မြိုင်မြို့မရဲစခန်းမှ ရဲတွေကို အရက်တိုက်ပြီး အမျိုးသမီးနှစ်ဦး စစ်လက်နက်ပစ္စည်းတွေ ယူဆောင်

0
215

မကွေးတိုင်း မြိုင်မြို့မရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်သားနှစ်ဦးဟာ ပြည်သူတွေကို အရက်အတင်းအကြပ်တိုက်ခိုင်းတဲ့အတွက် မကြာခဏ အနိုင်ကျင့်ခံနေရတဲ့ အမျိုးသမီးနှစ်ဦးက အရက်ထဲ အဆိပ်ခတ်တိုက်ခဲ့ပြီး သူတို့တွေရဲ့ စစ်လက်နက်ပစ္စည်းတွေ ယူဆောင်အပ်နှံခဲ့ တယ်လို့ မြိုင်ပကဖ တပ်ရင်း (၁) က သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ (၃) ရက်နေ့ ညနေပိုင်းက ရဲတပ်သား မြတ်စိုးကျော်နဲ့ မျိုးမင်းသိန်းတို့ဆီက သေနတ်တစ်လက်အပါအဝင် စစ်လက်နက် ပစ္စည်းတွေကို အပ်ခံခဲ့တာပါ။

ရဲနှစ်ဦးကို တိုက်ခဲ့တဲ့အရက်ကို အမျိုးသမီးတွေပါ သောက်ခဲ့လို့ အဆိပ်သင့်နေတာကြောင့် ဆေးကုသမှုခံယူနေရပြီး လက်ရှိမှာတော့ ကျန်းမာရေးကောင်းမွန်လာပြီဖြစ်လို့ မြိုင် ပကဖ တပ်ရင်း (၁) က စောင့်ရှောက်ထားတယ်လို့ သိရပါတယ်။

သူတို့တွေဆီက G-3 တစ်လက်၊ ကျည်ဘောက်နဲ့ကျည် (၁၇) တောင့်၊ ဖုန်း (၂) လုံး၊ ဓား (၁) ချောင်း သိမ်းဆည်းခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ကို လာရောက်အပ်နှံခဲ့တာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒါ့အပြင် လက်နက်နှစ်လက်နဲ့ ခဲယမ်းအများအပြား ရနိုင်ပေမယ့် အတွေ့အကြုံနည်းပြီး အမျိုးသမီးတွေဖြစ်နေတာကြေင့် သေနတ်တစ်လက်နဲ့ ဆက်စပ်ပစ္စည်း အနည်းငယ်သာ ရရှိခဲ့တာဖြစ်တယ်လို့ သူက ပြောပါသေးတယ်။

အဆိပ်ခတ်ပြီး အရက်တိုက်ခံလိုက်ရတဲ့ ရဲနှစ်ဦးဟာ ပြည်သူတွေကို မကြာခဏ အနိုင်ကျင့်သူတွေဖြစ်တယ်လို့ သိရပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here