နိုင်ငံတကာသတင်းမြင်ကွင်း

By MPM 25 အောက်တိုဘာ, 2025 👁

အမေရိကန်၏ ပိတ်ဆို့မှုအသစ်နှင့် လူသားချင်းစာနာမှုဆိုင်ရာ မူဝါဒအပြောင်းအလဲ

အမေရိကန်ပြည်ထောင်စုသည် မြောက်ကိုရီးယား၏ ဖျက်အားပြင်းလက်နက် (WMD) နှင့် ပဲ့ထိန်းဒုံးကျည်အစီအစဉ်အတွက် ဝင်ငွေရှာဖွေပေးခြင်း၊ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် အရပ်ဘက်အခြေခံ အဆောက်အအုံများကို အကြမ်းဖက်တိုက်ခိုက်ခဲ့သော မြန်မာစစ်အုပ်စုအတွက် ပစ္စည်းများဝယ်ယူရာတွင် ပါဝင်ပတ်သက်မှုဖြင့် မြန်မာအခြေစိုက် Royal Shune Lei ကုမ္ပဏီလီမိတက်အပါအဝင် ပစ်မှတ် (၆) ခုကို ဒဏ်ခတ်ပိတ်ဆို့ခဲ့သည်။ အဆိုပါပိတ်ဆို့မှုများသည် တရားမဝင်ကွန်ရက်များကို ဖြိုခွင်းရန်၊ မြောက်ကိုရီးယား၏ လက်နက်ရန်ပုံငွေများကို ဖြတ်တောက်ရန် ရည်ရွယ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ထားသည်။ [1] 

တဖက်တွင်တော့ အမေရိကန်၏ အထူးကိုယ်စားလှယ်ချားလ်စ်ဟတ်ဒါက ရိုဟင်ဂျာလူမျိုးများနှင့် လူနည်းစုတိုင်းရင်းသားများအပါအဝင် မြန်မာပြည်သူများအတွက် အကူအညီပေးရေးသည် အမေရိကန်တစ်နိုင်ငံတည်း၏ ဝတ္တရားမဟုတ်တော့ဘဲ အခြားနိုင်ငံများနှင့် ဒေသတွင်းအစုအဖွဲ့များ စုပေါင်း၍ ဝန်ထုပ်ဝန်ပိုးကို မျှဝေထမ်းဆောင်ရန် တောင်းဆိုခဲ့သည်။ ရိုဟင်ဂျာကိစ္စ၏ ရှုပ်ထွေးမှုနှင့် ကြီးမားမှုကြောင့် နိုင်ငံတစ်ခုတည်းက ဖြေရှင်း၍မရနိုင်ကြောင်း အထူးကိုယ်စားလှယ်က စက်တင်ဘာ ၃၀ ရက်နေ့ ကုလသမဂ္ဂ အထွေထွေညီလာခံ ဆွေးနွေးပွဲတွင် အလေးထားထောက်ပြခဲ့သည်။ [2]

အဆိုပါ မူဝါဒအပြောင်းအလဲအရ အမေရိကန်အစိုးရသည် ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်များအတွက် ကန်ဒေါ်လာသန်း ၆၀ ကျော်ကူညီရန် လျာထားသော်လည်း ဘင်္ဂလားဒေ့ရှ်အနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရန်နှင့် အကူအညီပေးရေးအဖွဲ့များက ကုန်ကျစရိတ်ထိရောက်မှု တိုးမြှင့်ရေးအတွက် သိသာထင်ရှားသည့် မူဝါဒအပြောင်းအလဲများပြုလုပ်ရန် ရှင်းလင်းစွာ အသိပေးခဲ့သည်။

ကုလထုတ်ပြန်ချက်ထဲက စိုးရိမ်ဖွယ်ရာ မြန်မာပြည်သူများအခြေအနေ

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏ စက်တင်ဘာ ၂၃ ရက်နေ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားသော ပဋိပက္ခများကြောင့် လူဦးရေ ၃ ဒဿမ ၆ သန်းခန့် နေရပ်စွန့်ခွာကာ လူသားချင်းစာနာမှုအကူအညီများ လိုအပ်လျှက်ရှိသည်။ [3]

UNOCHA သည် ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်အတွင်း ကဏ္ဍပေါင်းစုံရှိ ၃ ဒဿမ ၅ သန်းထက်မနည်း အရေးပေါ်အကူအညီများ ပေးအပ်နိုင်ခဲ့သည်။ သို့သော်လည်း မြန်မာနိုင်ငံ၏ အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် အကူအညီပေးရေးအတွက် ကြီးမားသောကန့်သတ်ချက်များနှင့် ရင်ဆိုင်နေရသည်။

တဖက်တွင် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) က အောက်တိုဘာ ၂ ရက်နေ့တွင် ထုတ်ပြန်သည့် အစီရင်ခံစာအရ မြန်မာ့လူဦးရေ၏ သုံးပုံတစ်ပုံကျော်ဖြစ်သည့် လူငယ်များသည် နိုင်ငံရေးမတည်ငြိမ်မှု၊ စီးပွားရေးကျုံ့ဝင်မှုနှင့် လူမှုအသိုက်အဝန်းပျက်ယွင်းမှုများကြောင့် ပညာသင်ယူရေးနှင့် အလုပ်အကိုင်ရရှိရေးလမ်းကြောင်းများ ပျက်စီးကာ “အနာဂတ်ရပ်တန့်ခံ” အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း ဖော်ပြခဲ့သည်။ [4]

UNDP ဒေသဆိုင်ရာညွှန်ကြားရေးမှူး Kanni Wignaraja က ဤအခြေအနေသည် စီးပွားရေးစိန်ခေါ်မှုတစ်ခုတည်းမဟုတ်ဘဲ မျိုးဆက်ဆိုင်ရာ သတိပေးခေါင်းလောင်းသံဖြစ်ကြောင်း၊ အထူးသဖြင့် အမျိုးသမီးငယ်များအပါအဝင် ဘွဲ့ရလူငယ်များပင် အလုပ်အကိုင်ရှာဖွေရန် ရုန်းကန်နေရကြောင်း ပြောဆိုထားသည်။

ဘုံသဘောထား ၅ ရပ်ကို ဖက်တွယ်ထားဆဲ အာဆီယံ

လက်ရှိ အာဆီယံဥက္ကဋ္ဌ တာဝန်ယူထားသည့် မလေးရှားနိုင်ငံသည် ၎င်း၏ နိုင်ငံခြားရေးဝန်ကြီး ဒါတွတ်ဆီရီမိုဟာမက်ဟာဆန်မှတဆင့် မြန်မာနိုင်ငံအနေဖြင့် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် မည်သည့်ရွေးကောက်ပွဲကိုမျှ မကျင်းပမီ အာဆီယံဘုံသဘောတူညီချက် (၅) ရပ်ကို အပြည့်အဝ အကောင်အထည်ဖော်ရန် ဆက်လက်တိုက်တွန်းသွားမည်ဟု စက်တင်ဘာ ၂၆ ရက်နေ့တွင် အတိအလင်း ပြောကြားခဲ့သည်။ [5]

အောက်တိုဘာ ၄ ရက်နေ့တွင် ကျင်းပသည့် ကုလသမဂ္ဂအထွေထွေညီလာခံတွင်လည်း ဝန်ကြီး မိုဟာမက်ဟာဆန်က မြန်မာ့ပဋိပက္ခကို ရပ်စဲရန် ကြီးမားသော ကြိုးပမ်းအားထုတ်မှုများ လိုအပ်ကြောင်း ထပ်လောင်းပြောဆိုခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံတွင် အပစ်အခတ်ရပ်စဲမှုများ ပျက်ပြားခြင်းနှင့် အရပ်သားများအပေါ် အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပေါ်ခြင်းအပေါ် အာဆီယံအနေဖြင့် အထူးစိတ်ပျက်မိကြောင်းနှင့် တာဝန်ရှိသူများအနေဖြင့် မြန်မာနိုင်ငံသည် သီးခြားမဟုတ်ဘဲ ဒေသတွင်း၏ အစိတ်အပိုင်းဖြစ်သည်ကို သတိရသင့်ကြောင်း သတိပေးခဲ့သည်။ မြန်မာ့ပဋိပက္ခကို မြန်မာဦးဆောင်သော အဖြေတစ်ခု ရရှိရေးအတွက် ကြိုးပမ်းအားထုတ်ရန်လည်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုခဲ့သည်။ [6]

လူသားချင်းစာနာမှုနှင့် ပထဝီနိုင်ငံရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများ

ထိုင်းအစိုးရသည် မြန်မာနယ်စပ် ဒုက္ခသည်စခန်းများမှ ဒုက္ခသည်များအား စခန်းပြင်ပတွင် အလုပ်လုပ်ကိုင်ခွင့်ပြုသည့် အစီအစဉ်ကို အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်အကောင်အထည်ဖော်ခဲ့သည်။ ဤအစီအစဉ်အရ ဒုက္ခသည်များသည် ထိုင်းနိုင်ငံအတွင်း ခရိုင် (၄၃) ခုတွင် အလုပ်လုပ်ခွင့်ရရှိမည်ဖြစ်ပြီး အလုပ်သမားဥပဒေနှင့်အညီ အပြည့်အဝကာကွယ်စောင့်ရှောက်ရန်နှင့် လူမှုဖူလှုံရေးမြှင့်တင်ပေးရန် ထိုင်းဝန်ကြီးချုပ် အနုထင်းချန်းဝီရကွန်းက ညွှန်ကြားခဲ့သည်။ [7]

အမေရိကန်ပြည်ထောင်စု၊ ဆန်ဖရန်စစ္စကိုမြို့တွင် မြန်မာ့အရေးလှုပ်ရှားသူများသည် တိဗက်၊ ဟောင်ကောင်၊ ဗီယက်နမ် စသည့် နိုင်ငံများမှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့်အတူ တရုတ်အစိုးရ၏ ဝင်ရောက်စွက်ဖက်မှုများကို ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။ နိုင်ငံတကာရောက် မြန်မာများကလည်း ယခုနှစ် ဒီဇင်ဘာလတွင် ကျင်းပမည့် မြန်မာစစ်အုပ်စု၏ ရွေးကောက်ပွဲနှင့် တရုတ်အစိုးရ၏ လုပ်ရပ်များကို ဆန့်ကျင်ကြောင်း တကမ္ဘာလုံးဆိုင်ရာ ဆန္ဒထုတ်ဖော်မှုတစ်ခု ပြုလုပ်ရန် စီစဉ်လျှက်ရှိသည်။ [8]

ရုရှားနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း (ROSATOM) နှင့် မြန်မာစစ်အုပ်စုတို့သည် စက်တင်ဘာ ၂၆ ရက်နေ့တွင် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုရေးနယ်ပယ်၌ ပူးပေါင်းဆောင်ရွက်ရန် သဘောတူလက်မှတ်ရေးထိုးခဲ့သည်။ ဤသဘောတူညီချက်သည် ရုရှားသမ္မတ ဗလာဒီမီယာပူတင်နှင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ တွေ့ဆုံပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်ပြီး နျူကလီးယားအခြေခံအဆောက်အဦများ ဆောက်လုပ်ခြင်းနှင့် လေ့ကျင့်ရေးပေးခြင်းတို့ ပါဝင်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။ [9]

နိုင်ငံတကာအကူအညီ လျော့ကျမှုနှင့် ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာအရေးတုံ့ပြန်မှု

ဘင်္ဂလားဒေ့ရှ် ကြားဖြတ်ခေါင်းဆောင် မိုဟာမက်ယူနွတ်စ်က နိုင်ငံတကာအကူအညီများ လျော့ကျလာခြင်းကြောင့် ရိုဟင်ဂျာဒုက္ခသည်အရေးသည် ဘေးအန္တရာယ်ကျရောက်လုနီးနီးအခြေအနေသို့ ရောက်ရှိနေကြောင်း စက်တင်ဘာ ၂၆ ရက်နေ့ ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ပြည်တွင်းပဋိပက္ခသည် ဒေသတွင်းတည်ငြိမ်ရေးကိုသာမက ၂၀၁၇ ခုနှစ် စစ်တပ်၏ နှိမ်နင်းမှုများကြောင့် ရခိုင်ပြည်နယ်မှထွက်ပြေးကာ ဘင်္ဂလားဒေ့ရှ်တွင် ခိုလှုံနေကြရသော ၁ ဒဿမ ၃ သန်းခန့်ရှိသည့် ရိုဟင်ဂျာများ ဘေးကင်းစွာပြန်လည်နေထိုင်ရေး အလားအလာကိုပါ ခြိမ်းခြောက်နေကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ [10]

အခြားတဖက်တွင် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) နှင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်အများစုကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော် (AA) တို့အကြား ဆက်ဆံရေးတင်းမာလာပြီးနောက် စက်တင်ဘာ ၁၄ ရက်မှစ၍ ရခိုင်ပြည်နယ်သို့ တင်သွင်းသည့် ကုန်စည်များကို ဆက်တိုက်ဖမ်းဆီးမှုများပြုလုပ်ခဲ့ရာ ကုန်စည်ပြတ်လပ်မှုကို ကာလရှည်ခံစားနေရသော ရခိုင်ပြည်သူများအကြား စိုးရိမ်မှုများ ဖြစ်ပေါ်လျက်ရှိသည်။ [11]

[1] မြောက်ကိုရီးယားနှင့် လက်နက်မှောင်ခိုကူးမှုဖြင့် မြန်မာကုမ္ပဏီနှင့် လူ ၅ ဦးကို အမေရိကန်ဒဏ်ခတ် ပိတ်ဆို့၊ မဇ္ဈိမ၊ ၂၆ စက်တင်ဘာ ၂၀၂၅
[2] ရိုဟင်ဂျာ၊လူနည်းစုတိုင်းရင်းသားတွေနဲ့ မြန်မာပြည်သူတွေကို အားလုံး ဝိုင်းကူကြဖို့ အမေရိကန် ကိုယ်စားလှယ်တိုက်တွန်း၊ လူထုနွေဦး၊ ၃ အောက်တိုဘာ ၂၀၂၅
[3] Myanmar – Humanitarian Update No. 49, OCHA, ၂၃ စက်တင်ဘာ ၂၀၂၅
[4] Myanmar’s youth “on hold” as education and employment crisis deepens၊ UNDP၊ ၂ အောက်တိုဘာ ၂၀၂၅
[5] ရွေးကောက်ပွဲ မကျင်းပခင် ဘုံသဘောတူညီချက် ၅ ရပ်အကောင်အထည်ဖော်ရေး မြန်မာကို တွန်းအားပေးသွားမယ်လို့ မလေးရှား ပြော၊ သံလွင်တိုင်းမ်၊၂၇ စက်တင်ဘာ ၂၀၂၅
[6] မလေးရှားနိုင်ငံခြားရေးဝန်ကြီး၏ အကြိမ် ၈၀မြောက် ကုလအထွေထွေညီလာခံ မိန့်ခွန်း၊ UN၊ ၂၇ စက်တင်ဘာ ၂၀၂ ၅
[7] ဒုက္ခသည်စခန်းမှ အလုပ်သမားများအား အလုပ်သမားဥပဒေနှင့်အညီ စောင့်ရှောက်ရန် ထိုင်းဝန်ကြီးချုပ်ပြော၊ DVB၊ ၂ အောက်တိုဘာ ၂၀၂၅
[8] တရုတ်စွက်ဖက်မှုဆန့်ကျင်ရေး အပြည်ပြည်ဆိုင်ရာလှုပ်ရှားမှု၌ မြန်မာများ ပူးပေါင်းပါဝင်၊ DVB၊ ၂ အောက်တိုဘာ ၂၀၂၅
[9] နျူကလီးယားအသုံးပြုရေးပူးပေါင်းလုပ်ဆောင်ရန် ရုရှားနှင့် စစ်ကောင်စီ သဘောတူလက်မှတ်ထိုး၊ DVB၊ ၂၇ စက်တင်ဘာ ၂၀၂၅
[10] Bangladesh calls for urgent action to prevent ‘catastrophic’ Rohingya aid crisis၊ ရိုက်တာ၊ ၂၇ စက်တင်ဘာ ၂၀၂၅
[11] ရခိုင်သို့ သွင်းမည့်ကုန်စည်များကို ဘင်္ဂလားဒေ့ရှ် ဆက်တိုက်ဖမ်းဆီး ၊ DVB၊ ၃ အောက်တိုဘာ ၂၀၂၅