တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် အောက်ပိုင်းရှိ ကျေးရွာအချို့တွင် ပြီးခဲ့သည့် မေလနောက်ဆုံးအပတ်ကတည်းက စစ်အုပ်စုစစ်ကြောင်းထိုးပြီး ရွာအတွင်း တပ်စွဲအထိုင်ချထားသောကြောင့် ဒေသခံများ နေရပ်မပြန်နိုင်ကြကြောင်း သိရသည်။
စစ်ပြဲကျေးရွာမှအစပြုပြီး လောင်းလုံးအောက်ဘက်ကျေးရွာများသို့ မေလ (၂၂) ရက်ကတည်းက စစ်ကြောင်းထိုးခဲ့သော စစ်အုပ်စုသည် လက်ရှိအချိန်ထိ စစ်ပြဲနှင့် ညင်းမော်ရွာတွင် တပ်အထိုင်ချနေခြင်းကြောင့် ရွာခံများ နေအိမ်မပြန်ရဲကြခြင်းဖြစ်သည်ဟု တော်လှန်ရေးတပ်ဖွဲ့အပါအဝင် ဒေသခံများကပြောသည်။
“အဲဒီအဖွဲ့က ကြားထဲမှာ မြို့ပေါ်ပြန်တက်လိုက်သေးတယ်။ ပြီးခဲ့တဲ့တစ်ပတ်လောက်မှ ပြန်ဆင်းလာပြီး ညင်းမော်နဲ့စစ်ပြဲမှာ ယာယီတပ်စွဲထားပြီး သွားလာနေတာ။ မြို့နဲ့အဲဒီရွာတွေက သိပ်မဝေးဘူးလေ အဲဒါကြောင့် သူတို့ကြိုက်သလိုသွားနေတာ။ ဒေသခံတွေကတော့ စစ်ရှောင်နေရတုန်းပဲ” ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။
၎င်းစစ်အုပ်စုကို တော်လှန်ရေးတပ်ဖွဲ့က ဒရုန်းနှင့်သွားရောက်ပစ်ခတ်ခြင်း ရှိသည်ဟု ဆိုသည်။
စစ်အုပ်စုဘက်ကလည်း လက်နက်ကြီးများဖြင့် လောင်းလုံးအောက်ဘက်သို့ ပစ်ခတ်မှုရှိပြီး လတ်တလော တပ်စွဲထားသည့် စစ်ပြဲရွာမှနေအိမ်အချို့ကို မီးရှို့ဖျက်ဆီးမှုလုပ်ဆောင်ခဲ့ကြောင်းလည်း တော်လှန်ရေးတပ်ဖွဲ့နှင့် ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဇွန်လပထမအပတ်တွင် စစ်အုပ်စုက ရည်ရွယ်ချက်ရှိရှိမီးရှို့ခြင်းကြောင့် စစ်ပြဲရွာမှ နေအိမ် (၈) လုံး မီးလောင်ပျက်စီးခဲ့သလို ညင်းမော်ရွာတွင်လည်း ပစ္စည်းခိုးယူခံရ၊ လူသားဒိုင်းလုပ်ဖမ်းဆီးခံရခြင်းတို့ရှိခဲ့သည်ဟု လောင်းလုံးဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
၎င်းဒေသခံက “စစ်ပြဲမှာမီးရှို့ပြီး ညင်းမော်ဝင်သွားတယ်။ အိမ်ပိုင်ရှင်တွေကပြေးနေတော့ ထိခိုက်တာမရှိဘူး။ ညင်းမော်မှာလည်း ဆိုင်ကပစ္စည်းတွေဘာတွေယူကြတယ်။ ရွာတွေကိုဝင်လာရင် တွေ့တဲ့သူဖမ်းတာပဲ လူသားဒိုင်းပုံစံမျိုးပေါ့။ သူတို့ကအဲ့လိုပဲ ဖမ်းပြီးပြန်လွှတ်တာလည်းရှိတယ် မလွှတ်တာလည်းရှိတယ်။ အခုတစ်ခေါက်ကတော့ အကုန်လွတ်ပြီး” ဟု ကေအိုင်စီကို ပြောသည်။
ပြီးခဲ့သည့် မေလ (၂၃) ရက်နေ့ကလည်း အဆိုပါစစ်အုပ်စုစစ်ကြောင်းမှာ ဂေါ့အင်းကျေးရွာရှိ ဒေသခံနေအိမ်များအတွင်း လိုက်လံတပ်စွဲနေ၍ တော်လှန်ရေးတပ်ဖွဲ့တိုက်ခိုက်ခံရပြီး စစ်အုပ်စုတပ်ဖွဲ့ဝင် (၃) ဦး သေဆုံးခဲ့သေးကြောင်း လောင်းလုံး ပကဖက ထုတ်ပြန်ထားသည်။
ဒေသခံနေထိုင်သည့် ကျေးရွာများသို့ စစ်အုပ်စု စစ်ကြောင်းလှည့်လည်စဥ် စစ်ဘေးရှောင်ရခြင်းနှင့် နေအိမ်မီးရှို့ခံရသည့်ဖြစ်စဥ်များမှာ တနင်္သာရီတိုင်းဒေသကြီးတွင် အာဏာသိမ်းပြီးနောက်ပိုင်း အများအပြားဖြစ်ပွားခဲ့ကြောင်းလည်း ဒေသအခြေစိုက် လူ့အခွင့်အရေးအဖွဲ့များက ထုတ်ဖော်ပြောဆိုခြင်းရှိသည်။
ကေအိုင်စီ