မကွေးတိုင်း၊ ပခုက္ကူ-ပေါက်လမ်းပိုင်းတွင် စစ်ကောင်စီစစ်ကြောင်းကြောင့် ဒေသခံ ၁၀,၀၀၀ ကျော် တိမ်းရှောင်နေကြရကြောင်း ပေါက်မြို့နယ်၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဌာနက ပြောသည်။
မေ ၂၈ ရက်နေ့က ထွက်လာသည့် ပခုက္ကူအခြေစိုက် စစ်ကောင်စီ၏ တပ်မ ၁၀၁ မှ အင်အား ၁၂၀ ဝန်းကျင်ပါ စစ်ကြောင်းသည် ပေါက်မြို့နယ် ရေပြာစခန်းကို မေ ၃၁ ရက်တွင် ရောက်ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ပေါက်မြို့နယ်သို့ရိက္ခာပို့မည့် စစ်ယာဉ်တန်း၏ ရှေ့ပြေးစစ်ကြောင်းဖြစ်ကြောင်း သိရပြီး ကမ္မ မှ ပေါက် လမ်းကြောင်းတလျှောက်ရှိ ကျေးရွာများမှဒေသခံများမှာ တိမ်းရှောင်နေရခြင်းဖြစ်သည်။
“နေထိုင်စားသောက်ရေး ဒေသခံအုပ်ချုပ်ရေးနဲ့ လူသားစာနာတို့က စီစဉ်ဆောင်ရွက်ပေးနေပါတယ်။ မိုး အဆက်မပြတ်ရွာတော့ တောထဲမှာ ကျွဲ၊ နွား၊ တိရိစ္ဆာန်တွေပါတဲ့အတွက် အခက်အခဲရှိနေတယ်” ဟု ပေါက်မြို့နယ်၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါကျေးရွာများမှ ဒေသခံများသည် စစ်ကြောင်းနှင့်လွတ်ရာ တောတောင်များနှင့်လယ်မြေများထဲတွင် စစ်ရှောင်နေကြရပြီး ယခုရက်ပိုင်း မိုးဆက်တိုက်ရွာနေတာကြောင့် အမိုးအကာနှင့် စားနပ်ရိက္ခာများလိုအပ်နေကြောင်း စစ်ရှောင်ဒေသခံများက ပြောသည်။
“ဒီစစ်ကြောင်းက ကနဦးထွက်လာတာလို့ ယူဆလို့ရတယ်။ တစ်ရာ့တစ် (တပ်မ ၁၀၁) ထဲမှာက ကားအစီးရေ တစ်ရာကျော်လောက် ပြင်ဆင်ထားတယ်လို့ သိရတယ်။ ပေါက်မြို့အတွင်းက ပျူရွာတွေကို ရိက္ခာပို့ဖို့ ရည်ရွယ်တာလို့ထင်ပါတယ်” ဟု ဒေသခံစစ်ရှောင်တစ်ဦးက ပြောသည်။
ယင်းစစ်ကောင်စီစစ်ကြောင်းတလျှောက် ကမ္မတပ်ပေါင်းစုထဲမှ ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့၏စခန်းတခု မီးရှို့ခံရပြီး ထန်းတက်သမားနှစ်ဦးလည်း ဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံများက ပြောဆိုသည်။
အလားတူ ဇွန်လ ၁ ရက်နေ့က ပခုက္ကူ တပ်မ ၁၀၁ မှ ထွက်လာသည့် ကားအစီးရေ ၁၀၀ ကျော်ပါ စစ်ကောင်စီ ရိက္ခာယာဉ်တန်း အစီးရေ ၇၀ ကျော်သည် ညနေပိုင်းတွင် ကန်တော်ရွာကိုရောက်ရှိပြီး ဇွန် ၂ ရက်တွင် ကန်တော်ရွာမှ ထွက်ခွာပြီဖြစ်ကြောင်း သိရသည်။
သံလွင်တိုင်းမ် ပေးပို့သည်။