27 ဇွန် 2025 /

See today's Peace Related News

နိုင်ငံတကာစာမျက်နှာတရုတ်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်း တိုက်ပွဲဖြစ်ပွားနေသည်ကို မလိုလားဘဲ ဆွေးနွေးဖြေရှင်းကြဖို့သာ တိုက်တွန်းကြောင်း...

တရုတ်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်း တိုက်ပွဲဖြစ်ပွားနေသည်ကို မလိုလားဘဲ ဆွေးနွေးဖြေရှင်းကြဖို့သာ တိုက်တွန်းကြောင်း…

လာအိုနိုင်ငံ ဗီယမ်ကျင်းမြို့မှာကျင်းပနေတဲ့ ၃၁ ကြိမ်မြောက် အာဆီယံ ဒေသတွင်း လုံခြုံရေးဆွေးနွေးပွဲ (Asean Regiona Forum-ARF) (ဩဂုတ် ၁၊ ၂၀၂၄) Photo – AFP

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေသည့် တိုက်ပွဲများမှ အရပ်သားပြည်သူများအား ထိခိုက်မှုမရှိအောင် ကာကွယ်ပေးကြရန် အာဆီယံဒေသတွင်း လုံခြုံရေးဆွေးနွေးပွဲ (Asean Regional Forum-ARF) တွင်ပါဝင်သော အဖွဲ့ဝင်နိုင်ငံများက သြဂုတ် ၁ ရက်တွင် တိုက်တွန်းထားသည်။ လက်ရှိတွင် နိုင်ငံတစ်ဝန်း စစ်ရေးပဋိပက္ခ အရှိန်မြင့်လာပြီး အရပ်သားများ သေဆုံးခြင်းအပြင် အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရခြင်းကြောင့် ယခုကဲ့သို့ တောင်းဆိုမှုများထွက်ပေါ်လာခြင်းဖြစ်သည်။

အဆိုပါ အာဆီယံဒေသတွင်း လုံခြုံရေးဆွေးနွေးပွဲသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများအပြင် အမေရိကန်၊ အီးယူ၊ တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ ဩစတြေးလျနှင့်ရုရှားနိုင်ငံတို့လည်း တက်ရောက်ခဲ့ကြသည်။ 1

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM ) အနေဖြင့် မြန်မာ့စစ်ကောင်စီတပ်၏ အရပ်သားများအပေါ် ကျူးလွန်သော ပြန်ပေးဆွဲမှု၊ မုဒိမ်းမှုများအပါအဝင် ရာဇဝတ်မှုများကျူးလွန်ထားသော အထောက်အထားများကိုရရှိထားကြောင်း သြဂုတ် ၁၃ ရက်တွင် အစီရင်ခံစာထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ ကြီးလေးသည့် ရာဇဝတ်မှုများအတွက် မည်သည့် စစ်ဘက် သို့မဟုတ် အရပ်ဘက် အရာရှိတစ်ဦးဦးအား တရားစွဲမှုလုပ်ထားခြင်းမရှိသည့်အပြင် စုံစမ်းစစ်ဆေးမှုလုပ်သည်ဆိုသည့် အချက်အလက်များပင် မရရှိကြောင်း IIMM ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ သို့သော် IIMM ၏ ဦးစားပေးစုံစမ်းစစ်ဆေးမှု မူဝါဒနှင့်အညီ အဆိုပါအမှုများ၏ ပြင်းအားနှင့် အတိုင်းအဆကို ဆက်လက်အကဲဖြတ်သွားမည်ဖြစ်ကြောင်းလည်း ဆက်လက်ပြောဆိုထားသည်။ 2

သြဂုတ် ၁၁ ရက်တွင်လည်း ကုလသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံအတွင်း ပိုမိုပြင်းထန်လာသည့် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ အမြောက်အများ သေကြေဒဏ်ရာရရှိခြင်းနှင့်ပတ်သက်ပြီး အပြင်းထန်ဆုံး ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့ပြင် လက်ရှိပဋိပက္ခတွင် ပါဝင်ပတ်သက်နေသော သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးအနေဖြင့် နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေနှင့်အညီ အရပ်သားပြည်သူများနှင့် ၎င်းတို့၏ပိုင်ဆိုင်မှုများကို အကာအကွယ်ပေးရန် လိုအပ်သည့်အပြင် လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ ပေးပို့ခွင့်ပြုဖို့လည်း ခွင့်ပြုသင့်ကြောင်း ထောက်ပြထားပါသည်။ မြန်မာနိုင်ငံတွင် လူဦးရေ ၁၉ သန်းနီးပါး အကူအညီလိုအပ်နေပြီး လူသားချင်းစာနာမှုအကူအညီ အမေရိကန်ဒေါ်လာ သန်းတစ်ထောင်နီးပါးလိုအပ်သော်လည်း လက်ရှိတွင် ၂၁၄ သန်းသာရရှိသေးကြောင်း UNOCHA က ဆိုထားပါသည်။ 3

KNU ထိန်းချုပ်နယ်မြေ ဘီးလင်းမြို့နယ်ရှိ ခေါပိုးပလယ်(မင်းစော) အလယ်တန်းကျောင်းကို လေကြောင်းမှ တိုက်ခိုက်ခံရအပြီး ပျက်စီးသွားသည့် မြင်ကွင်းတစ်ခုအား ၂ဝ၂၄ ခုနှစ် မတ်လ ၂၄ ရက်နေ့က တွေ့ရစဉ်။
Photo: CITIZEN JOURNALIST

အာဏာသိမ်းကာလတလျှောက် စစ်ကောင်စီတပ်နှင့် သံတမန်ဆက်ဆံရေး ပိုမိုနီးနီးကပ်ကပ်ရှိသည့် တရုတ်နိုင်ငံက မြန်မာနိုင်ငံအပေါ် ၎င်းတို့၏ မူဝါဒနှင့်ပတ်သက်ပြီး ထုတ်ပြောလာသည်ကို တွေ့ရှိရပါသည်။ တရုတ်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်း တိုက်ပွဲဖြစ်ပွားနေသည်ကို မလိုလားဘဲ ဆွေးနွေးဖြေရှင်းကြဖို့သာ တိုက်တွန်းကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Ms. Mao Ning မော်နင်က ဩဂုတ်လ ၉ ရက်တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့ပါသည်။

ထို့ပြင် တရုတ်အစိုးရအနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်အသစ်တစ်ဦးအဖြစ် မစ္စမာကျားဆိုသူကို ခန့်အပ်မှုအား စစ်ကောင်စီတပ်မှ သဘောတူကြောင်း သြဂုတ် ၁၂ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူး ကိုယ်စားလှယ် မစ္စတာ တိန့်ရှီးကျွင်းမှ နေပြည်တော်တွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံပြီးနောက် ယခုကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါသည်။ 4

သြဂုတ် ၈ ရက်က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းနှင့် စစ်ကောင်စီခေါင်းဆောင်တို့သည် နေပြည်တော်တွင်တွေ့ဆုံခဲ့ပါသည်။ 5 သို့သော် ၎င်းတို့ တွေ့ဆုံဆွေးနွေးမှုမှာ အဆင်မပြေခဲ့ကြောင်း၊ “ ၁၀၂၇ စစ်ဆင်ရေး” တွင် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် တော်လှန်ရေးအင်အားစုများ အသုံးပြုခဲ့သည့် လက် နက်ခဲယမ်းများတွင် တရုတ်နိုင်ငံက ပေးထားသည့် လက်နက်ခဲယမ်းများ ပါရှိနေခြင်းကြောင့် တရုတ်နိုင်ငံ၏ သဘောထားရပ်တည်ချက်အပေါ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တရုတ်အထူးကိုယ်စားလှယ်နှင့် တွေ့ဆုံချိန်တွင် မေးခွန်းထုတ်ခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့ပါသည်။ 6

သြဂုတ် ၁၃ ရက်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိမှ မြန်မာနိုင်ငံခရီးစဉ် သွားရောက်ရန်ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါသည်။ နိုင်ငံခြားရေးဝန်ကြီးသည် ထိုင်းနိုင်ငံတွင်ကျင်းပမည့် ၉ ကြိမ်မြောက် လန်ချန်း-မဲခေါင် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ပြီး၊ ဩဂုတ် ၁၄ ရက်မှ ၁၇ ရက်အထိ ဝန်ကြီး၏ ၄ ရက်ကြာ ခရီးစဉ်တွင် တရုတ်၊ လာအို၊ မြန်မာနှင့် ထိုင်း နိုင်ငံခြားရေးဝန်ကြီးများနှင့် အလွတ်သဘော တွေ့ဆုံသွားမည်ဖြစ်သည်။ 7

1 မြန်မာနိုင်ငံပဋိပက္ခတွေမှာ အရပ်သားတွေကို အကာအကွယ်ပေးဖို့ ARF တိုက်တွန်း
2 မုဒိမ်းမှုများအပါအဝင် စစ်ကောင်စီတပ်၏ ရာဇဝတ်မှု ကျူးလွန်သည့် အထောက်အထားများ
ရရှိထားကြောင်း IIMM ထုတ်ပြန်
3 အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေသေဆုံးရမှု ကုလ ပြင်းပြင်းထန်ထန်ရှုတ်ချ
4 မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်အဖြစ် အမျိုးသမီး သံတမန်သစ် ခန့်အပ်မည်
5 စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်သုံးဖွဲ့ကြား ဟိုင်ဂင်ဆွေးနွေးပွဲဖြစ်မြောက်ရေး တရုတ်အထူး
ကိုယ်စားလှယ်လာရောက်ဟုဆို
6 တရုတ်အထူးကိုယ်စားလှယ်နှင့် စစ်ခေါင်းဆောင် တွေ့ဆုံဆွေးနွေးမှု အဆင်မပြေ
7 တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ မြန်မာပြည်သွားမည်