နိုင်ငံတကာသတင်းမြင်ကွင်း

By MPM 10 နိုဝင်ဘာ, 2025 👁

မြန်မာ့မြေပေါ်မှ တရုတ်စစ်တပ်ကိစ္စ အိန္ဒိယ စိတ်ပူ

မြန်မာနိုင်ငံ ကိုကိုးကျွန်းပေါ်တွင် တရုတ်အစိုးရ၏ စစ်ရေးအရ အခြေစိုက်ခြင်း ရှိ၊ မရှိကို အိန္ဒိယအစိုးရက စစ်ကောင်စီအား မေးမြန်းခဲ့ပြီး အိန္ဒိယလေ့လာရေးအဖွဲ့တစ်ဖွဲ့ အဆိုပါကျွန်းသို့ သွားရောက်စုံစမ်းရန် တောင်းဆိုခဲ့သည်။ ထိုသို့မေးမြန်းမှုအပေါ် ကိုကိုးကျွန်းတွင် တရုတ်တပ်များ ဖြန့်ကျက်ထားခြင်း လုံးဝမရှိကြောင်း အာဏာသိမ်းစစ်ကောင်စီမှ ပြန်လည်ပြောကြားခဲ့ပြီး အိန္ဒိယလေ့လာရေးအဖွဲ့၏ တောင်းဆိုချက်ကိုမူ လက်ခံခဲ့ခြင်းမရှိပေ။

ကိုကိုးကျွန်းတွင် တရုတ်အစိုးရ၏ စစ်တပ် ရှိ၊ မရှိကို အိန္ဒိယအနေဖြင့် အတည်ပြုနိုင်ခြင်းမရှိသော်လည်း ဂြိုဟ်တုမှတ်တမ်းများအရ ထိုကျွန်းပေါ်တွင် လွန်ခဲ့သည်နှစ်ပိုင်းအတွင်း အခြေခံအဆောက်အအုံ ပရောဂျက်များ သိသာစွာ ချဲ့ထွင်လာကြောင်း မှတ်ချက်ပေးထားသည်။ အိန္ဒိယ၏ အဓိကစိုးရိမ်ချက်သည် ကိုကိုးကျွန်းတွင် တရုတ်ရေဒါစနစ် တပ်ဆင်အခြေစိုက်ခဲ့ပါက ဒေသတွင်း အိန္ဒိယရေတပ်လှုပ်ရှားမှုများနှင့်  ဒုံးကျည်စမ်းသပ်မှုများကို ခြေရာခံထောက်လှမ်းနိုင်စွမ်းရှိမည်ကို စိုးရိမ်နေခြင်းဖြစ်သည်။ [1]

အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံဆက်သွယ်သည့် အဝေးပြေးလမ်းမကြီးဖောက်လုပ်မှုကို လာမည့်နှစ်အနည်းငယ်အတွင်း ပြီးစီးအောင်လုပ်ဆောင်ရန် မျှော်လင့်ထားကြောင်း အိန္ဒိယအရှေ့မြောက်ပိုင်းဒေသများ ဖွံ့ဖြိုးရေးဝန်ကြီးဌာန (DoNER) ၏ ဝန်ကြီးချန်ချဲလ်ကူးမားက ပြောကြားခဲ့သည်။ အဆိုပါ အိန္ဒိယ-မြန်မာ-ထိုင်း (IMT) အဝေးပြေးလမ်းမအပေါ် အိန္ဒိယအစိုးရက မျှော်လင့်ချက်များစွာထားရှိသော်လည်း မြန်မာ့နိုင်ငံရေး အကျပ်အတည်းများကြောင့် လက်တွေ့အကောင်အထည်ဖော်မှု နှောင့်နှေးခဲ့ခြင်းဖြစ်သည်။ IMT အဝေးပြေးလမ်းသည် အရှည်ဟာ ၁၃၆၀ ကီလိုမီတာရှိမည်ဖြစ်ပြီး မဏိပူရပြည်နယ် မိုရားမြို့မှတဆင့် မြန်မာနိုင်ငံကိုဖြတ်ပြီး ထိုင်းနိုင်ငံ မဲဆောက်မြို့အထိ ဆက်သွယ်ပေးမည်ဖြစ်သည်။ [2]

အာဆီယံနှင့် နိုင်ငံတကာပါလီမန်အတွင်း စစ်အုပ်စု၏ ရွေးကောက်ပွဲကိစ္စ လွှမ်းမိုး

၅၈ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးဆုံးဖြတ်ချက်အရ မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်သည် နေပြည်တော်သို့ အောက်တိုဘာ ၉ ရက်နေ့တွင် သွားရောက်ခဲ့ပြီး အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည်။ ထိုတွေ့ဆုံမှုတွင် အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်ထဲမှ အကြမ်းဖက်မှုများရပ်တန့်ရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများတိုးမြှင့်ပေးရေး၊ မြန်မာ့အရေး ပါဝင်ပတ်သက်သူများအားလုံး တွေ့ဆုံဆွေးနွေးရေးတို့ကို ပြောဆိုခဲ့ကြောင်း သိရသည်။ [3] 

ထို့အပြင် ဒီဇင်ဘာလတွင် စစ်အာဏာရှင်ကျင်းပမည့် မြန်မာရွေးကောက်ပွဲအကြောင်းကိုလည်း ဆွေးနွေးခဲ့ကြသော်လည်း မြန်မာနိုင်ငံသို့ ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့ စေလွှတ်ခြင်းနှင့်ပါတ်သက်ပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများညီလာခံတွင် ထပ်မံဆွေးနွေးရမည်ဖြစ်ပြီး အာဆီယံနိုင်ငံများအကြား သဘောတူညီမှုရမည့်အခြေအနေမရှိကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်က မှတ်ချက်ပေးခဲ့သည်။ [4]

ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ကျင်းပသည့် (၁၅၁) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) ညီလာခံကို တက်ရောက်သည့် အာဆီယံလွှတ်တော်အမတ်များက မြန်မာစစ်အုပ်စုကကျင်းပမည့် ရွေးကောက်ပွဲကို နိုင်ငံတကာအသိုင်းအဝိုင်းမှ အသိအမှတ်မပြုကြရန် တိုက်တွန်းတောင်းဆိုခဲ့ကြသည်။

မြန်မာစစ်အုပ်စုပြုလုပ်မည့် ရွေးကောက်ပွဲသည် အတုအယောင်ဖြစ်ပြီး မြန်မာပြည်သူအားလုံးအတွက် လွတ်လပ်ပြီး တရားမျှတမှုမရှိနိုင်ကြောင်း အာဆီယံလွှတ်တော်လူ့အခွင့်အရေးကော်မတီ ဥက္ကဋ္ဌဖြစ်သူ မာစီခရစ္စတီဘာရန်းက ပြောကြားခဲ့သည်။

ထို့အပြင် မလေးရှားလွှတ်တော်အမတ် ဝမ်ချန်းကလည်း မြန်မာနိုင်ငံသို့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူများ မစေလွှတ်ကြရန် မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနကို တောင်းဆိုသွားမည်ဖြစ်ကြောင်းလည်း ပြောဆိုခဲ့သည်။ [5]

နိုင်ငံတကာပါလီမန်များအဖွဲ့ IPU သည် ကမ္ဘာ့နိုင်ငံပေါင်း (၁၈၀) ကျော်မှ နိုင်ငံတော်အဆင့်လွှတ်တော်များဖြင့် ဖွဲ့စည်းထားပြီး မြန်မာစစ်တပ် အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို အဓိက ဆွေးနွေးဖက်အဖြစ် အသိအမှတ်ပြုခဲ့သည်။

ဘုံတိုရွာ လေကြောင်းတိုက်ခိုက်ခံရမှု ကုလရှုတ်ချ

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ဘုံတိုရွာအပေါ် အာဏာသိမ်းစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအပေါ် ကမ္ဘာ့ကုလသမဂ္ဂက ပြစ်တင်ရှုတ်ချခဲ့သည်။ မြန်မာစစ်အုပ်စု၏ အရပ်သားများအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုများကို အဆိုပါလေကြောင်းတိုက်ခိုက်မှုမှတဆင့် ထပ်မံအတည်ပြုနိုင်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ပြောခွင့်ရပုဂ္ဂိုလ် စတီဖင်ဒူဂျာရစ်က ဆိုပါသည်။ [6]

မြန်မာနိုင်ငံတဝှမ်း ပဋိပက္ခဖြစ်စဉ်များအတွင်း ပါဝင်နေသူများအနေဖြင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေနှင့် နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေများကို လေးစားလိုက်နာရန်လိုအပ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထို့အပြင် ဥရောပသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် ကက်ဂျ်ဆာအိုလွန်ဂရန်ကလည်း စစ်ကောင်စီမှ ကျင်းပမည့် ရွေးကောက်ပွဲသည် ယုံကြည်စရာမရှိသည့် ရွေးကောက်ပွဲဖြစ်ကြောင်းနှင့် ဥရောပသမဂ္ဂ (EU) အနေဖြင့် လေ့လာစောင့်ကြည့်ရေးအဖွဲ့များ စေလွှတ်မည်မဟုတ်ကြောင်း မှတ်ချက်ပေးခဲ့သည်။ [7] အာဆီယံနိုင်ငံများအပါအဝင် အိမ်နီးချင်းနိုင်ငံအားလုံး မြန်မာ့အရေးအတွက် လမ်းကြောင်းပြောင်းလဲလာစေရေး တွန်းအားပေးကြရန် ထပ်မံတိုက်တွန်းထားသည်။ [8]

[1] ကိုကိုးကျွန်းမှာတရုတ်တပ်တွေဖြန့်ကျက်ထားတာ မရှိဘူးလို့ အိန္ဒိယကို စစ်ကောင်စီ အာမခံထား၊ People Spring 12 Oct 2025
[2] India hopeful end is near for trilateral highway build, Bangkok Post 15 Oct 2025
[3]မလေးရှားနိုင်ငံခြားရေးဝန်ကြီး စစ်ခေါင်းဆောင်နှင့် တွေ့ဆုံစဉ် အကြမ်းဖက်မှုများရပ်တန့်ရေး ဆွေးနွေး၊ Myanmar Now ၁၀ အောက်တိုဘာ ၂၀၂၅
[4] အာဆီယံက စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာရေးအဖွဲ့တွေစေလွှတ်ဖွယ်မရှိဘူးလို့ မလေးရှားပြော၊ People Spring ၊ ၁၅ အောက်တိုဘာ ၂၀၂၅
[5] စစ်ကောင်စီရွေးကောက်ပွဲကို အသိအမှတ်မပြုကြဖို့ အာဆီယံလွှတ်တော်အမတ်တွေ တောင်းဆို၊ People’s Spring ၊ ၂၂ အောက်တိုဘာ ၂၀၂၅
[6] ၁၀ ။ ချောင်းဦး၊ဘုံတိုရွာတိုက်ခိုက်ခံရမှု ကုလသမဂ္ဂကန့်ကွက်ရှုတ်ချ၊ Burma VJ ၉ အောက်တိုဘာ ၂၀၂၅
[7] စစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုအယုံအကြည်မရှိဘူးလို့ ဥရောပသမဂ္ဂ ကိုယ်စားလှယ်ပြော၊ People’s Spring ၁၇ အောက်တိုဘာ ၂၀၂၅
[8] မြန်မာနိုင်ငံ အပြောင်းအလဲ ဖြစ်လာစေရေး အာဆီယံ တွန်းအားပေးဖို့ အီးယူ တိုက်တွန်း၊ Thanlwintimes ၁၈ အောက်တိုဘာ ၂၀၂၅