သြဂုတ်လ ၁၅ ရက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ – NUG နှင့် ကရင်အမျိုးသားအစည်းအရုံး – KNU အပါအဝင် အခြားတိုင်းရင်းသားမဟာမိတ်များ ပါဝင်သောအဖွဲ့မှ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် မစ္စတာတွမ်ဆူလီဗန်နှင့် အွန်လိုင်းပေါ်ကနေ မြန်မာ့အရေးဆွေးနွေးပွဲတစ်ခုပြုလုပ်ခဲ့ကြပါသည်။
ဆွေးနွေးပွဲတွင် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရာ၌ စည်းလုံးညီညွှတ်ရန်၊ ပြည်သူ့ဝန်ဆောင်မှုနှင့် လူသားချင်းစာနာမှုအကူအညီမြှင့်တင်ရန် စသည့် ဒီမိုကရေစီတက်ကြွ လှုပ်ရှားသူများကို တိုက်ရိုက်ကူညီခြင်းဖြင့် အရပ်သားအုပ်ချုပ်ရေးသို့ခြေလှမ်းဖြစ်စေမည့် ပံ့ပိုးမှုများအား အမေရိကန်နိုင်ငံမှ ဆက်လက်လုပ်ဆောင်သွားမည့်အကြောင်း မစ္စတာတွမ်ဆူ လီဗန်က အလေးပေးပြောကြားခဲ့သည်ကို တွေ့ရှိရပါသည်။ 1
ထိုင်းအစိုးရမှ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီ ဘတ်ငွေ ၉ သန်းကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရပါသည်။ လာအိုနိုင်ငံမြို့တော် ဗီယန်ကျင်းတွင် ကျင်းပခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီးတွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးမှ ကတိကဝတ်ပြုထားသည့်အတိုင်း မြန်မာနိုင်ငံအတွက် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်မှ အာဆီယံ လူသားချင်းစာနာမှု အကူအညီနှင့် သဘာဝဘေးဆိုင်ရာ ညှိနှိုင်းရေးဗဟိုဌာန (AHA Centre) မှတဆင့် ဩဂုတ်လ ၂၆ ရက်တွင် ပေးအပ်ခဲ့ခြင်းဖြစ်ပါသည်။ 2
သြဂုတ်လ ၁၄ ရက်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိနှင့် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နေပြည်တော်တွင် တွေ့ဆုံခဲ့ကြပါသည်။ ယင်းသို့ တွေ့ဆုံမှုတွင် မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးကို တရုတ်နိုင်ငံအနေဖြင့် အလေးထားပူးပေါင်းဆောင်ရွက်နေပြီး ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (ERO) ၏ မြို့ရွာများအပေါ် တိုက်ခိုက်နေမှုများအား ဆန့်ကျင်ကြောင်း ပြောကြားခဲ့သည်ဟု စစ်ကောင်စီလက်အောက်ခံမီဒီယာဖြစ်သည့် မြဝတီရုပ်သံမှတဆင့် ထုတ်ပြန်ခဲ့ပါသည်။ 3
သို့သော် တရုတ်မီဒီယာများဘက်တွင် ယင်းသို့ဖော်ပြကြသည်ကို မတွေ့ရှိရဘဲ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ် ထားရှိသည့် တရုတ်နိုင်ငံ၏ ချစ်ကြည်ရေးမူဝါဒသည် မြန်မာပြည်သူတရပ်လုံးကို မျက်နှာမူကြောင်းနှင့် မြန်မာနိုင်ငံတွင် မတည်မငြိမ်ဖြစ်နေခြင်း၊ စစ်ဖြစ်ပွားနေခြင်းနှင့်ပတ်သက်၍ မြန်မာ့ပြည်တွင်းရေးအပေါ် ပြည်ပအင်အားစုမှ ဝင်ရောက်စွက်ဖက်ခြင်းကို ဆန့်ကျင်ကြောင်း ပြောကြားခဲ့သည်ကို တွေ့ရှိရပါသည်။ 4
ထို့ပြင် မစ္စတာဝမ်ယိသည် စစ်အာဏာရှင်ဟောင်းတစ်ဦးဖြစ်သူ အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်လည်း သြဂုတ်လ ၁၄ ရက်က နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရီမြို့နယ် ခြောက်လုံးတန်းအိမ်ရာတွင် တွေ့ဆုံခဲ့ပြီး၊ မြန်မာပြည်တွင်းရေးနှင့်ပတ်သက်၍ ပြည်ပမှ ဝင်ရောက်စွက်ဖက်မှုနှင့် ပြည်တွင်းတည်ငြိမ်ရေးအတွက် လိုအပ်သည့် အထောက်အပံ့များကို ဆက်လက်ကူညီပေးရန် စစ်အာဏာရှင်ဟောင်းက တောင်းဆိုခဲ့သည်ကို တွေ့ရှိရပါသည်။ 5
မစ္စတာဝမ်ယိသည် ပြီးခဲ့သည့် ဇွန်လကလည်း တရုတ်နိုင်ငံတွင် ကျင်းပသည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီးငါးရပ် ချမှတ်ခြင်း နှစ် (၇၀) ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ခဲ့သည့် သမ္မတဟောင်း ဦးသိန်းစိန်နှင့်လည်း တွေ့ဆုံခဲ့ဖူးပါသည်။
1 KNU ပါဝင်သော မဟာမိတ်အဖွဲ့များ အမေရိကန်နိုင်ငံ၊ နိုင်ငံခြားရေး အတိုင်ပင်ခံနှင့်တွေ့ဆုံ၍ မြန်မာ့အရေးဆွေးနွေး၊ Karen Information Center၊ ၁၇ သြဂုတ် ၂၀၂၄။
2 ထိုင်းက မြန်မာအတွက် လူသားချင်းစာနာမှုအကူအညီ ဘတ် ၉ သန်းလှူဒါန်း၊ DVB၊ ၂၇ သြဂုတ် ၂၀၂၄။
3 တရုတ်နိုင်ငံခြားရေးဝန်ကြီး နှင့် စစ်ခေါင်းဆောင်တွေ့ဆုံ ၊ ရှမ်းမြောက်ဖြစ်စဉ် တရုတ်ဆန့်ကျင်ဟုဆို၊ Mizzima၊ ၁၅ သြဂုတ် ၂၀၂၄။
4 တရုတ်နိုင်ငံအား အိုးမဲသုတ်အပုပ်ချပြောဆိုမှု ဆန့်ကျင်ကြောင်း တရုတ်ဝန်ကြီးဝမ်ယိက မြန်မာ စစ်ခေါင်းဆောင်နှင့် တွေ့ဆုံ ပြော၊ DVB၊ ၁၅ သြဂုတ် ၂၀၂၄။
5 စစ်အာဏာရှင်ဟောင်း သန်းရွှေနှင့် တရုတ်နိုင်ငံခြားဝန်ကြီးတွေ့ဆုံ၊ ပြည်တွင်းတည်ငြိမ်ရေးကို ကူညီပေးရန် တောင်းဆို၊ DVB၊ ၁၅ သြဂုတ် ၂၀၂၄။