ကချင်ပြည်နဲ့ ရှမ်းပြည်အစပ် ရှမ်းမြောက်ဒေသ မဘိန်းမြို့နယ်ထဲက ငအိုး – မဘိန်း ကားလမ်းပိုင်းမှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ခရီးသည်တင်ကားတစ်စီးထိမှန်ပြီး အရပ်သား ၂ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရသွားတယ်လို့ မံဝင်းဒေသခံတွေဆီက သိရသည်။
KIA တပ်ရင်း ၁၂ နယ်မြေ မဘိန်း–ငအိုး ကားလမ်းပေါ်ရှိ ခိုတာကျေးရွာအနီးကို ဒီဇင်ဘာ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာတစ်စီးနှင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မဘိန်းမြို့ထဲသွားမယ့် ခရီးသည်တင်ကား ၁ စီး ထိမှန်ခဲ့ပြီး အရပ်သားပြည်သူ ၅ ယောက် ထိခိုက် သေဆုံးမှုရှိခဲ့တယ်လို့ မဘိန်းဘက်ကို ခရီးသွားခဲ့တဲ့ မျက်မြင်တွေ့ခဲ့ရသူ ရွှေကူနယ် မံဝင်းကျေးရွာ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“အလွတ်ကြီး လာကြဲချသွားတာ၊ ကြဲတာက ၂ လုံး ကြဲတယ်။ ကားလမ်းပေါ်မှာပဲ ကြဲသွားတာ၊ လိုင်းကားတစ်စီး မှန်သွားတော့ ကားထဲက ကားစပယ်ယာရောပွဲချင်းပြီး၊ နောက်ကားဆရာရောပွဲချင်းပြီး သေတာက ၂ ယောက် ကျန်တဲ့ မိန်းခလေး ၃ ယောက်ကတော့ ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားတယ်” ဟု အဆိုပါဒေသခံအမျိုးသားက ပြောသည်။
သေဆုံးသွားသည့် အမျိုးသား ၂ ဦးသည် ကသာမြို့နယ် ပျဥ်ထောင်လေးကျေးရွာထဲက ကားသမားတစ်ဦးနဲ့ ကျောက်ထုံးကြီးကျေးရွာထဲက ကားပစယ်ယာဆိုသူတို့ ဖြစ်သည်။
“ဒဏ်ရာရသွားတဲ့အမျိုးသမီး ၃ယောက်က အသက် ၄၀ ဝန်းကျင်လောက်တွေပဲ၊ ထီးချိုင့်လမ်းပိတ်နေလို့ ဒီဘက်လမ်းကနေ ပတ်ပြီး လာတာလို့ ပြောတယ်။ တစ်ယောက်ကတော့ အခြေနေအတော်လေးဆိုးတယ် စစ်ကိုင်းဘက်ကိုပဲ ပြန်သယ်သွားတယ်။ ဒဏ်ရာရတဲ့သူတွေကို” လို့ အဆိုပါဒေသခံအမျိုးသားက ဆက်ပြောသည်။
စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ဘဲ အခုလိုဗုံးကြဲခဲ့တာနဲ့ ပတ်သက်ပြီး KIA တပ်ရင်း ၁၂ လက်အောက်ခံ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက အခုလို ပြောသည်။
“အဲ့ဘက်က ရင်း ၁၂ နယ်မြေ ဆိုပေမယ့် AA လည်း လှုပ်ရှားတာရှိတယ်လေ၊ အဲ့ဒါမနေ့က ကြားတာတော့ AA ထောက်ပို့လမ်းကြောင်း ရှိလို့တဲ့၊ အဲ့ထောက်ပို့လမ်းကြောင်းကို လှမ်းပစ်တာလို့ ပြောတယ်” ဟု ဆိုသည်။
မဘိန်းဘက်ကို ဗုံးကြဲချသွားတဲ့ ဂျက်ဖိုက်တာလေယာဉ်သည် မဘိန်းနယ်ထဲက ခေါတောကျေးရွာ၊ ရမ်ဘိုကျေးရွာအထက်နှင့် အောက်စတဲ့ ကျေးရွာတွေဘက်မှာလည်း ဝဲပျံခဲ့တယ်လို့ သိရသည်။
KNG ပေးပို့သည်။