ထားဝယ်အရှေ့တောတိုက်ပွဲမှာ နှစ်ဖက်ထိခိုက် သေဆုံးတာတွေ ရှိခဲ့

By MPM 16 ဇန်နဝါရီ, 2023 👁

တနင်္သာရီတိုင်းဒေသကြီး၊ အရှေ့တောဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း နှစ်ဖက်ထိခိုက် သေဆုံးတာတွေရှိခဲ့ပြီး စစ်ကောင်စီဘက်က အထိနာခဲ့တယ်လို့ ဥသြစစ်ကြောင်း (ထားဝယ်မြို့နယ်) ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်နေ့နဲ့ ၇ ရက်နေ့တွေမှာ ပခပ်တံတားအနီး ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်၊ ထားဝယ်ဘက်ကနေ ဆင်းလာတဲ့ စစ်ကောင်စီတပ် အင်အား ၁၀၀ ဝန်းကျင်ပါတဲ့ စစ်ကြောင်းတွေကို ဥသြစစ်ကြောင်းကနေ ၄၀ မမ၊ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၂၀ ဦးထက်မနည်း သေဆုံးခဲ့သလို ဥသြစစ်ကြောင်းဘက်က ဒုစစ်ကြောင်းမှူး ၁ ဦးကျဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဥသြစစ်ကြောင်း (ထားဝယ်မြို့နယ်) ပြန်ကြားရေးတာဝန်ခံကတော့ အဲဒီတိုက်ပွဲပြီးနောက် နှစ်ဖက်စစ်ရေး ဆက်လက် တင်းမာနေသလို စစ်ကောင်စီတပ်က ကင်းပုန်းတွေ ပိုချလာတာကြောင့် တိုက်ပွဲတွေ ပြင်းထန်လာနိုင်တယ်လို့ ပြောပါတယ်။

ဒါကြောင့် တိုက်ပွဲတွေ ထပ်မံဖြစ်ပွားလာပါက ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်တွေရဲ့ လူသားဒိုင်းအဖြစ် အသုံးချမခံရဖို့ ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်း၊ စာသင်ကျောင်းတွေမှာ စစ်ဘေးမရှောင်ကြဖို့ တိုက်တွန်းတာပါ။

ထားဝယ်အရှေ့တောဒေသမှာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တို့ကြား ထိတွေ့တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး ထားဝယ်-ထီးခီးလမ်းပိုင်းကလည်း တိုက်ပွဲတွေကြောင့် မကြာခဏ လမ်းပိတ်တာနဲ့ သွားလာခွင့် ကန့်သတ်ခံနေရပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။