည်းများက အသီးသီးထုတ်ပြန်ခဲ့ပါသည်။

ဥရောပသမဂ္ဂ (EU) မှ ပြောရေးဆိုခွင့်ရှိသူ အနီတာဟစ်ပါက ရခိုင်ပြည်နယ် မြောက်ဦးမြို့ပေါ် ဆေးရုံကြီးအား လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်ခြင်းသည် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေကို ချိုးဖောက်ရာရောက်ကြောင်း ထုတ်ပြန်ပြောဆိုခဲ့သည်။

ထို့အပြင် နယ်စည်းမထားဆရာဝန်များအသင်း (MSF) ကလည်း မြောက်ဦး လေကြောင်းတိုက်ခိုက်မှုသည် မြန်မာနိုင်ငံ ကျန်းမာရေးစောင့်ရှောက်မှုဌာနအပေါ် မှတ်တမ်းတင်ထားသော အသေအပျောက်အများဆုံး တိုက်ခိုက်မှုဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ [10]

[1] ကျားဖြန့်အားပေးသည့်နိုင်ငံစာရင်း ထုတ်ပြန်မည့် ဥပဒေမူကြမ်း အမေရိကန် အထက်လွှတ်တော် အတည်ပြု၊ DVB ၁၀ ဒီဇင်ဘာ ၂၀၂၅
[2] ကျားဖြန့်ကိစ္စ ပြည်ပနိုင်ငံများ စွက်ဖက်မှု လက်မခံရေး စစ်ကော်မရှင်နှင့် တရုတ် ဆွေးနွေး၊ မဇ္ဈိမ ၁၃ ဒီဇင်ဘာ ၂၀၂၅
[3] နယ်စပ်မှာလုပ်ဆောင်သမျှ လူထုထိခိုက်မှုနည်းအောင်လုပ်ဖို့ မြန်မာကို ထိုင်းတိုက်တွန်း၊ဘီဘီစီ ၈ ဒီဇင်ဘာ ၂၀၂၅
[4] စစ်တပ်ရွေးကောက်ပွဲ လူထုယုံကြည်မှုမတည်ဆောက်နိုင်သလို နိုင်ငံတကာစံနှုန်းတွေနဲ့မကိုက်ညီဘူးလို့ EUနဲ့ ကနေဒါ ပြော၊ People’s Spring ၁၀ ဒီဇင်ဘာ ၂၀၂၅
[5] လက်ရှိမြန်မာနိုင်ငံအခြေအနေက လူတိုင်းအကျုံးဝင်တဲ့‌ရွေးကောက်ပွဲကျင်းပဖို့ မပြည့်စုံဟု သြစတြေးလျအစိုးရ ထုတ်ပြန်၊ BVJ ၁၀ ဒီဇင်ဘာ ၂၀၂၅
[6] စစ်တပ်ရွေးကောက်ပွဲမတိုင်မီ မြန်မာ့အခြေအနေစုံစမ်းဖော်ထုတ်ရေးကော်မတီကို သြစတြေးလျအထက်လွှတ်တော် ဖွဲ့စည်း၊ People’s Spring ၄ ဒီဇင်ဘာ ၂၀၂၅
[7]လွတ်လပ်မျှတ အားလုံးပါဝင်သည့် ရွေးကောက်ပွဲဖြစ်ရန် အိန္ဒိယတောင်းဆို၊ DVB ၉ ဒီဇင်ဘာ ၂၀၂၅
[8] စစ်အုပ်စုရွေးကောက်ပွဲကိုဆန့်ကျင်ကန့်ကွက်ကြောင်း လeွှတ်တော်အမတ်များသမဂ္ဂက ဂျပန်အစိုးရကို တိုက်တွန်း၊ DVB ၁၁ ဒီဇင်ဘာ ၂၀၂၅
[9] အရပ်သားပြည်သူကာကွယ်မှု ဦးစားပေးဆောင်ရွက်ရန် UK တောင်းဆို၊ DVB ၁၁ ဒီဇင်ဘာ ၂၀၂၅
[10] မြောက်ဦး ဗုံးကြဲမှုအပေါ်  UN အပါအဝင် နိုင်ငံတကာနှင့် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများ ပြင်းပြင်းထန်ထန် ရှုတ်ချ၊ ၁၂ ဒီဇင်ဘာ ၂၀၂၅