
အိမ်နီးချင်းထိုင်း၏ စိုးရိမ်ပူပန်မှုများ
ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များအတွက် အမေရိကန်နိုင်ငံမှပေးသော လူသားချင်းစာနာမှု ဆိုင်ရာအကူအညီများကို ဩဂုတ်လမှစပြီး ဖြတ်တောက်ခံရတော့မည်ဖြစ်သည့်အတွက် မြန်မာဒုက္ခသည် ၈၀၀၀၀ ကျော် စားဝတ်နေရေးပြဿနာများ ကြုံတွေ့လာနိုင်ကြောင်း ထိုင်းလွှတ်တော်တွင် Fair Party လွှတ်တော်အမတ်က တင်ပြခဲ့ပါသည်။ ထိုင်းနိုင်ငံအတွင်းရှိ မြန်မာဒုက္ခသည်အရေးဖြေရှင်းရန် ထိုင်းအစိုးရ အမျိုးသားလုံခြုံရေးတာဝန်ရှိသူများနှင့် မြန်မာတက်ကြွလှုပ်ရှားသူများ တွေ့ဆုံခဲ့ကြပြီး ဒုက္ခသည်များ၏ စားဝတ်နေရေးဖြေရှင်းရန်အတွက် နေ့စားအလုပ်၊ သန့်ရှင်းရေးဝန်ဆောင်မှုလုပ်ငန်း၊ လယ်ယာမြေလုပ်ငန်း၊ စက်မှုလက်မှုလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းစသည်တို့ကို ဝင်ရောက်လုပ်ကိုင်နိုင်ခွင့်ရရှိရေး တောင်းဆိုခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ်အတွင်း အမေရိကန်အစိုးရက နိုင်ငံတကာအကူအညီများ ရပ်တန့်ခဲ့ပြီးနောက် ဇူလိုင်လ ၃၁ ရက်နေ့မှစပြီး နယ်စပ်ဒုက္ခသည်စခန်းကိုပေးနေသည့် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှု အကူအညီများ ရပ်ဆိုင်းသွားမည်ဖြစ်သည့်အတွက် အလုပ်အကိုင်အခွင့်အလမ်းများ တောင်းဆိုရခြင်းဖြစ်ကြောင်း တက်ကြွလှုပ်ရှားသူများက ပြောသည်။ ထိုအလုပ်အကိုင်ရရှိရန်ကိစ္စနှင့်ပါတ်သက်ပြီး ထိုင်းအစိုးရ အမျိုးသားလုံခြုံရေးတာဝန်ရှိသူများဘက်မှ စဉ်းစားပေးမည်ဖြစ်ကြောင်းနှင့် လက်ရှိအချိန်တွင် ထိုင်းနိုင်ငံ ရေးအရှုပ်အထွေးများရှိနေသည့်အတွက် အချိန်တစ်ခုစောင့်ဆိုင်းရမည်ဟု တုံ့ပြန်ထားပါသည်။
ထိုင်း-မြန်မာ နယ်စပ်တလျှောက် မြစ်ချောင်းများထဲတွင် ရေထုညစ်ညမ်းမှုများအကြောင်း သတင်းထွက်ပေါ်လာပြီးနောက် ဒီအကြပ်အတည်းကို တုံ့ပြန်နိုင်ရန် အာဆီယံအစိုးရများ၏ လူ့အခွင့်အရေးကော်မရှင် (AICHR) ထံသို့ နယ်စပ်ဖြတ်ကျော် လူ့အခွင့်အရေးချိုးဖောက်မှုတစ်ရပ်အဖြစ် စုံစမ်းစစ်ဆေးပေးရန် တိုက်တွန်းသည့် စာတစ်စောင်ကို ထိုင်းဘက်မှ တင်သွင်းမည်ဟု သိရသည်။
ထို့အပြင် ထိုင်းဒုတိယဝန်ကြီး ချုပ်ပရာဆတ်ချန်ထရာရွမ်ထောင်း (Prasert Chanthararuangthong) ဦးဆောင်သော ထိုင်းအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာစစ်ကောင်စီနှင့် တိုက်ရိုက်ညှိနှိုင်းဖြေရှင်းရန်အတွက် သြဂုတ်လ ၄ ရက်မှ ၈ ရက်နေ့အထိ နေပြည်တော်သို့ သွားရောက်ရန် စီစဉ်ကြောင်းလည်း သတင်းထုတ်ပြန်ထားသည်။
ထိုင်း-မြန်မာ နယ်စပ်မှ ၁၅ ကီလိုမီတာခန့်အကွာ တာ့ခ်ခရိုင်အတွင်း မြန်မာဘက်မှဖြစ်မည်ယူဆရသည့် စစ်ဘက်ဆိုင်ရာဒရုန်းတစင်း ပျက်ကျသည်ကိုတွေ့ရှိပြီးနောက် တာ့ခ်ခရိုင် မဲဆောက်ရှိ ထိုင်း-မြန်မာ နယ်စပ်မြို့နယ်ကော်မတီမှတဆင့် မြန်မာနိုင်ငံကို တရားဝင်ကန့်ကွက်စာပို့ထားသည်ဟု ထိုင်းတာဝန်ရှိသူများကပြောသည်။ အဆိုဒရုန်းတွင် လက်နက်ထိပ်ဖူးအဖြစ် အသုံးပြုနိုင်ဖွယ်ရှိသော ဓာတ်ငွေ့ဘူးတလုံး တပ်ဆင်ထားသည်ကို တွေ့ရှိရပြီး ကနဦး စုံစမ်းစစ်ဆေးမှုများအရ ထိုဒရုန်းသည် မြန်မာစစ်တပ်ပိုင်ဖြစ်ပြီး တော်လှန်ရေးအဖွဲ့များကို တိုက်ခိုက်စဉ် ထိန်းချုပ်မှုမဲ့ကာ ထိုင်းနိုင်ငံအတွင်း ပျက်ကျခဲ့ခြင်းဖြစ်သည်ဟု ယူဆထားသည်။
ထိုင်း – မြန်မာ့တပ်မတော် (လေ) ၏ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးထွန်းအောင်သည် ထိုင်း ဘုရင့်လေတပ်မတော်ဦးစီးချုပ်နှင့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့တွင် ထိုင်းဘုရင့်လေတပ်မတော်ဌာနချုပ်၌ တွေ့ဆုံခဲ့ပြီး ဒေသတွင်းလုံခြုံရေးနှင့် တည်ငြိမ်ရေးအတွက် နှစ်နိုင်ငံ လေတပ်ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ ထိုတွေ့ဆုံမှုအတွင်း ထိုင်းလေတပ်ဦးစီးချုပ်က မောင်းသူမဲ့လေယာဉ် (UAV) များ၏ အနာဂတ်သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင် မြန်မာစစ်အုပ်စု၏ လက်အောက်ခံလေတပ်နှင့် ပူးပေါင်းဆောင်ရွက်ရန်နှင့် မြန်မာ့လေတပ်အရာရှိများအတွက် သင်တန်းများပို့ချပေးရန် ကမ်းလှမ်းခဲ့သည်။
ကရင်လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်သည့် ကောသူးလေတပ်မတော်အဖွဲ့ခွဲတစ်ခုက ထိုင်း PTTEP ကုမ္ပဏီပိုင် သဘာဝဓာတ်ငွေ့ပိုက်လိုင်းတစ်ခုကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ကြေညာပြီးနောက် ထိုင်းအစိုးရသည် မြန်မာနိုင်ငံ၏ ပြည်တွင်းပဋိပက္ခကြောင့် ထိုင်းနိုင်ငံ၏ သဘာဝဓာတ်ငွေ့ထောက်ပံ့မှုအပေါ် သက်ရောက်လာနိုင်ခြေကို စိုးရိမ်လျက်ရှိသည်။
အိန္ဒိယနှင့် စစ်အုပ်စု အထိအတွေ့များ
အိန္ဒိယစစ်တပ်က (Independent) (ULFA-I) လက်နက်ကိုင်အဖွဲ့ကို မြန်မာနိုင်ငံ နာဂဒေသထဲအထိ နယ်စပ်ဖြတ်ကျော်တိုက်ခိုက်ခဲ့ပြီးနောက် အိန္ဒိယစစ်တပ် ထောက်လှမ်းရေးအကြီးအကဲနှင့် မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်တို့ နေပြည်တော်တွင် ဇူလိုင် ၁၆ ရက်နေ့က တွေ့ဆုံခဲ့ကြသည်။ နှစ်နိုင်ငံနယ်စပ် လုံခြုံရေးနှင့် စစ်တပ်ချင်းပူးပေါင်းဆောင်ရွက်မှုတိုးမြှင်ရေးတို့ ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ထိုခရီးစဉ်အပြီး ဇူလိုင် ၂၀ ရက်မှစပြီး မြန်မာနယ်စပ်တစ်လျှောက်ကို လုံခြုံရေးတိုးမြှင့်လာပြီး နယ်စပ်ဒေသတွေနေထိုင်သူများအား ပိုမိုစစ်ဆေးနေကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်နှင့် အိန္ဒိယတပ်မတော်တို့ ပူးပေါင်းပြီး ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာသင်တန်း (UN Peacekeeping Officer Course) ကို ဇူလိုင် ၂၁ ရက်က နေပြည်တော်တွင် ပြုလုပ်နေကြောင်း သိရသည်။ ဇူလိုင်လ၂၉ ရက်တွင်လည်း စစ်ကောင်စီက လုပ်ဆောင်နေသည့် Digital ID လုပ်ငန်းအတွက် ရှေ့ပြေးစီမံချက်ဆိုင်ရာနားလည်မှုစာချွန်လွှာကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး မစ္စတာအဘ်ဟေးတာကူးရ် တက်ရောက်လက်မှတ်ရေးထိုးခဲ့တဲ့အကြောင်း အိန္ဒိယသံရုံးက ထုတ်ပြန်ထားသည်။
အိန္ဒိယ – အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ဆယ်ချစ်မြို့တွင် အာဏာပိုင်များက ဇူလိုင်လ ၃၀ ရက်နေ့မှစ၍ မြန်မာဒုက္ခသည်များ၏ ကိုယ်ရေးအချက်အလက်များကို စတင်ကောက်ယူခဲ့သည်။ ဒုက္ခသည် ၆၄၇ ဦး နေထိုင်လျက်ရှိသော အဆိုပါခရိုင်အတွင်းရှိ ကျေးရွာ ၃၀ သို့ တိုးချဲ့ကောက်ယူသွားမည်ဖြစ်သည်။ မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံမှ ဒုက္ခသည် ၃၀,၀၀၀ ကျော် ခိုလှုံလျက်ရှိသည်။ နယူးဒေလီမြို့တွင် ၂၄ ရက်ကြာ ဆန္ဒပြတောင်းဆိုပြီးနောက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) သည် မြန်မာဒုက္ခသည်များ၏ တောင်းဆိုချက်များကို လိုက်လျောရန် သဘောတူခဲ့သည်။ UNHCR သည် ခိုလှုံခွင့်လျှောက်ထားသူများအတွက် ဒုက္ခသည်အဖြစ် အသိအမှတ်ပြုရေးဆိုင်ရာသတ်မှတ်ချက် (RSD) အင်တာဗျူးများကို ပြုလုပ်ပေးမည်ဖြစ်သည်။
စစ်အုပ်စုအား ပံ့ပိုးနေဆဲ တရုတ်
အာဏာသိမ်းစစ်အုပ်စုက မြန်မာနိုင်ငံတဝှမ်း အရေးပေါ်အခြေအနေကို ရုပ်သိမ်းလိုက်ပြီးနောက် မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းရေးအတွက် အပြုသဘောဆောင်သော အခန်းကဏ္ဍမှပါဝင်ရန် ဆန္ဒရှိကြောင်း တရုတ်နိုင်ငံက ထုတ်ဖော်ပြောကြားလာသည်။ တရုတ်အစိုးရသည် ပြည်တွင်းရေး ဝင်ရောက်မစွက်ဖက်ရေးမူကို စွဲကိုင်ထားသော်လည်း မြန်မာနိုင်ငံရှိ ပါတီအားလုံး၏ လိုအပ်ချက်နှင့်အညီ ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို တက်ကြွစွာ မြှင့်တင်သွားရန် ဆန္ဒရှိသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောဆိုခဲ့သည်။

တရုတ်အစိုးရသည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးအထူးရန်ပုံငွေမှ အမေရိကန်ဒေါ်လာ ၃ ဒဿမ ၃ သန်းကျော်ကို မြန်မာနိုင်ငံရှိ စီမံကိန်း ၁၄ ခုအတွက် ဩဂုတ်လ ၅ ရက်နေ့တွင် ပေးအပ်ခဲ့သည်။ အဆိုပါစီမံကိန်းများသည် စိုက်ပျိုးရေး၊ သိပ္ပံ၊ ယဉ်ကျေးမှုနှင့် ကုန်သွယ်မှုကဲ့သို့သော ကဏ္ဍစုံပါဝင်သည်။ တရုတ်အစိုးရသည် နယ်စပ်ဒေသများရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများကို တိုက်ဖျက်ရန် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့် ပိုမိုပူးပေါင်းဆောင်ရွက်လာသည်ကို တွေ့ရသည်။
Burma Act နှင့် သမ္မတထရမ့်

အမေရိကန် ကွန်ဂရက်လွှတ်တော်ကော်မတီများက မြန်မာနိုင်ငံနှင့်ပတ်သက်သည့် BRAVE Burma Act ၊ Burma GAP Act နှင့် No New Burma Funds Act ဥပဒေကြမ်း ၃ ခုကို ဇူလိုင် ၂၂ ရက်နေ့တွင် အတည်ပြုခဲ့ပြီး အောက်လွှတ်တော်ကို တင်သွင်းရန် ပြင်ဆင်နေကြောင်း သိရသည်။ BRAVE Burma Act ဥပဒေကြမ်းသည် ၂၀၂၄ ခုနှစ်တွင် သမ္မတဂျိုးဘိုင်ဒင် လက်မှတ်ရေးထိုး အတည်ပြုခဲ့သည့် Burma Act ၏ လုပ်ငန်းစဉ်များ အလျင်အမြန်ဆောင်ရွက်နိုင်စေရန် ပြင်ဆင်ထားသည့် ဥပဒေကြမ်းဖြစ်သည်။ အောက်လွှတ်တော်တွင် မဲခွဲအတည်ပြုပြီးမှ အထက်လွှတ်တော်တွင် အတည်ပြုမည်ဖြစ်ခြင်းကြောင့် နောက်ထပ်တစ်နှစ်ခန့် ထပ်မံကြာမြင့်နိုင်ကြောင်း သုံးသပ်ထားပါသည်။
အမေရိကန်ပြည်ထောင်စုသည် ပြည်တွင်း၌ မြေရှားကို အနည်းငယ်သာထုတ်လုပ်နိုင်ပြီး ပြည်ပတင်သွင်းမှုအပေါ် အဓိက မှီခိုနေရသောကြောင့် မြေရှားထောက်ပံ့ရေးကွင်းဆက်ကို လုံခြုံအောင်လုပ်ရန်သည် တရုတ်နိုင်ငံနှင့် မဟာဗျူဟာပြိုင်ဆိုင်မှုတွင် ထရမ့်ပ်အစိုးရအတွက် အဓိကအာရုံစိုက်နေသည့် ကိစ္စလည်းဖြစ်သည်။ အမေရိကန်အစိုးရက မြန်မာစစ်အုပ်စုနှင့် နီးစပ်သည့် လုပ်ငန်းရှင်များအား ပိတ်ဆို့အရေးယူမှုများကို ရုပ်သိမ်းလိုက်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန၏ Office of Foreign Assets Control (OFAC) ဝက်ဘ်ဆိုက်တွင် ဇူလိုင် ၂၄ ရက်က ဖော်ပြထားသည်။ ပိတ်ဆို့အရေးယူမှုစာရင်းမှ ပယ်ဖျက်ခံရသည့် အဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်များတွင် KT Services & Logistics နှင့် ၎င်း၏တည်ထောင်သူ ဂျွန်နသန် မျိုးကျော်သောင်း၊ Myanmar Chemical and Machinery Co. Ltd (MCM Group) နှင့် ပိုင်ရှင် ဦးအောင်လှိုင်ဦး၊ Suntac Technologies နှင့် ပိုင်ရှင် ဦးစစ်တိုင်းအောင်နှင့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးတင်လတ်မင်းတို့ ပါဝင်ကြောင်း ဖော်ပြထားသည်။
ထိုအဖွဲ့အစည်းများကို ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် မြန်မာ့ကာကွယ်ရေးကဏ္ဍနှင့် ဆက်နွှယ်မှု၊ အာဏာသိမ်းစစ်တပ်မှ အရာရှိကြီးများနှင့် နီးစပ်မှုတို့ကြောင့် သမ္မတဟောင်းဂျိုးဘိုင်ဒင် အစိုးရလက်ထက် ၂၀၂၂ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း ပိတ်ဆို့အရေးယူခဲ့ခြင်းဖြစ်ပြီး ပိတ်ဆို့မှုများရုပ်သိမ်းရခြင်း အကြောင်းရင်းကိုမူ ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် သမ္မတအိမ်ဖြူတော်တို့က ရှင်းလင်းပြောကြားခြင်းမရှိပေ။ သို့သော် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်အပါအဝင် စစ်ဗိုလ်ချုပ်များနှင့် စစ်တပ်ပိုင်ကုမ္ပဏီများကိုမူ အမေရိကန်၏ ပိတ်ဆို့သည့်စာရင်းတွင် ဆက်လက်ထည့်သွင်းထားသည်။
အာဆီယံ၏ မြန်မာနိုင်ငံ ခြေလှမ်းများ

မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်ဦးဆောင်သော အာဆီယံကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံသို့ လာရောက်ရန် စီစဉ်ထားသည်။ အဆိုပါကိုယ်စားလှယ်အဖွဲ့တွင် ထိုင်း၊ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးများလည်း ပါဝင်မည်ဖြစ်ပြီး စစ်ကောင်စီက အရေးပေါ်အခြေအနေရုပ်သိမ်းပြီးနောက်ပိုင်း အခြေအနေများကို လာရောက်လေ့လာမည်ဖြစ်သည်။ အာဆီယံအနေဖြင့် အောက်တိုဘာလတွင် ကျင်းပမည့် ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီ ထိုခရီးစဉ်ကို စီစဉ်ထားခြင်းဖြစ်သည်။
လက်ရှိအာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သူ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်သည် အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲများအတွက် ကြိုတင်သတ်မှတ်ချက်အဖြစ် မြန်မာနိုင်ငံတွင် နှစ်ဖက်စလုံးမှ တိုက်ခိုက်မှုအသစ်များမပြုလုပ်ရန် တောင်းဆိုလိုက်သည်။ ထို့အပြင် ရေရှည်ဖိနှိပ်မှုကြုံတွေ့နေခဲ့ရသည့် ရိုဟင်ဂျာအသိုက်အဝန်း၏ လုံခြုံရေးနှင့် လူမှုဘဝအဆင်ပြေရေးတွေအတွက်လည်း မလေးရှား၏ ချဉ်းကပ်မှုလမ်းကြောင်းတစ်ခုရှိကြောင်းလည်း ၎င်းက ဩဂုတ် ၅ ရက်နေ့က သတင်းထောက်များနှင့် တွေ့ဆုံမှုတွင် ဝန်ကြီးချုပ်က ပြောဆိုခဲ့သည်။
ကုလ၊ ဂျပန်နှင့် INGO တို့ ဘာပြောသလဲ

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရား (IIMM) ကတော့ မြန်မာအာဏာသိမ်းစစ်အုပ်စု၏ လုံခြုံရေးတပ်ဖွဲ့များ၏ စနစ်တကျညှဉ်းပန်းနှိပ်စက်မှုများအား ကျူးလွန်ခဲ့သည့် အထောက်အထားများကို တွေ့ရှိထားပြီး အချို့သောဖြစ်ရပ်များတွင် အဆင့်မြင့် စစ်ဘက်အရာရှိများကိုယ်တိုင် ကျူးလွန်ခဲ့သည်ဟု ဆိုပါသည်။ IIMM သည် တာဝန်ရှိသူများကို တရားစွဲဆိုနိုင်ရန် အမှုများ ပြင်ဆင်လျက်ရှိသည်။
စစ်အာဏာသိမ်းကာလ လေးနှစ်ကျော်ကြာသည်အထိ မြန်မာနိုင်ငံတွင် တိုးတက်မှုတစုံတရာ မရှိသေးသည့်အပေါ် ဂျပန်နိုင်ငံခြားရေးဝန်ကြီး အီဝါယာတာကဲရှိကလည်း အလွန်အမင်း စိုးရိမ်ပူပန်နေသည်ဟု ဆိုပါသည်။ နိုင်ငံရေးတိုးတက်မှုမရှိဘဲ စစ်အုပ်စုက ရွေးကောက်ပွဲကျင်းပမည့်အစီအစဉ်ကို ဂျပန်က ရှုတ်ချခဲ့သည်။
အာဏာသိမ်းစစ်အုပ်စုကျင်းပမည့် မည်သည့်ရွေးကောက်ပွဲမဆို တရားမဝင်သည့်အပြင် အကြမ်းဖက်မှုများကို ပိုမိုများပြားလာစေနိုင်ကြောင်း ဒီမိုကရေစီနှင့်ရွေးကောက်ပွဲ အကူအညီပေးရေး နိုင်ငံတကာအဖွဲ့အစည်း (International IDEA) က ဩဂုတ်လ ၁၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါအဖွဲ့က စစ်တပ်၏ မကြာသေးမီက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖျက်သိမ်းပြီး လုံခြုံရေးကော်မရှင်အသစ် ဖွဲ့စည်းခြင်းသည် ရွေးကောက်ပွဲမတိုင်မီ ဒီမိုကရေစီနည်းကျ တရားဝင်ဖြစ်စေရန် ဗျူဟာကျကျ ဟန်ပြ ပြန်လည်ဖွဲ့စည်းမှုတစ်ခုသာဖြစ်ပြီး စစ်မှန်သော ပြုပြင်ပြောင်းလဲမှုမဟုတ်ဟု သုံးသပ်ထားသည်။