ပင်းတယမြို့နယ် စစ်ကောင်စီမှ အမျိုးသမီးများကို ကိုယ်ထိလက်ရောက်ကျူးလွန်နေ

0
232

သျှမ်းပြည် တောင်ကြီးခရိုင် ပင်းတယမြို့နယ်အတွင်းတွင် လုံခြုံရေးကိုအကြောင်းပြပြီး စစ်ကောင်စီတပ်သားများက အမျိုးသမီးငယ်များကို ကိုယ်ထိလက်ရောက် ကာယိန္ဒြေကျူးလွန်မှု ပြုလုပ်နေကြောင်း စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂ ရက်တွင် သျှမ်းပြည် တောင်ကြီးခရိုင် ပင်းတယမြို့နှင့် ရွာငံမြို့ကြားတွင်ရှိသည့် စစ်ကောင်စီ စစ်ဆေးရေးဂိတ်တစ်ခုတွင် လမ်းသွားလမ်းလာ အမျိုးသမီးများကို ဂိတ်စောင့် စစ်သားများက မဖွယ်မရာ ကိုယ်ထိလက်ရောက်ကျူးလွန်နေကြောင်း ဖြစ်စဥ်ကို သိရှိသည့် အသက် ၅၀ ကျော် ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်ဆေးရေးဂိတ်ကို ဆိုင်ကယ် ဆင်းတွန်းခိုင်းပြီး ဖြတ်နေတဲ့ကောင်မလေးကို စစ်သားတစ်ယောက်က ရင်သားကို လှမ်းကိုင်လာတယ်၊ ကောင်မလေးက လန့်ပြီးအော်တော့ အော်ရကောင်းလားဆိုပြီး ခြေထောက်နဲ့ ထပ်ကန်တယ်” ဟု အထက်ပါဒေသခံက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဂိတ်စောင့် စစ်ကောင်စီ တပ်သား၏ ကာယိန္ဒြေ ကျူးလွန်မှု ခံရသော အမျိုးသမီးငယ်သည် အသက် ၁၉ နှစ်ဝန်းကျင်ရှိပြီး ကာယိန္ဒြေကျူးလွန်သည့်အပြင် ခြေထောက်ဖြင့်ပါ ထပ်ကန်သည့်အတွက် ဆိုင်ကယ်နှင့် အတူလှဲသွားပြီး ခြေထောက်၊ ဒူး၊ တံတောင်ဆစ်နှင့် မျက်နှာတွင် ထိခိုဒဏ်ရာ ရရှိသွားကြောင်းလည်း သိရသည်။

“ရင်သားကိုင်ခံရတဲ့ ကောင်မလေးက ခြေထောက်နဲ့ ထပ်ကန်ခံရတယ်၊ အဲ့ကြောင့် ဆိုင်ကယ်နဲ့ လူနဲ့ ရောချလဲသွားပြီး ဒူးခေါင်းနဲ့ တံတောင်ဆစ်၊ ပြီးတော့ မျက်နှာတွေမှာ ဒဏ်ရာရသွားတယ်၊ အခု အိမ်ပြန်ရောက်ပြီဆိုပေမဲ့ အဖျားတွေတက်နေတယ်” ဟု အထက်ပါပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ယင်းကိစ္စဖြစ်စဥ်နှင့်ပတ်သက်ပြီး ကျူးလွန်ခံရသူ အမျိုးသမီးငယ်၏ မိဘဆွေမျိုးများက ပင်းတယမြို့ရှိ ရဲစခန်းသို့ အမှုဖွင့်တိုင်ကြားခဲ့သော်လည်း မည်သည့်ကူညီဆောင်ရွက်မှုမှမရှိကြောင်း နီးစပ်သူ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကောင်မလေးရဲ့မိဘဆွေမျိုးတွေကတော့ ရဲစခန်းကို သွားတိုင်တာပေါ့၊ ပင်းတယက ရဲစခန်းကို သွားတိုင်ကြတာ၊ ဒီကိစ္စက ရဲစခန်းဘာမှ လုပ်မပေးနိုင်ဘူးဆိုပြီး ပြန်ပြောတယ်” ဟု နီးစပ်သူ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူပင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ နှောင်းပိုင်းကာလတွင်လည်း ပင်းတယနှင့် ရွာငံကြားရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တစ်ခုမှ စစ်သားသည် လမ်းသွားလမ်းလာ ဆိုင်ကယ်စီး အမျိုးသမီးနှစ်ဦးကို လက်ကိုင်ပြီး ရိသဲ့သဲ့ စကားပြောကြောင်းလည်း သိရသည်။

“အဲ့ဒီ စစ်ကောင်စီ စစ်ဆေးရေးဂိတ်က ပင်းတယနဲ့ ရွာငံကြားမှာဖြစ်တာ၊ စစ်ကောင်စီတပ်သားနဲ့ PNO/PNA စစ်သားတွေလည်း စောင့်နေတယ်၊ ပြီးတော့ ဒေသခံ ပျူစောထီးတွေလည်းပါတယ်၊ ကောင်မလေးလက်ကိုကိုင်ပြီး ချောတယ်နော်ဆိုပြီး ရိသဲ့သဲ့ပြောတာ” ဟု မျက်မြင်တွေ့ရသူ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် တောင်ကြီး – ဟဲဟိုး – ပင်းတယ – ရွာငံ လမ်းပိုင်းတစ်လျှောက်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များတွင် စစ်ကောင်စီတပ်သားအပြင် PNO/PNA စစ်သားများနှင့် ဒေသခံ ဗျူစောထီးများလည်း ပါဝင်နေကြပြီး လိင်အကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာစော်ကားခံရမှုများနှင့် ကိုယ်ထိလက်ရောက် ကျူးလွန်မှုများလည်း နေရာအနှံ့တွင်ရှိနေကြောင်း အထက်ပါအမျိုးသမီးက ဆက်ပြောသည်။

“ အမျိုးသမီးတွေအပေါ် နှုတ်နဲ့ စော်ကားပြောဆိုတာတွေ ညစ်ညှမ်းအသုံးအနှုန်းတွေနဲ့ ပြောဆိုတာတွေ ကြုံရသူ မနည်းဘူး၊ မိန်းကလေးဆိုတော့လည်း တချို့ကလည်း ရှက်ကြလို့ ဘာမှ ပြန်မပြာရဲကြဘူး၊ ဒီလိုမျိုးနဲ့ ပျောက်သွားတဲ့ လူမသိသူမသိတွေလည်း များတယ်” ဟု အထက်ပါ အမျိုးသမီးက ဆက်ပြောထားသည်။

စစ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ယနေ့အချိန်ထိ နိုင်ငံနှင့်တဝှမ်းလုံးရှိ စစ်ကောင်စီတပ်သားများသည် အကြမ်းဖက်လုပ်ရပ်များကြောင့် ပြည်သူများက အပြင်ထွက်သွားလာရေးနှင့် လုံခြုံရေးပိုင်းဆိုင်ရာများအတွက် အထူးစိတ်ပူနေရကြောင်း သိရသည်။

မိန်းကလေးတစ်ဦး၏ ကာယိန္ဒြေပျက်စီးစေရန်အကြံဖြင့် လက်ရောက်မှု သို့မဟုတ် ပြစ်မှုမကင်းသော အနိုင်အထက်ပြုမှုများသည် ရဲအရေးပိုင်သော ပြစ်မှုဖြစ်ပြီး ပြစ်ဒဏ်သည် ထောင်ဒဏ် ၂ နှစ်အထိ ထောင်ဒဏ်တစ်မျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ သို့မဟုတ် ဒဏ်နှစ်ရပ်စလုံး ချမှတ်နိုင်ကြောင်းလည်း သိရသည်။

သျှမ်းသံတော်ဆင့် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here