ဒီးမော့ဆိုမှာ လက်နက်ကြီးထိမှန်ပြီး သက်ကြီးရွယ်အို တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

0
241
Photo: လက်နက်ကြီးကြောင့် အသက်ဆုံးခဲ့ရတဲ့ အသက် ၅၅ နှစ်အရွယ် ဒေါ်စုမြာ

ကရင်နီပြည် ဒီးမော့ဆိုမြို့မှာ ဇန်နဝါရီလ ၃ ရက် ည ၇ နာရီဝန်းကျင်အချိန် စစ်ကောင်စီအခြေစိုက်တပ်တွေရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒီးမော့ဆို အနောက်ဖက်ခြမ်းက အသက် ၅၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိပြီး သွေးထွက်လွန် သေဆုံးခဲ့ရသလို ဒီးမော့ဆို အရှေ့ဖက်ခြမ်းက အသက် ၇၇ နှစ်အရွယ် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဒီးမော့ဆိုအနောက်ဖက်ခြမ်း စစ်ရှောင်စခန်းတစ်နေရာမှာ လက်နက်ကြီး ၂ လုံး ကျရောက်ခဲ့ပြီး လက်နက်ကြီးစထိမှန်မှုကြောင့် စစ်ရှောင်တဲထဲ အိပ်နေတဲ့ အသက် ၅၅ နှစ်အရွယ် ဒေါ်စုမြာရဲ့ ညာဖက်ပေါင် ထိမှန်ပြီး သေဆုံးခဲ့ရတယ်လို့ ဒေါ်စုမြာ ခင်ပွန်းဖြစ်သူက ပြောပြပါတယ်။

“တဲရဲ့ ခေါင်းမိုးကနေ ဖောက်ပြီး ထိသွားတာ။ ပေါင် ကျိုးသွားပြီ သူပြောတော့ ကျနော့် သူ့ကိုဖက်ပြီး ဘာမဖြစ်ဘူး မကျိုးဘူး ကျနော် သူ့ကို ပြောတယ်။ ဒါပေမယ့် သူ သွေးထွက်တအားများတော့ အသက်ဆုံးသွားတယ်။“ လို့ ဒေါ်စုမြာ ခင်ပွန်းဖြစ်သူက ပြောပါတယ်။

ဒေါ်စုမြာဟာ ဒေါနိုးကူးရွာဒေသခံဖြစ်ပြီး နေ့ဖက်တွေမှာဆို ရွာမှာ ပြန်အလုပ်လုပ်ကာ ညဖက်ဆိုရင် စစ်ရှောင်တဲဆီ ပြန်အိပ်တာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီစစ်ရှောင်နေရာမှာ အလားတူတဲအိမ်နဲ့ နေထိုင်တဲ့သူ စစ်ရှောင်အယောက်၂၀ ဝန်းကျင်ရှိနေပါသေးတယ်။

ဒါ့အပြင် ဒီးမော့ဆိုအရှေ့ဖက်ခြမ်းမှာလည်း ညနေပိုင်းအချိန် လက်နက်ကြီး ကျရောက်ခဲ့တဲ့အတွက် လေဖြတ်ဝေဒနာခံစားနေရတဲ့ အသက် ၇၇ နှစ်အရွယ် အမျိုးသားတစ်ဦး လက်နက်ကြီးစ ထိမှန်ခဲ့ပြီး ဘယ်ဖက်လက် အရိုးကျိုးသွားတယ်လို့ မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက ပြောပြပါတယ်။

“၇ နာရီ မိနစ်လေးဆယ်အချိန်မှာ ကျထိတာ။ သက်ကြီးအမျိုးသားတစ်ဦးကို စင်ထိသွားတာ။သူက လေဖြတ်နေတယ်။ ပြီးတော့ လက်နက်ကြီး အသံလည်း သူမကြားရဘူး။ ထိတာက သူ့ ဘယ်ဖက်လက် ထိသွားတယ်။ ညာဖက်လက်ကလည်း လေဖြတ်လို့ မလှုပ်နိုင်ဘူး။ အဲ့တာ လှုပ်ရှားနိုင်တဲ့ ဘယ်ဖက်လက်ကို လက်နက်ကြီးစ ထိသွားတယ်ပေါ့။“

ဒီးမော့ဆိုအရှေ့ဖက်ခြမ်းမှာ လက်နက်ကြီး ၅ လုံးထက်မနည်း ပစ်ခတ်တာတွေရှိတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

ဒါ့အပြင် ဇန်နဝါရီလ ၃ ရက် တစ်ရက်အတွင်းမှာပဲ လွိုင်ကော်မြို့နယ် ဒေါမူကလားကျေးရွာမှာ လက်နက်ကြီးကျရောက်ခဲ့ပြီး ဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

နော်ဒွေးအယ်ခူ ကန္တာရဝတီတိုင်း(မ်) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here