
နိဒါန်း
အာဏာသိမ်းစစ်အုပ်စု ကျင်းပပေးမည့် ရွေးကောက်ပွဲအသစ်သည် စစ်ယူနီဖောင်းချွတ် အပြောင်းအလဲတစ်ခုမျှသာ မျှော်လင့်နိုင်စရာရှိပါသည်။ မည်ကာမတ္တမဲဆန္ဒနယ်အရေအတွက်၊ စစ်အုပ်စု အနိုင်သေချာစေမည့် ရွေးကောက်ပွဲစနစ်၊ စစ်ယူနီဖောင်းချွတ်များကြီးစိုးသည့် နိုင်ငံရေးပါတီအတွင်း ပူပူနွေးနွေး စစ်ယူနီဖောင်းချွတ်များ ပေါင်းထည့်ခြင်း၊ သေဒဏ်အထိ ချမှတ်နိုင်သော ရွေးကောက်ပွဲကာကွယ်ရေးဥပဒေဖြင့် ဖမ်းဆီးထောင်ချမှုများသည် စစ်ယူနီဖောင်းချွတ်အပြောင်းအလဲမတိုင်ခင် တွေ့မြင်နေရသည့် သတင်းမြင်ကွင်းများဖြစ်ပါသည်။ ပို၍ဆိုးသည်က အာဏာသိမ်းစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများသည် မြန်မာနိုင်ငံတဝှမ်းလုံးတွင် နေရာဒေသ၊ အချိန်အခါမရွေး ထင်ရာစိုင်းနေခြင်းပင် ဖြစ်သည်။
ယခုတစ်ပတ် BNI-Myanmar Peace Monitor ၏ သတင်းသုံးသပ်ချက်တွင် အာဏာသိမ်းစစ်အုပ်စုက ကျင်းပပေးမည့် ရွေးကောက်ပွဲအသစ်မတိုင်ခင် တွေ့ရှိချက်များနှင့် ရွေးကောက်ပွဲအလွန် အခင်းအကျင်းအသစ်ကို အချက်အလက်၊ ဖြစ်စဉ်ဖြစ်ရပ်များကို အခြေပြုပြီး လေ့လာတင်ပြသွားပါမည်။
ရွေးကောက်ပွဲအသစ်မတိုင်ခင် တွေ့ရှိချက်များ
နိုင်ငံတဝှမ်း အကြားအလပ်မရှိ ရွေးကောက်ပွဲကျင်းပမည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင်က ကြွေးကြော်ထားသည့်အတိုင်း ၎င်းတို့ခန့်အပ်ထားသည့် ရွေးကောက်ပွဲကော်မရှင်ကလည်း ပြည်သူ့လွှတ်တော်အတွက် မဲဆန္ဒနယ် (၃၃၀) ခု၊ အမျိုးသားလွှတ်တော်အတွက် မဲဆန္ဒနယ် (၁၁၀) ခုနှင့် တိုင်း – ပြည်နယ် လွှတ်တော်များအတွက် မဲဆန္ဒနယ် (၃၂၂) ခုတို့ကို ရွေးကောက်ပွဲမဲဆန္ဒနယ်များအဖြစ် စာရွက်ပေါ်တွင် ရေးချ ကြေညာခဲ့ပါသည်။
ထိုမဲဆန္ဒနယ်များအတွင်းမှ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၂၆) ခုနှင့် တိုင်း – ပြည်နယ် လွှတ်တော်အတွက် မဲဆန္ဒနယ် (၄၂) ခုတွင် အချိုးကျကိုယ်စားပြုစနစ် (PR) ကျင်သုံးကာ မဲအများဆုံးရသူစနစ် (FPTP) ကိုမူ ပြည်သူ့လွှတ်တော်အ တွက် မဲဆန္ဒနယ် (၃၃၀) ခု၊ အမျိုးသားလွှတ်တော်အတွက် မဲဆန္ဒနယ် (၈၄) ခုနှင့် တိုင်း – ပြည်နယ် လွှတ်တော်အတွက် မဲဆန္ဒနယ် (၃၂၂) ခုတို့တွင် ကျင့်သုံးသွားမည်ဟု ဆိုပါသည်။ ရွေးကောက်ပွဲစနစ်နှစ်ခုကို ရောနှောအသုံးပြုထားသော်လည်း မဲဆန္ဒရှင်များအတွက်မူ လွှတ်တော်တစ်ခုစီအတွက် ဆန္ဒမဲတစ်ခုစီသာ ပေးကြရမည်ဟု ဆိုပါသည်။

မြို့နယ်ပေါင်း (၃၃၀) အနက် မြို့နယ် (၅၆) မြို့နယ်တွင်သာ ရွေးကောက်ပွဲကျင်းပနိုင်သည့် အခြေအနေမရှိကြောင်းကြေညာထားသည့်အတွက် အာဏာသိမ်းစစ်အုပ်စုသည် နိုင်ငံတဝှမ်းမြို့နယ်ပေါင်း (၂၇၄) မြို့နယ်အား အပိုင်းလိုက်ခွဲကာ ရွေးကောက်ပွဲများ ကျင်းပသွားမည်ဟု နားလည်ရပါသည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲအပိုင်း (၁) ကို မြို့နယ် (၁၀၂) ခုတွင် ကျင်းပမည်ဟု သိရပါသည်။
၂၀၂၅ ခုနှစ် စက်တင်ဘာလ ၉ ရက်တွင်တော့ သတ်မှတ်ပါတီဝင်ဦးရေ မပြည့်မီဟုဆိုကာ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) ကို ဖျက်သိမ်းခဲ့သလို ပါတီရုံးခန်းအရေအတွက် မပြည့်မီဟုဆိုကာ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ (DNP)၊ အမျိုးသမီးပါတီ (မွန်) နှင့် ပြည်ထောင်စုလယ်သမားအလုပ်သမားအင်အားစုပါတီအား စစ်အုပ်စုခန့် ရွေးကောက်ပွဲကော်မရှင်က ဖျက်သိမ်းခဲ့သည်။
စက်တင်ဘာလ ၂၃ ရက်နေ့၊ ထုတ်ပြန်ချက်တွင်တော့ စစ်အုပ်စုကျင်းပမည့် အပိုင်း (၁) ရွေးကောက်ပွဲတွင် ပြည်ထောင်စုတစ်ဝန်း ဝင်ရောက်ယှဉ်ပြိုင်မည့်ပါတီ (၆) ခု၊ တိုင်း – ပြည်နယ် တစ်ခုစီအတွင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီ (၅၁) ခုနှင့် တစ်သီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်သူများအပါအဝင် စုစုပေါင်း ကိုယ်စားလှယ်လောင်း (၄၉၆၃) ဦးအထိ စာရင်းတင်သွင်းထားသည်ဟု ဆိုပါသည်။ ထိုအထဲ ခေတ်အဆက်ဆက် စစ်တပ်အသိုင်းအဝိုင်းမှ အသွင်ကူးပြောင်းဖြစ်တည်လာခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) နှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) တို့မှ ကိုယ်စားလှယ်လောင်းအရေအတွက် အများဆုံး တင်သွင်းခဲ့ကြသည်ကို တွေ့ရပါသည်။
ထူးခြားမှုအဖြစ် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ အမိန့်ညွှန်ကြားချက်ဖြင့် စစ်အုပ်စုယူနီဖောင်းချွတ်ကာ USDP သို့ ကူးပြောင်းလာကြသူပေါင်း (၄၈၉) ဦးအထိရှိသည်ဟု ဆိုပါသည်။ ဗိုလ်ချုပ်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်မှသည် စစ်အရာရှိ၊ စစ်ရုံးအုပ်၊ တပ်ကြပ်ကြီးစာရေးများအပါအဝင် အောက်ခြေအဆင့် စစ်သားများပါဝင်သည်ဟု ဆိုပါသည်။ အကြမ်းမဖက် ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထားသူ ဗိုလ်ကြီးဇင်ယော်၏အဆိုအရ ဗိုလ်ချုပ်ကြီး (၁) ဦး၊ ဒုတိယ ဗိုလ်ချုပ်ကြီး (၆) ဦး၊ ဗိုလ်ချုပ် (၁၂) ဦး၊ ဗိုလ်မှူးချုပ်၊ ဗိုလ်မှူးကြီးနှင့် ဒုဗိုလ်မှူးကြီးအဆင့်ရှိသူ (၃၀၀) ဦး၊ ဗိုလ်ကြီးနှင့် ဗိုလ်မှူးအဆင့်ရှိသူ (၁၁၀) ဦး၊ ရုံးအုပ်မှ တပ်ကြပ်ကြီးစာရေးအပါအဝင် အခြားအဆင့် (၆၀) ဦးကို စစ်ခေါင်းဆောင်က ပြောင်းရွှေ့ခိုင်းခဲ့သည်ဟု ဆိုပါသည်။ 1
ထို့အပြင် လက်ရှိစစ်တပ်အတွင်းရှိ ဗိုလ်မှူး၊ ဒုဗိုလ်မှူးကြီးအဆင့်ရှိသူ (၁၀) ဦးခန့်သည်လည်း အငြိမ်းစားယူကာ တစညပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ရန်ရှိနေသည်ဟု ဆိုပါသည်။ USDP ပြီးလျှင် ဒုတိယမြောက်ကိုယ်စားလှယ်လောင်းအများဆုံး ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းတင်သွင်းထားသည့် တစညပါတီသည် စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်း တည်ထောင်ထားသည့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို နာမည်ပြောင်းလဲထားသည့် ပါတီဖြစ်ပါသည်။ 2
ရွေးကောက်ပွဲအလွန် အခင်းအကျင်းအသစ်
လာမည့်ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် လျာထားသည့် ရွေးကောက်ပွဲအပိုင်း (၁) အား စစ်အုပ်စုအနေဖြင့် အစီအစဉ်တကျကျင်းပပြီး လွှတ်တော်ခေါ်ယူခဲ့ပါက ပြည်သူ့လွှတ်တော်အတွက် မဲဆန္ဒနယ် (၁၀၂) ခုမှ FPTP စနစ်အရ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် (၁၀၂) ဦးနှင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအရ ၂၅ ရာခိုင်နှုန်းသော စစ်တပ်ကိုယ်စားလှယ် (၁၁၀) ဦးတို့သည် ပြည်သူ့လွှတ်တော်အတွင်း ရောက်ရှိလာမည်ဖြစ်သည်။
အလားတူ ရွေးကောက်ပွဲအပိုင်း (၁) အတွင်း ပါဝင်သည့်မြို့နယ် (၁၀၂) မြို့နယ်ကို လေ့လာကြည့်ပါက FPTP စနစ်အရ အမျိုးသားလွှတ်တော်အတွက် ကျင်းပနိုင်သည့်မဲဆန္ဒနယ် (၁၁) ခုပြီး ကိုယ်စားလှယ် (၁၁) ဦးနှင့် PR စနစ်အရ အမျိုးသားလွှတ်တော်အတွက် ကျင်းပနိုင်သည့် မဲဆန္ဒနယ် (၁) ခုသာရှိပြီး ကိုယ်စားလှယ် (၂) ဦး၊ စုစုပေါင်း ကိုယ်စားလှယ် (၁၃) ဦးကိုသာ အပိုင်း (၁) ရွေးကောက်ပွဲမှ ထွက်ပေါ်နိုင်ချေရှိပါသည်။ လွှတ်တော်ခေါ်ယူခဲ့ပါက အမျိုးသားလွှတ်တော်အတွင်း ရောနှောထားသော ကိုယ်စားလှယ် အချိုးကျစနစ် (MMP) အရ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (၁၃) ဦးနှင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအရ ၂၅ ရာခိုင်နှုန်းသော စစ်တပ်ကိုယ်စားလှယ် (၅၆) ဦးတို့သည့် အမျိုးသားလွှတ်တော်အတွင်း ရောက်ရှိလာကြမည်ဖြစ်သည်။

ထို့ကြောင့် အပိုင်း (၁) ရွေးကောက်ပွဲအလွန်ကာလအတွင်း အာဏာသိမ်းစစ်အုပ်စုအနေဖြင့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို ခေါ်ယူခဲ့ပါက ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် (၁၁၅) ဦးနှင့် စစ်တပ်ကိုယ်စားလှယ် (၁၆၆) ဦးတို့သည် ပြည်ထောင်စုလွှတ်တော်အတွင်း ရောက်ရှိလာမည်ဟု တွက်ဆကြည့်နိုင်ပါသည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ မဲရလဒ်များအား အဓမ္မဖျက်သိမ်းကာ အာဏာသိမ်းခဲ့သော စစ်အုပ်စုက စီစဉ်ကျင်းပမည့် ရွေးကောက်ပွဲအသစ်မှ ဖြစ်တည်လာမည့် လွှတ်တော်တွင်းအခင်းအကျင်းသည် ထူးခြားမှုတစုံတခုကိုမျှ မြင်တွေ့ရခြင်းမရှိဟု ဆိုရမည်ဖြစ်ပါသည်။
သတိချပ်စရာအဖြစ်မူ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမဲရလဒ်များကဲ့သို့ ကြိုတင်ဆန္ဒမဲအိတ်များထုတ်ကာ အနိုင်ပေးတတ်သော ရွေးကောက်ပွဲကော်မရှင်၏ လုပ်ရပ်ဖြစ်ပါသည်။ ယခုရွေးကောက်ပွဲတွင်လည်း စစ်အုပ်စု၏လက်ထဲတွင်သာ ထိန်းချုပ်ခွင့်ရနေသော အီလက်ထရောနစ်မဲပေးစက်များ (EVMs) သည် ရွေးကောက်ပွဲဝင်ပြိုင်ကြသည့် ပါတီများနှင့် ကိုယ်စားလှယ်လောင်းများအတွက် စောင့်ကြည့်ရဖွယ်ဖြစ်ပါသည်။
USDP သို့ စစ်ယူနီဖောင်းချွတ်အင်အား (၅၀၀) နီးပါးစေလွှတ်ခဲ့သည့် အာဏာသိမ်းစစ်ခေါင်းဆောင်၏ လုပ်ရပ်ကိုထောက်ရှုကြည့်ပါက ရဲချုပ်ဟောင်းဦးခင်ရီဦးဆောင်သည့် USDP သည် စစ်အုပ်စုစီစဉ်သည့် ရွေးကောက်ပွဲအသစ်တွင် အနိုင်သေချာသည့် ပါတီဖြစ်နိုင်ကြောင်း တွေးဆဖွယ်ရာဖြစ်နေပါသည်။
သုံးသပ်တင်ပြချက်
အာဏာသိမ်းစစ်အုပ်စုသည် ၎င်းတို့၏ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များအား ဆန္ဒပြလှုံဆော်သည်ဟုဆိုကာ အရပ်သားပြည်သူ (၁၂) ဦးကို ဖမ်းဆီးအရေးယူထားပြီး နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့ပါသည်။ ထို့အပြင် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ဥက္ကဌအပါအဝင် ထိပ်ပိုင်းခေါင်းဆောင်များနှင့် ချင်းလဲန်း (Chinland) အစိုးရအဖွဲ့ဝင်များကို ရွေးကောက်ပွဲကာကွယ်စောင့်ရှောက်ရေးဥပဒေဖြင့် အမှုဖွင့်ထားပါသည်။
အခြားတဖက်တွင်တော့ ၎င်းတို့စီစဉ်သော ရွေးကောက်ပွဲကျင်းပနိုင်မည့် နယ်မြေကျယ်ပြန့်နိုင်ရေးအတွက် နိုင်ငံတဝှမ်းလုံးတွင် လေကြောင်းတိုက်ခိုက်မှုများကို အရှိန်အဟုန်မြှင့်လုပ်ဆောင်နေသည်ကို တွေ့ရသည်။ အထူးသဖြင့် တော်လှန်ရေးအင်အားစုများထံ လက်လွှတ်ခဲ့ရသည့် မြို့များ၊ ကျေးရွာများနှင့် စစ်စခန်းနယ်မြေများအတွင်း ပစ်မှတ်ထားကာ လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်လျက်ရှိပါသည်။

ရွေးကောက်ပွဲအသစ်အတွက် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်နေသော စစ်အုပ်စု၏ အနှီလုပ်ရပ်များသည် ဒေသတွင်းမလုံခြုံမှု၊ မတည်ငြိမ်မှုနှင့် စစ်ရေးပဋိပက္ခဖြစ်စဉ်များကိုသာ ပိုမိုတိုးပွားကျယ်ပြန့်လာရေးကိုသာ ဦးတည်နေပါသည်။ လွတ်လပ်သော၊ မျှတသော ရွေးကောက်ပွဲဖြစ်ရေးဟု ကြက်တူရွေးနှုတ်တိုက်ရွတ်သလို ပြောဆိုဟစ်ကြွေးနေသော်လည်း စစ်အုပ်စုစီစဉ်သော ရွေးကောက်ပွဲအပိုင်း (၁) မတိုင်ခင် တွေ့ရှိချက်များအရ ပြည်သူလူထု ထည့်သွင်းစဉ်းစားချက်တစုံတရာကိုမျှ မြင်တွေ့ရခြင်းမရှိပေ။
မအောင်မြင်သော စစ်အာဏာသိမ်းမှုအား အဆုံးသတ်နိုင်ရေးအတွက် စနစ်တကျပြင်ဆင်ထားသော စစ်အုပ်စုကျင်းပမည့် ရွေးကောက်ပွဲအလွန် အခင်းအကျင်းကို မျှော်ကြည့်ပါက စစ်ယူနီဖောင်းချွတ် အပြောင်းအလဲတစ်ခုကိုသာ မှန်းဆတွေ့မြင်ရကြောင်း တင်ပြအပ်ပါသည်။
1. ဗိုလ်ချုပ်ကြီးအဆင့်မှ အောက်ခြေအဆင့်အထိ စစ်အရာရှိများ၊ ရုံးအုပ်နှင့် တပ်ကြပ်ကြီးစာရေးများပါမကျန် စုစုပေါင်း ၄၈၉ ဦး မင်းအောင်လှိုင် အမိန့်ဖြင့် ပြောင်းရွှေ့၊ ရန်ကုန်ခေတ်သစ်၊ ၁၇ စက်တင်ဘာ ၂၀၂၅
2. ဗိုလ်မှူးနှင့် ဒုဗိုလ်မှူးကြီးများ အငြိမ်းစားယူပြီး တစညပါတီကိုယ်စားပြု ရွေးကောက်ပွဲ ဝင်ပြိုင်မည်၊ ဒီဗွီဘီ၊ ၂၆ စက်တင်ဘာ ၂၀၂၅