မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ထဲက ပျူစောထီးကျေးရွာအား အညာမြေတပ်ပေါင်းစုမှ ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်များက ပြောသည်။
ပခုက္ကူမြို့နယ်၊ ပျူစောထီးအခြေစိုက် အနောက်မန်ကျည်းကန်ကျေးရွာအား အညာမြေတပ်ပေါင်းစုက အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးပြီး ၂ ဦးမှာ ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုသည်။
အညာမြေတပ်ပေါင်းစုသတင်းတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က “ကျနော်တို့ ဝင်ပြီးတော့တိုက်ခိုက်ကတည်းက သူတို့ရဲ့တချို့တဝက်ပျူစောထီးနဲ့ စစ်ခွေးတွေက အခုပေါက်မြို့နယ်ကို ဦးတည်နေတဲ့ အင်အား ၄၀၀ ကျော် စစ်ကြောင်းထဲ ပါသွားတဲ့အတွက် ကျနော်တို့က အင်အားနည်းတဲ့အချိန်မှာ ဝင်ပြီးတော့လုံးလိုက်တာမို့လို့ သူတို့ဘက်က ပြန်ပြီးတော့တန်ပြန်တော့ မထိုးနိုင်ဘူးခင်ဗျ။ အခု အခြေအနေကတော့ ဒီတိုင်းပြီးတဲ့အနေထား ဖြစ်သွားတာပေါ့” ဟု ပြောသည်။
စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းတပ်ဖွဲ့များ အင်အားနည်းနေချိန်တွင် ပခုက္ကူမြို့နှင့် မြစ်ခြေမြို့ကြားရှိ အနောက်မန်ကျည်းကန်ကျေးရွာအား အညာမြေတပ်ပေါင်းစုမှ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ဇွန်လ ၁၀ ရက်နေ့၊ နံနက် ၅ နာရီမှ ၇ နာရီအထိ ၂ နာရီကြာဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီ၏ ဘန်ကာ ၃ ခုလုံး သိမ်းယူနိုင်ခဲ့ပြီး ဘဲကြီးကုန်းကျေးရွာအခြေစိုက် ပျူစောထီးများနှင့် ပခုက္ကူတပ်မ ၁၀၁ မှ စစ်ကူ ရောက်ရှိလာမှုကြောင့် ပြန်လည်ဆုတ်ခွာပေးခဲ့ရသည်ဟု အညာမြေတပ်ပေါင်းစုသတင်းတာဝန်ခံ ပြောသည်။
တိုက်ပွဲအတွင်း အညာမြေတပ်ပေါင်းစုမှ တပ်ဖွဲ့ဝင် ၃ ဦး မစိုးရိမ်ဒဏ်ရာများရရှိခဲ့ပြီး လက်ရှိတွင် လုံခြုံသည့် နေရာတွင် ဆေးကုသမှုခံယူနေသည်ဟု ကိုဘိုဘိုသန့်ဇင်က ဆက်ပြောသည်။
အဆိုပါစစ်ဆင်ရေးအား အညာမြေတပ်ပေါင်းစုနှင့်အတူ ဧရာဒေါင်းတပ်ဖွဲ့၊ နယ်စည်းမခြား (PKU) ကိုရေခဲနှင့် ဗလညီနောင် ခေါင်းဆောင်လူငယ် ပြောက်ကျားတပ်ဖွဲ့၊ ဝံပုလွေ ပြောက်ကျားတပ်ဖွဲ့၊ PLO ပြောက်ကျားတပ်ဖွဲ့၊ မုန်တိုင်း ပြောက်ကျားတပ်ဖွဲ့၊ DYT ပျောက်ကြားတပ်ဖွဲ့၊ BLY ပေါက် (ပကဖ)၊ သခင်ဖိုးလှကြီး (မကွေးခရိုင် ပကဖ တပ်ခွဲ ၆)၊ Burmese Revolution Ranger, PI PDF, God fo myaing, 21bagan, Younth Guettilla force (Y.G.F) စသည့် အဖွဲ့များက ပူးပေါင်းစစ်ရေးဖော်ဆောင်ခဲ့ခြင်း ဖြစ်သည်။
ဇွန်လ ၁၂ ရက်နေ့ စစ်ရေးအခြေအနေအရ စစ်ကောင်စီ၏ အင်အား ၄၀၀ ပါ စစ်ကြောင်းမှာ ကမ္မမြို့တွင် တပ်ဖြန့်ထားပြီး ဒေသခံများထံမှ သိမ်းယူထားသည့် ကား ၃ စီးနှင့် ညောင်ဂျစ်ပင်ကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် ရိက္ခာစုဆောင်းနေသည်ဟု ဆိုကြသည်။
ထို့အပြင် ဂျိုးပျံကျေးရွာ၌လည်း ရိက္ခာတင်သည့် စစ်ကောင်စီယာဉ်တန်းများ တွေ့ရသည်ဟု မြေပြင်သတင်းပေးများ၏ ပြောပြချက်အရ သိရသည်။
NMG ပေးပို့သည်။