ကရင်နီပြည်၊ မယ်စဲ့မြို့နယ်ထဲရှိ ပန်တိမ်းတပ်စခန်းကနေ ဖားဆောင်းမြို့ဘက်ကို ဆုတ်ခွာသွားတဲ့ စစ်ကောင်စီတပ်ကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၂၀ ဦး သေဆုံးခဲ့တယ်လို့ ကရင်နီပြည်တပ်မတော် KA ရဲ့ စစ်ရေးချုပ်ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောသည်။
“ပန်တိမ်းကနေ ဆုတ်သွားတဲ့လူတွေပေါ့။ ကျနော်တို့ဘက်က ကြားဖြတ်တိုက်တော့ ၂၅ ရက်နေ့မှာ ကြားဖြတ် တိုက်တာ၊ ၂၇ ရက်နေ့မှာ ရှင်းလင်းတော့ အလောင်းတွေ ရှိတယ်လေ။ အလောင်း ၂၀ ၊ ကျောပိုးအိတ် ၂၀ လုံး” လို့ ဗိုလ်မှုးကြီးဘုန်းနိုင်က ပြောပါသည်။
ဆုတ်ခွာသွားသည့်တပ်များမှာ တပ်မ ၅၅ လက်အောက်ခံတပ်ရင်း ခမရ ၅၁၂ ဖြစ်ပြီး၊ နိုဝင်ဘာ ၂၇ ရက်နေ့က နယ်မြေရှင်းလင်းခဲ့ရာ သေဆုံးနေသည့် စစ်ကောင်စီတပ်သား ၂၀ ဦး ရှိပြီး၊ ၁ ဦးကို အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဗိုလ်မှုးကြီးဘုန်းနိုင်က ဆက်ပြောသည်။
လက်ရှိတွင် သံလွင်အရှေ့ဘက်ခြမ်း၊ မယ်စဲ့မြို့နယ်တခွင်၌ စစ်ကောင်စီတပ်တွေ မရှိတော့ဘူးဟု ဆိုသည်။
ဆုတ်ခွာစဉ်မှာ ကြားဖြတ်တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီ စစ်ကြောင်းတွေထဲက လွတ်မြောက်သွားတဲ့ တပ်သားများမှာ ဖားဆောင်မြို့မှာရှိသည့် ခလရ ၁၃၄ ၊ ခလရ ၁၃၅ တပ်စခန်းကို ရောက်ရှိသွားပြီဖြစ်တယ်လို့ ၎င်းက ဆိုသည်။
“မယ်စဲ့တခွင်လုံးက သံလွင်မြစ်အရှေ့ဘက်ခြမ်းမှာ ရန်သူမရှိတော့ဘူး။ ဖားဆောင်းတံတား သံလွင်မြစ် အနောက်ဘက်ကမ်းမှာက ရန်သူရှိသေးတယ်။ ပြန်ဆုတ်တဲ့ရန်သူက အဲ့မှာ ကျန်ခဲ့မယ်လေနော” လို့ ဗိုလ်မှုးကြီး ဘုန်းနိုင်က ပြောပါသည်။
ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များဖြစ်သည့် KA ၊ KNPLF ၊ KNDF ၊ PDF တွေက ကြားဖြတ်တိုက်ခိုက် ရှင်းလင်းခဲ့ကြတာ ဖြစ်တယ်လို့ သိရသည်။
မယ်စဲ့မြို့ရှိ ပန်တိမ်းတပ်စခန်းအနီးကို တော်လှန်ရေးပူပေါင်းတပ်ဖွဲ့များက ပြီးခဲ့သည့် နိုဝင်ဘာလ ၇ ရက်နေ့၌ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၁၀ ဦးနှင့်အထက် သေဆုံးကာ ကရင်နီတပ်မတော်ဘက်က ၂ ဦး ကျဆုံးခဲ့သည်။
ကန္တာရဝတီတိုင်း (မ်)-ပေးပို့သည်။