နိုင်ငံတကာသတင်းမြင်ကွင်း

By MPM 19 ဒီဇင်ဘာ, 2025 👁

စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲအပေါ် နိုင်ငံတကာတုံ့ပြန်မှုများ

မြန်မာအာဏာသိမ်းစစ်အုပ်စုက ကျင်းပမည့်ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှုမရှိသည့်အတွက် အသိအမှတ်မပြုသင့်ကြောင်း နယူးဇီလန်လွှတ်တော်က ဆုံးဖြတ်အတည်ပြုခဲ့သည်။

အဓိက အတိုက်အခံပါတီကြီးများ မပါဝင်သည့်အပြင် တစ်နိုင်ငံလုံးလွှမ်းခြုံမှုရှိမည်မဟုတ်ကြောင်း အဆိုတင်သွင်းသူ လေဘာပါတီမှ ဖီလ်တွိုင်ဖို့ဒ်က ထောက်ပြသည်။ ထို့အပြင် မြန်မာအာဏာသိမ်းစစ်အုပ်စုသည် ၎င်းတို့၏ရွေးကောက်ပွဲကို ဝေဖန်သူများအား ဖမ်းဆီးနိုင်သည့် ဥပဒေများချမှတ်ပြီး ဖမ်းဆီးမှုများ လုပ်ဆောင်နေကြောင်း ဖီလ်တွိုင်ဖို့ဒ်က ပြောသည်။

အာဏာသိမ်းစစ်အုပ်စု ကျင်းပပေးမည့် ရွေးကောက်ပွဲသည် နိုင်ငံတကာအသိအမှတ်ပြုရန်အတွက် စိတ်ကြိုက်ဖန်တီးထားသည့် အတုအယောင်ရွေးကောက်ပွဲသာဖြစ်ပြီး တရုတ်၊ ရုရှား၊ အိန္ဒိယနိုင်ငံမှ အစိုးရများအနေဖြင့်လည်း ကိုယ့်ပြည်သူကို ပြန်သတ်နေသည့် မြန်မာစစ်တပ်ကို ငွေကြေး၊ နည်းပညာ၊ စစ်လက်နက်ပစ္စည်းများ မထောက်ပံ့မှုကြရန် ဖီလ်တွိုင်ဖို့ဒက တိုက်တွန်းခဲ့သည်။ [1]

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ မြန်မာစစ်အုပ်စုက ကျင်းပမည့်ရွေးကောက်ပွဲသည် ပွင့်လင်းမြင်သာမှု၊ လွတ်လပ်မှု၊ အားလုံးပါဝင်မှုနှင့် ယုံကြည်စိတ်ချရမှုဆိုင်ရာ စံနှုန်းများနှင့် ကိုက်ညီမှုမရှိသည့်အပြင် စစ်တပ်ထိန်းချုပ်ထားသည့် ဒေသထဲတွင်သာ ကျင်းပမည့် ရွေးကောက်ပွဲဖြစ်သည့်အတွက် အသိအမှတ်မပြုကြောင်း နိုဝင်ဘာ ၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ [2]

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး ဗော်လ်ကာတာ့ခ်ကလည်း ဗုံးကြဲတိုက်ခိုက်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေချိန်တွင် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပနိုင်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ မြန်မာစစ်တပ်သည် အတိုက်အခံများနှင့် သတင်းထောက်များကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ အရပ်သားများကို ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး အရပ်ဘက်နယ်ပယ်အားလုံးကို လုံးဝကန့်သတ်ထားသဖြင့် မြန်မာနိုင်ငံ၏ အခြေအနေသည် ကံမကောင်းစွာဖြင့် မီဒီယာများ၏ အာရုံစိုက်မှုကို လုံလောက်စွာ မရရှိကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။ [3]

အမေရိကန်လွှတ်တော်နှစ်ရပ်အမတ်များက မြန်မာနိုင်ငံအတွင်း အာဏာသိမ်းစစ်တပ်က ခြယ်လှယ်မည့် ရွေးကောက်ပွဲကို ထရမ့်အစိုးရ အသိအမှတ်မပြုရန် တိုက်တွန်းခဲ့သည်။ အဆိုပါရွေးကောက်ပွဲမှာ တရုတ်အထောက်အပံ့ပြုထားသည့် အတုအယောင်သာဖြစ်ပြီး ၂၀၂၁ အာဏာသိမ်းမှုကို တရားဝင်စေမည့် လုပ်ရပ်ဟု လွှတ်တော်အမတ်များက ထောက်ပြခဲ့ကြသည်။ [4]

ဥရောပပါလီမန်ကလည်း နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ဆုံးဖြတ်ချက်တစ်ရပ်ချမှတ်ကာ စစ်အုပ်စုကျင်းပမည့် ရွေးကောက်ပွဲကို ပယ်ချခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တို့ကိုသာ မြန်မာပြည်သူလူထု၏ တရားဝင်ကိုယ်စားလှယ်များအဖြစ် အသိအမှတ်ပြုခဲ့သည်။ [5]

တဖက်တွင်တော့ မြန်မာစစ်အုပ်စုသည် ရွေးကောက်ပွဲအကြိုကာလအတွင်း နိုင်ငံတကာရာဇဝတ်မှုများနှင့် ဖိနှိပ်မှုများ ပိုမိုလုပ်ဆောင်လျှက်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) နှင့် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) တို့က သတိပေးထုတ်ပြန်ထားသည်။ စစ်အုပ်စု စီစဉ်လျှက်ရှိသည့် ရွေးကောက်ပွဲသည် ခြိမ်းခြောက်မှု၊ အကြမ်းဖက်မှုများဖြင့် ပြည့်နှက်လျှက်ရှိပြီး နိုင်ငံရေးအကျဉ်းသား ၃၀,၀၀၀ ကျော်ကို ဆက်လက်ဖမ်းဆီးထိန်းသိမ်းထားမှု၊ နိုင်ငံရေးပါတီများ ပိတ်ပင်ခံရမှုတို့ကြောင့် နိုင်ငံအတွင်း မတည်ငြိမ်မှုနှင့် ဖိနှိပ်မှုများ ပိုမိုဆိုးရွားလာနိုင်ခြေရှိကြောင်း OHCHR ပြောရေးဆိုခွင့်ရ အရာရှိ ဂျရမီလောရင့်စ်က ထောက်ပြပြောဆိုခဲ့သည်။ [6]

မြန်မာနိုင်ငံတဝှမ်း စစ်ဘေးသင့်သူများအတွက် ပုပ်ရဟန်းမင်းကြီး ဆုတောင်း

နိုဝင်ဘာလ ၅ ရက်နေ့ ရောမမြို့ ဗာတီကန် စိန့်ပီတာရင်ပြင်၌ ပြုလုပ်ခဲ့သည့် ဝတ်ပြုဆုတောင်းပွဲတွင် ပုပ်ရဟန်းမင်းကြီး လီယိုက မြန်မာနိုင်ငံရှိ စစ်ဘေးသင့်ပြည်သူများအတွက် လိုအပ်သည့်အကူအညီများကို ပေးကြရန် နိုင်ငံတကာကို တိုက်တွန်းတောင်းဆိုခဲ့သည်။

ထို့အပြင် လက်နက်ကိုင်ပဋိပက္ခများ၊ အတင်းအကျပ် နေရာရွှေ့ပြောင်းခံရခြင်းနှင့် အခြေခံအရင်းအမြစ်များ ချို့တဲ့ခြင်းတို့ကြောင့် ဒုက္ခခံစားနေကြသည့် မြန်မာပြည်သူများအတွက် စိုးရိမ်ပူပန်ကြောင်းလည်း ပုပ်ရဟန်းမင်းကြီးလီယိုက မိန့်ဆိုခဲ့သည်။

ပုပ်ရဟန်းမင်းကြီး လီယိုသည် အောက်တိုဘာလ ၁၉ ရက်ကပြုလုပ်ခဲ့သည့် ဝတ်ပြုဆုတောင်းပွဲတွင်လည်း မြန်မာ့စစ်တပ်နှင့် တော်လှန်ရေးတပ်တို့အကြား အပစ်အခတ်ရပ်စဲကြရန် တောင်းဆိုခဲ့သည်။ [7]

အိန္တိယအစိုးရမှ နယ်စပ်ခြံစည်းရိုးခတ်ရန် လုပ်ဆောင်လာ

အိန္ဒိယ–မြန်မာ နယ်စပ်ဖြစ်သော စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နယ်စပ်ကျောက်တိုင်တွင် အိန္ဒိယအစိုးရမှ နိုဝင်ဘာ ၁၀ ရက်နေ့နောက်ပိုင်း  ခြံစည်းရိုးခတ်ရန် စတင်လုပ်ဆောင်နေကြောင်း သိရသည်။

အဆိုပါ ခြံစည်းရိုးခတ်ခြင်းသည် နှစ်နိုင်ငံနယ်စပ်တလျောက် လက်နက်ကိုင်ပဋိပက္ခနှင့် နယ်မြေအငြင်းပွားမှုပြဿနာများအပြင် NSCN-K အဖွဲ့နှင့် အိန္ဒိယဘက်ခြမ်းရှိ ကသည်းလက်နက်ကိုင်အဖွဲ့များ နယ်စပ်ဖြတ်ကျော်လှုပ်ရှားမှုများလာခြင်းကြောင့်ဖြစ်ကြောင်း သုံးသပ်မှုများရှိသည်။ ထို့အပြင် NSCN-K သည် အရှ့နာဂ (နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ) နှင့် အနောက်နာဂ (Nagaland) ကို ပေါင်းစည်းရန် ကြိုးပမ်းနေမှုများကြောင့်လည်း ဖြစ်နိုင်သည်ဟု သုံးသပ်ထားသည်။

NSCN- K အဖွဲ့က အောက်တိုဘာ ၁၅ ရက်တွင် နယ်စပ်ဖြတ်ကျော်ပြီး အိန္ဒိယနိုင်ငံ အာရူးလ်နာ ချလ်ပြည်နယ် (Arunachal Pradesh) ထဲရှိ အိန္ဒိယစစ်တပ် တိုက်ခိုက်ရေးအဖွဲ့ဖြစ်သော Assam Rifles စခန်းကို ဒရုန်းဖြင့် တိုက်ခိုက်မှုလုပ်ခဲ့ပြီး အိန္ဒိယစစ်တပ်ဘက်မှလည်း အောက်တိုဘာ ၂၀ ရက်တွင် နာဂဒေသ လဟယ်မြို့နယ်ရှိ NSCN-K အဖွဲ့မှ ဗိုလ်ချုပ်ပီးအောင်၏နေအိမ်ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ နှစ်နိုင်ငံနယ်စပ်တလျောက် အဆိုပါပြဿနာများ ဆက်တိုက်ဖြစ်လာပြီးနောက် အိန္တိယအစိုးရမှ နယ်စပ်ခြံစည်းရိုးခတ်ရန် လုပ်ဆောင်လာခြင်းဖြစ်သည်။ [8]

ငွေလိမ်ဂိုဏ်းတိုက်ဖျက်ရေးအထူးအဖွဲ့ အမေရိကန်အစိုးရဖွဲ့စည်း

မြန်မာအပါအဝင် အရှေ့တောင်အာရှတွင် အွန်လိုင်းငွေလိမ်လည်သည့် ကျားဖြန့်လုပ်ငန်းများ တိုက်ဖျက်ရန်အတွက် ငွေလိမ်ဂိုဏ်းတိုက်ဖျက်ရေးအထူးအဖွဲ့ (Scam Center Strike Force) အဖွဲ့ကို အမေရိကန်အစိုးရမှ နိုဝင်ဘာ ၁၂ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။

ထိုအထူးတပ်ဖွဲ့သည် မြန်မာနိုင်ငံအတွင်းရှိ အွန်လိုင်းငွေလိမ်လည်သည့် စခန်း (၂) ခုကို စစ်ဆင်ရေးလုပ်ဆောင်ခဲ့ပြီး ထိုင်းတော်ဝင်ရဲတပ်ဖွဲ့နှင့်ပူးပေါင်းကာ မြန်မာနိုင်ငံ KK Park ရှိ ကျားဖြန့်စခန်းများကိုလည်း တိုက်ဖျက်ရန်လုပ်ဆောင်လျက်ရှိသည်။ အထူးတပ်ဖွဲ့၏ ခရစ်ပတိုငွေကြေးသိမ်းဆည်းရေးအဖွဲ့သည် လိမ်လည်မှုများမှ ရရှိထားသည့် ဒစ်ဂျစ်တယ်ငွေကြေး အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော် သိမ်းဆည်းရမိထားပြီး နစ်နာသူတွေထံ ပြန်ပေးမယ်မည်ဖြစ်ပြီး နောက်ထပ်ခိုးယူခံထားရသော ရန်ပုံငွေ ဒေါ်လာ သန်း ၈၀ ကိုလည်း သိမ်းဆည်းနိုင်ရန် စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ [9]

အဆိုပါ လိမ်လည်မှုများကြောင့် အမေရိကန်ပြည်သူများသည် တစ်နှစ်လျှင် ဒေါ်လာ ဘီလီယံ ၁၀ လောက် နစ်နာဆုံးရှုံးနေရကြောင်း ခန့်မှန်းထားသည်။ ထိုစစ်ဆင်ရေး၏  တစိတ်တပိုင်းအနေဖြင့် မြန်မာနိုင်ငံမှ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) ခေါင်းဆောင် ၄ ယောက်အပါအဝင် ထိုင်းအခြေစိုက် Trans Asia နှင့် Troth Star ကုမ္ပဏီပိုင် ထိုင်းနိုင်ငံသားတယောက်ကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနမှ နိုဝင်ဘာ ၁၂ ရက်နေ့တွင် ဒဏ်ခတ်အရေးယူကြောင်း ထုတ်ပြန်ခဲ့သည်။

ကျားဖြန့်လုပ်ငန်းနှင့်ပတ်သက်သည့် အွန်လိုင်းလိမ်လည်မှုစင်တာများသည် ကရင်ပြည်နယ်၊ မြဝတီမြို့နားတွင်ရှိသော KK Park ၊ တိုင်ချန် (Tai Chang) နှင့် Huanya ခြံဝင်းများတွင် အခြေစိုက်ပြီး တချို့နေရာများကို DKBA မှ လုံခြုံရေးပေးထားကြောင်း အမေရိကန်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထိုစင်တာများတွင် လုပ်ကိုင်နေသူအများစုသည် လူကုန်ကူးခံရသူများဖြစ်ပြီး နှိပ်စက်ညှဉ်းပန်းမှုခံရသည့်သူများရှိကြောင်း ပြန်လည်လွတ်မြောက်လာသူများထံမှ သိရသည်။

Tai Chang ခြံဝင်းကို DKBA မှ ဗိုလ်မှူးချုပ် စိုင်းကျော်လှနှင့် ထိုင်းနိုင်ငံ မဲဆောက်အခြေစိုက် Trans Asia ကုမ္ပဏီဒါရိုက်တာ Yu Jianjun ဟု လူသိများသော ထိုင်းနိုင်ငံသား Chamu Sawang တို့မှ တည်ထောင်ခဲ့ပြီး နောက်ကွယ်တွင် တရုတ်ရာဇဝတ်ဂိုဏ်းများနှင့် ဆက်စပ်မှုရှိခြင်းကြောင့် အရေးယူဒဏ်ခတ်ခဲ့ခြင်းဖြစ်သည်။ [10] ထိုသို့ အမေရိကန်အစိုးရက ကျားဖြန့်အရေးကိုင်တွယ်လာပြီးနောက် စစ်အုပ်စုလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF) က မြဝတီမြို့၊ ရွှေကုက္ကိုလ်မြို့သစ်ရှိ ကျားဖြန့်ငွေလိမ်လုပ်ငန်းများကို စစ်အုပ်စု၏ အမိန့်ပေးမှုဖြင့် BGF မှ ဝင်ရောက်စီးနင်းပြီးနိုဝင်ဘာ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ နိုင်ငံ (၂၂) နိုင်ငံမှ နိုင်ငံခြားသား စုစုပေါင်း (၉၀၀) ကျော် ဖမ်းမိကာ အများစုသည် တရုတ်နိုင်ငံသားများဖြစ်ကြောင်း BGF မှ ပြောဆိုထားပါသည်။ [11]

အမေရိကန်မူဝါဒအပြောင်းအလဲများနှင့် ပိတ်ဆို့အရေးယူမှုများ

နိုဝင်ဘာလ ၁၉ ရက်နေ့က အမေရိကန်အောက်လွှတ်တော်တွင် ပြုလုပ်ခဲ့သည့် မြန်မာ့အရေး ကြားနာပွဲတစ်ခုတွင် အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာ့အရေးကို လက်ရှိအာဆီယံကိုင်စွဲထားသည့် လမ်းကြောင်းထက် ပိုမိုထိရောက်သည့် မဟာဗျူဟာသစ်ဖြင့် ချဉ်းကပ်ရန် သဘောတူခဲ့ကြသည်။ အဆိုပါကြားနာပွဲသည် စစ်အာဏာသိမ်းလေးနှစ်ကျော်ကာလအတွင်း အကြီးဆုံးလွှတ်တော်ကြားနာပွဲဖြစ်ပြီး မြန်မာ့တော်လှန်ရေးအတွက် ရလဒ်ကောင်းများ ရရှိလာနိုင်ခြေရှိကြောင်း မြန်မာ့အရေးဆောင်ရွက်သူများက မျှော်လင့်ထားကြသည်။ ထို့အပြင် အာဏာသိမ်းစစ်ကောင်စီကို ငွေကြေးထောက်ပံ့မှုအသစ်များ ဖြတ်တောက်ရန်နှင့် ဘဏ္ဍာရေးကတိကဝတ်သစ်များ ဆိုင်းငံ့ရန် ရည်ရွယ်သည့် ‘No New Burma Funds Act’ ဥပဒေကြမ်းကိုလည်း အမေရိကန်အောက်လွှတ်တော်က ဒီဇင်ဘာလ ၁ ရက်နေ့တွင် တညီတညွတ်တည်း အတည်ပြုခဲ့သည်။ အဆိုပါမူကြမ်းကို ဂျော်ဂျီယာအမတ် နီကီမာဝီလီယမ်နှင့် ကယ်လီဖိုးနီးယားအမတ် ယောင်းကင်မ် ဦးဆောင်တင်သွင်းခဲ့ပြီး အထက်လွှတ်တော်ထောက်ခံပါက သမ္မတထရမ့် လက်မှတ်ထိုးရန်သာ ကျန်တော့မည်ဖြစ်သည်။ [12]

အမေရိကန်အစိုးရသည် မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၉ နိုင်ငံမှ ပြောင်းရွှေ့အခြေချသူများကို ထုတ်ပေးထားသည့် ဂရင်းကတ် (Green Card) များကို ပြန်လည်စိစစ်သွားမည်ဖြစ်ကြောင်း နိုဝင်ဘာ ၂၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ နိုင်ဝင်ဘာလ ၂၆ ရက်နေ့က မြို့တော်ဝါရှင်တန်ဒီစီတွင် အာဖဂန်နိုင်ငံသားတစ်ဦးက အမျိုးသားအစောင့်တပ်ဖွဲ့ဝင်နှစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်သည့်ဖြစ်စဉ်အပြီး အဆိုပါဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ [13]

ဒေသတွင်းနှင့် သံတမန်ရေးလှုပ်ရှားမှုများ

အင်ဒိုနီးရှားနိုင်ငံက နိုဝင်ဘာ ၂၅ မှ ၃၀ ရက်အထိ ဂျာကာတာမြို့တွင် မြန်မာတော်လှန်ရေးအင်အားစုများနှင့် အာဏာသိမ်းစစ်အုပ်စုဘက်ကို သီးခြားစီဖိတ်ကာ နိုင်ငံတော်တည်ဆောက်ရေး အတွေ့အကြုံမျှဝေရေး အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။ တော်လှန်ရေးဘက်မှ NUG၊ NUCC၊ CRPH၊ KNU၊ CNF၊ RCSS၊ SSPP၊ PNLO စသည့် အဖွဲ့အစည်းများက ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး စစ်တပ်ဘက်နှင့် တွေ့ဆုံမှု လုံးဝ မရှိကြောင်း NUCC ကောင်စီဝင်တစ်ဦးက အတည်ပြုပြောဆိုခဲ့သည်။ [14]

ထိုင်းနိုင်ငံခြားရေးဝန်ကြီး စီဟာဆတ် ဖူအန့်ကတ်ကူးကတော့ စစ်အုပ်စု၏ ရွေးကောက်ပွဲမှာ လွတ်လပ်၍ ယုံကြည်ထိုက်သော ရွေးကောက်ပွဲမဖြစ်နိုင်ကြောင်း ထုတ်ဖော်ပြောဆိုကာ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဒီမိုကရေစီခေါင်းဆောင် အသက် ၈၀ အရွယ် ဒေါ်အောင်ဆန်းစုကြည်အား လူသားချင်းစာနာသောအားဖြင့် ချက်ချင်းလွတ်ပေးရန် တောင်းဆိုလိုက်သည်။ ထို့အပြင် ဒေသတွင်း အာဆီယံအဖွဲ့အနေဖြင့် ယခုရွေးကောက်ပွဲအလွန်၌ပင် မြန်မာနှင့် ပြည်လည်ထိတွေ့ဆက်ဆံရေး ခက်ခဲနေဦးမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက မှတ်ချက်ပေးခဲ့သည်။ [15]

ရန်ကုန်ရှိ ဖင်လန်သံရုံးကို လာမည့် ၂၀၂၆ခု နှစ်တွင် ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း ဖင်လန်နိုင်ငံခြားရေးဝန်ကြီးဌာနက နိုင်ဝင်ဘာလ ၂၈ ရက်တွင် ကြေညာခဲ့သည်။ ဖင်လန်အနေဖြင့် ရန်ကုန်သံရုံးအပြင် ပါကစ္စတန်နိုင်ငံ အစ္စလာမာဘတ်နှင့် အာဖဂန်နစ္စတန်နိုင်ငံ ကာဘူးလ်မြို့ရှိ သံရုံးများကိုလည်း အတူပိတ်သိမ်းမည်ဖြစ်သည်။ အဆိုပါပိတ်သိမ်းမှုများမှာ ပြည်ပမစ်ရှင်ကွန်ရက်ကို ပြင်ဆင်ဖွဲ့စည်းခြင်း၊ မဟာဗျူဟာအရ အရေးပါသော နိုင်ငံများတွင် အရင်းအမြစ်များစုစည်းရန်နှင့် နိုင်ငံရေးအခြေအနေပြောင်းလဲမှု၊ ကုန်သွယ်ရေး အကန့်အသတ်များကြောင့်ဖြစ်ကြောင်း သိရသည်။ [16]

[1] စစ်ကောင်စီရွေးကောက်ပွဲကို နယူးဇီလန်အစိုးရ လက်မခံကြောင်း ထုတ်ပြန်ဖို့ လွှတ်တော်ဆုံးဖြတ်၊ People’s Spring ၅ နိုဝင်ဘာ ၂၀၂၅
[2] အာဏာသိမ်းစစ်တပ်၏ ရွေးကောက်ပွဲကို အသိအမှတ်မပြုဟု ပြင်သစ် ကြေညာ၊ DVB ၁၀ နိုဝင်ဘာ ၂၀၂၅
[3] ဗုံးကြဲပြီး ကျင်းပမည့် ရွေးကောက်ပွဲ လွတ်လပ်၊ တရားမျှမည်မဟုတ်ဟု ကုလပြော၊ DVB ၁၀ နိုဝင်ဘာ ၂၀၂၅
[4] စစ်တပ် ခြယ်လှယ်မယ့် ရွေးကောက်ပွဲကို အသိအမှတ် မပြုဖို့ ထရမ့်အစိုးရကို အမေရိကန် အမတ်တွေ တောင်းဆို၊ လူထုနွေဦး၊ ၂၈ နိုဝင်ဘာ ၂၀၂၅
[5] မြန်မာရွေးကောက်ပွဲကို လက်မခံ ပယ်ချကြောင်း ဥရောပပါလီမန်ဆုံးဖြတ်၊ လူထုနွေဦး၊ ၂၇ နိုဝင်ဘာ ၂၀၂၅
[6] ရွေးကောက်ပွဲ အကြိုကာလအတွင်း ကြီးလေးသော နိုင်ငံတကာရာဇဝတ်မှုများကို စစ်ကောင်စီ ကျူးလွန်နေဟု IIMM ပြော၊ DMG၊ ၂၆ နိုဝင်ဘာ ၂၀၂၅/
[7] မြန်မာ့စစ်ဘေးသင့်ပြည်သူများအတွက် လိုအပ်သည့်အကူအညီများပေးကြရန် နိုင်ငံတကာကို ပုပ်ရဟန်းမင်းကြီး လီယို တောင်းဆို၊ နိရဉ္စရာ ၆ နိုဝင်ဘာ ၂၀၂၅
[8] နာဂဒေသမှာ နှစ်နိုင်ငံ နယ်စပ်ခြံစည်းရိုးခတ်ဖို့ အိန္ဒိယဘက်ကလုပ်ဆောင်လာ၊ KNG ၁၈ နိုဝင်ဘာ ၂၀၂၅
[9] ကျားဖြန့်နှိမ်နင်းရေး အထူးတပ်ဖွဲ့ အမေရိကန်ဖွဲ့စည်း၊ DVB ၁၄ နိုဝင်ဘာ ၂၀၂၅
[10] ကျားဖြန့်ကိစ္စကြောင့် DKBA  ၄ ဦးနှင့် ထိုင်းနိုင်ငံသား ၁ ဦးကို အမေရိကန်က ပိတ်ဆို့ဒဏ်ခတ်၊ DVB ၁၃ နိုဝင်ဘာ ၂၀၂၅
[11] ရွှေကုက္ကိုမြို့သစ်စီးနင်းမှု သုံးရက်အတွင်း ၂၂နိုင်ငံကနိုင်ငံခြားသား ကိုးရာကျော်ဖမ်းမိ၊ BVJ ၂၁ နိုဝင်ဘာ ၂၀၂၅
[12] စစ်ကောင်စီကို ငွေကြေးထောက်ပံ့မှုဖြတ်တောက်ထားမယ့် ဥပဒေမူကြမ်းကို အမေရိကန်အောက်လွှတ်တော် အတည်ပြု၊ လူထုနွေဦး၊ ၂ ဒီဇင်ဘာ ၂၀၂၅
[13] မြန်မာအပါအဝင် ၁၉ နိုင်ငံမှ ဂရင်းကတ် ကိုင်ဆောင်သူများကို ပြန်စိစစ်မည်၊ DVB၊ ၂၈ နိုဝင်ဘာ ၂၀၂၅
[14] မြန်မာရွေးကောက်ပွဲက လွတ်လပ်ပြီး ယုံကြည်ထိုက်မှုမရှိဟု ထိုင်းပြော၊ မဇ္ဈိမ၊ ၂၆ နိုဝင်ဘာ ၂၀၂၅
[15] အင်ဒိုနီးရှားက မြန်မာတော်လှန်ရေးအင်အားစုများနှင့် စစ်ကော်မရှင်တပ်ကို သီးခြားဖိတ်၍ အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်၊ မဇ္ဈိမ၊ ၃ ဒီဇင်ဘာ ၂၀၂၅
[16] ရန်ကုန်ရှိ ဖင်လန်နိုင်ငံ သံရုံး ပိတ်သိမ်းမည်၊ DVB၊ ၃၀ နိုဝင်ဘာ ၂၀၂၅