မိုးဗြဲမြို့နယ်၊ ဖယ်ခုံမြို့နယ်အရှေ့ဘက်ကမ်းကို စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့်ထိတွေ့ တိုက်ပွဲများကြောင် ဒေသခံပြည်သူလေးသောင်းဝန်းကျင်သည် ထွက်ပြေးတိမ်းရှောင်နေကြရပြီး အခြေခံ လိုအပ်ချက်များစွာရှိနေသည်ဟု ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က ဇွန်လ ၁၆ ရက်တွင် ထုတ်ပြန်ပြောသည်။
စစ်ကောင်စီတပ်နှင့် PNO ပအို့ဝ်ပြည်သူ့စစ်ပူးပေါင်းတပ်က ပြီးခဲ့သည့် ဇွန်လအစောပိုင်းကာလကစပြီး မိုးဗြဲ မြို့နယ်၊ ဖယ်ခုံမြို့နယ်အရှေ့ဘက်ကမ်း လွယ်ပေါအုပ်စုကနေ လွိုင်ကော်၊ ဒီးမော့ဆိုမြို့နယ်အတွင်းကို ဦးတည်ပြီး အင်အားအများအပြားနှင့် စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ထိတွေ့တိုက်ပွဲများဖြစ်နေပြီး ဒေသခံများ တိမ်းရှောင်ပြေးနေကြရသည်။
အရပ်ဘက်အဖွဲ့အစည်းများက ဝိုင်းဝန်းပြီး ကူညီပေးနေတာတွေ ရှိနေသော်လည်း လိုအပ်ချက်များရှိနေဆဲဖြစ်သည်ဟု IEC အတွင်းရေးမှုး (၂) ဦးဗညားက ယခုလို ပြောဆိုသည်။
“လောလောဆယ်ကတော့ ဒီမှာရှိတဲ့အရပ်ဘက်အဖွဲ့အစည်းတွေ IEC ရဲ့ လူစာပြန်ဌာနက ဝိုင်းပြီးတော့ လုပ်ပေးနေတာတွေရှိတယ်။ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေ ကော်မတီတွေနဲ့ပေါ့နော်။ လိုအပ်ချက်တွေကတော့ သေချာတယ်၊ ဆက်ရှိနေမှာပဲ။ နောက်ပြီးတော့ မြို့နယ်ကများတယ်။ မိုးတွင်းကာလမှာ ပြောင်းရွေ့တဲ့အတွက်ကြောင့် မို့လို့ ပိုပြီးတော့ခက်ခဲတယ်” ဟု ဦးဗညားက ပြောသည်။
စစ်ကောင်စီ၏ထိုးစစ်အပြင် လက်နက်ကြီးပစ်ခတ်မှုများနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှုများလည်း ရှိနေသည်ဟု ၎င်းက ဆက်ပြောသည်။
စစ်ဘေးသင့်ပြည်သူများ ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို နိုင်ငံတကာကသိရှိပြီး လူသားချင်းစာနာထောက်ထားမှုဖြင့် ပြည်သူလူထုဘေးကင်းလုံခြုံရေးနှင့် စားနပ်ရိက္ခာ ဖူလုံရေးလုပ်ငန်းများမှာ ထပ်မံတိုးမြင့် ပံ့ပိုးကူညီလုပ်ဆောင်နိုင်ကြပါရန် မေတ္တာရပ်ခံတိုက်တွန်းလိုကြောင်း IEC ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။
လူဦးရေ လေးသောင်းဝန်းကျင်အတွက် စားနပ်ရိက္ခာလိုအပ်ချက်မှာ တစ်လစာလျှင် ဒေါ်လာ လေးသိန်းခွဲကျော်အထိရှိကြောင်း IEC ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။
လတ်တလောတွင် မိုးဗြဲမြို့နယ်၊ ဖယ်ခုံမြို့နယ် အရှေ့ဘက်ကမ်းရှိ ကျေးရွာအုပ်စု ၅ ခုအတွင်းက အိမ်ထောင်စု ခုနှစ်ထောင်၊ လူဦးရေ လေးသောင်းဝန်းကျင် စစ်ပဠိပက္ခကြုံတွေ့နေရကြောင်း IEC ၏ ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။
ကန္တာရဝတီတိုင်း (မ်) – ပေးပို့သည်။